backup og meta

ဆောင်းရာသီမှာ နှုတ်ခမ်းတွေ ကွဲအက်လို့ စိတ်ညစ်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီမှာ နှုတ်ခမ်းတွေ ကွဲအက်လို့ စိတ်ညစ်နေပြီလား

    ရာသီအကူးအပြောင်းကာလမှာ နှုတ်ခမ်းသားအတွင်းမှာ ရှိတဲ့ အစိုဓါတ်တော်တော်များများ ဆုံးရှုံးသွားပါတယ်။ ဒီအခါမှာ နှုတ်ခမ်းက ခြောက်သွေ့လာတယ်။ အရောင်မှိန်လာတယ်။ အသားပပ်ပြီး နူးညံ့မှုမရှိတော့ပဲ မာကြမ်းကြမ်းဖြစ်ပြီး ကွဲအက်လာပါတယ်။

    မကြာခဏ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်တဲ့သူတွေ၊ နှုတ်ခမ်းကိုက်တတ်သူတွေ၊ နှုတ်ခမ်းအပေါ်ယံ အရေပြားကို အမြဲတမ်းဖဲ့နေတတ်သူတွေ၊ ရေသောက်နည်းသူတွေ၊ အစာအာဟာရမမျှတသူတွေမှာ နှုတ်ခမ်းကွဲတာ အဖြစ်များပါတယ်။

    ဆောင်းရာသီမှာပဲ နှုတ်ခမ်းအသားပပ်တာ၊ခြောက်တာ၊ ကွဲတာဖြစ်နိုင်တယ်လို့ ထင်ကြပေမယ့် တကယ်ကတော့ ကိုယ့်အသားအရေကိုသေချာဂရုမစိုက်ဘူးဆိုရင် တစ်နှစ်ပတ်လုံး ဘယ်အချိန်မဆိုဖြစ်နိုင်ပါတယ်။

    နှုတ်ခမ်းကွဲတာဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြီးကြီးမားမား မရှိပေမယ့် အလှအပကို တန်ဖိုးထားသူတွေအတွက်တော့ အကြည့်ရဆိုးစေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ထိခိုက်စေနိုင်လောက်တဲ့အထိ စိတ်ညစ်စရာကိစ္စပါပဲ။

    ဒီတော့ အလှပြင်ဖို့ အချိန်သိပ်မပေးလိုတဲ့ အမျိုးသားတွေ၊ အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ပဲ အလွယ်တကူ နှုတ်ခမ်းသားပြုပြင်လို့တဲ့ အမျိုးသမီးတွေအတွက် နည်းလမ်းကောင်းတွေနဲ့ အသုံးဝင်မယ့် ပစ္စည်းလေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။

    ၁။ အောလ်မွန်စေ့အဆီ

    အသားအရေနဲ့ ဆံသားကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ အော်လ်မွန်စေ့ကရတဲ့ အဆီအနှစ်တွေဟာ အရေပြားကို အစိုဓါတ်ထိန်းပေးပြီး အေးမြစေလို့ ဆောင်းရာသီလို နှုတ်ခမ်းခြောက်သွေ့ကွဲအက်တဲ့ ရာသီဥတုအတွက်ဆိုရင်တော့ သုံးလို့ အလွန်သင့်လျော်ပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ A နဲ့ ဗီတာမင် E ပါဝင်လို့ နှုတ်ခမ်းကို နူးညံ့သွားစေတယ်။ ပန်းနုရောင်သမ်းစေပြီး အသားပပ်တာတွေ ပျောက်စေနိုင်ပါတယ်။

    အော်လ်မွန်စေ့အဆီအနှစ် ပါတဲ့ နှုတ်ခမ်းလိမ်းဆေး Lip Balm ကို နှုတ်ခမ်းသားပေါ်မှာ အနည်းငယ်တင်ပြီး အသုံးပြုနိုင်ပါတယ်။

    ၂။ သခွားသီး

    သခွားသီးကို မိန်းကလေးတော်တော်များများက မျက်နှာပေါင်းတင်ဖို့ အသုံးပြုလို့ ရတယ်လို့ သိထားကြပါတယ်။ လူတွေ သတိမထားမိတဲ့အချက်က သခွားသီးကို ခြောက်သွေ့နေတဲ့ နှုတ်ခမ်းအတွက်လည်း အသုံးပြုလို့ ရတယ်ဆိုတာပါပဲ။

    သခွားသီးကို ပါးပါးလေး စိတ်လှီးပြီး နှုတ်ခမ်းပေါ်မှာ ၅မိနစ်ခန့် တင်ထားပေးမယ်ဆိုရင် ရေဓါတ်ပြန်ဖြည့်တင်းပေးနိုင်တဲ့အပြင် အစိုဓါတ်ကိုပါ ထိန်းပေးလို့ နူးညံ့ချောမွေ့သွားစေပါတယ်။

    ၃။ အုန်းဆီ

    ကျွန်တော်တို့ မြန်မာလူမျိုးတွေ အိမ်တိုင်းလိုလိုမှာ အုန်းဆီကို ဆောင်ထားတတ်ပါတယ်။ များသောအားဖြင့် ဆံသားနက်မှောင်တောက်ပစေပြီး ဦးရေပြားကျန်းမာစေတဲ့ အုန်းဆီဟာ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားအတွက်လည်း အကောင်းဆုံး ဆေးတစ်လက်ပါပဲ။

    အသုံးပြုပုံကလည်း လွယ်လွယ်လေးပါပဲ။ လက်ပေါ်မှာ အုန်းဆီအနည်းငယ်ထည့်ပြီး နှုတ်ခမ်းပေါ်ကို သုတ်လိမ်းပေးရုံပါပဲ။ ညလုံးပေါက် ထားထားရင် ပိုကောင်းတဲ့ အာနိသင်ကို ရနိုင်ပါတယ်။

    ၄။ သကြားညိုနဲ့ ပျားရည်

    သကြားညိုဟာ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေပြီး ပျားရည်ကတော့ သဘာဝအတိုင်း အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။ ဒီလို အရေပြားအလှအပအတွက် အကျိုးထူးတဲ့ ပစ္စည်း ၂မျိုးကို ရောစပ်လိုက်တဲ့အခါ နှုတ်ခမ်းအတွက်သာမက တစ်ကိုယ်လုံးမှာ ရှိတဲ့ အရေပြားတွေအတွက် သဘာဝအလှကုန်ပစ္စည်းတွေပါပဲ။

    သကြားညိုနဲ့ ပျားရည်ကို သေချာရောမွှေပြီး နှုတ်ခမ်းသားပေါ် သုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်လောက် ထားပြီးမှ ရေနဲ့ စင်အောင် ဆေးလိုက်ပါ။ နှုတ်ခမ်းသားအရမ်းခြောက်သွေ့နေပြီဆိုရင် သွားပွတ်တံအပျော့ပေါ်မှာ ပျားရည်အနှစ်ကို တင်ပြီး နှုတ်ခမ်းသားကို ဖြည်းညှင်းစွာ ပွတ်တိုက်ပေးပါ။

    ၅။ လက်ဖက်ခြောက်အထုပ်

    ရှေးနှစ်ပေါင်းများစွာက လက်ဆင့်ကမ်း အသုံးပြုလာတဲ့ နည်းလမ်းဖြစ်ပြီး ထိရောက်မှုအရှိဆုံးလို့လည်း လူသိများကြပါတယ်။

    သုံးပြီးသား လက်ဖက်ခြောက်အထုပ်ကို နှုတ်ခမ်းသားပေါ် ၄မိနစ်ခန့် တင်ပေးထားပါ။ နေ့စဉ်ပုံမှန်လုပ်ပေးရုံနဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးတဲ့အပြင် ခြောက်သွေ့ကွဲအက်ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ၆။ သံလွင်ဆီ

    အသားအရေကို သဘာဝအတိုင်း အစိုဓါတ်ထိန်းပေးပြီး နူးညံ့ချောမွေ့သွားစေတဲ့ ဆီကောင်းဆီသန့် ဖြစ်ပါတယ်။

    နှုတ်ခမ်းခြောက်ပြီဆိုရင် သံလွင်ဆီလေး အနည်းငယ်ယူပြီး နှုတ်ခမ်းသားကို သေချာလေး ပွတ်ပေးပါ။ ကိုယ်သောက်မယ့်ရေထဲကို သံလွင်ဆီ ရောမွှေပြီးတော့ သောက်ပေးမယ်ဆိုရင်လည်း အာဟာရဖြစ်စေပြီး ကိုယ်တွင်းကနေ အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement