backup og meta

အသားတွေ ယားနေတယ် ဘာလို့လဲ..............

အသားတွေ ယားနေတယ် ဘာလို့လဲ..............

အသားတွေ ယားနေတယ် ဆိုတိုင်း ဓာတ်မတည့်တာများစားမိလို့လား၊ ဓာတ်မတည့်တာတစ်ခုခုနဲ့များ ထိတွေ့မိလို့လားလို့ အရင်ဆုံးတွေးမိတတ်ကြပါတယ်။ တကယ်ကတာ့ အသားယားတာက ဓာတ်မတည့်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဒီပြဿနာလေးတွေရှိနေရင်လည်း အသားယားတတ်ပါတယ်။ ဘာတွေများဖြစ်မလဲ……

အသားတွေ ယားနေတယ် ဘာလို့များလဲ……

အသားတွေ ယားနေတာက ဒီအချက်တွေကြောင့်ပါ။

(၁) အသား ခြောက်နေလို့အသားခြောက်တာက သင့်ကို အသားယားတာတွေ ဖြစ်စေနိုင်ပါတယ်။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ရေပူနဲ့ချိုးတာများတာကြောင့်ဖြစ်ဖြစ် အသားယားနိုင်ပါတယ်။

ဘယ်လိုသက်သာအောင် လုပ်မလဲ….

ရေချိုးပြီးတိုင်း အသားကို အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။ သွေးထွက်တဲ့အထိ အသားခြောက်ပြီး ကွဲအက်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။

(၂) ပိုးကောင် ကိုက်ခံရတာ – ခြင်ကနေစလို့ ပိုးကောင်တွေကိုက်ခံရတဲ့အခါမျိုးမှာလည်း အသားယားတတ်ပါတယ်။ ခြင်ကိုက်တာကြောင့် အသားယားတာကတော့ ခဏလောက်နဲ့ သက်သာသွားနိုင်ပါတယ်။ တကယ်လို့ ကြမ်းပိုး၊ သန်းစတာတွေကိုက်ရင်တော့ အချိန်တော်တော်ကြာတဲ့အထိ အသားယားနေတာမျိုးဖြစ်နိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ ……..

ပိုးကောင်ကိုက်ရင် လိမ်းလို့ရတဲ့ ဆေးတစ်မျိုးမျိုးလိမ်းပေးလို့ရပါတယ်။ သနပ်ခါးရေကျဲလေးလိမ်းပေးလည်းရပါတယ်။

(၃) အရေပြားကင်ဆာ  – တစ်ခါတလေမှာ အသားတွေယားတာက အရေပြားကင်ဆာရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာဖြစ်တဲ့အခါ အသားအရေကပြောင်းလဲလာတာမျိုးရှိသလို အသားမှာ အစက်အပြောက်တွေထွက်လာတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီအစက်အပြောက်တွေက ယားတာမျိုးရှိနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ…….

အသားအရေမှာ အစက်အပြောက်တွေလည်း ဖြစ်မယ်။ အသားကလည်း ယားမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါ။

(၄) ကိုယ်ဝန်ရှိနေတာ – ကိုယ်ဝန်ဆောင် ၁၀ ဦးမှာ ၂ ဦးလောက်က အသားယားတဲ့ ပြဿနာကို ခံစားကြရပါတယ်။ အရေပြားမှာ အဖုအပိမ့်ထွက်တာကစလို့ ဒီထက့်ပြင်းထန်တဲ့ အခြေအနေမျိုးတွေအထိဖြစ်နိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ….

ရေနွေးဝတ်လေးကပ်ပေးတာ၊ ရေခဲဝတ်လေးကပ်ပေးတာလုပ်ပေးလို့ရပါတယ်။ သိပ်ပြင်းထန်ရင်တော့ ဆရာဝန်နဲ့ ပြပါ။

(၅) အရေပြား ဓာတ်မတည့်မှုဖြစ်တာဓာတ်မတည့်တာတစ်ခုခုကို စားမိတာ၊ ထိမိတာတွေကြောင့်လည်း အသားတွေယားနိုင်ပါတယ်။ အချို့ဆိုရင် အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထတာမျိုးရှိနိုင်ပါတယ်။ အဝတ်စတွေ၊ အလှကုန်တွေကြောင့်လည်း အရေပြားမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ…..

မကုတ်ပါနဲ့။ ရေအေးဝတ်ကပ်ပေးတာ၊ ရေနွေးဝတ်ကပ်ပေးတာလုပ်ပေးလို့ရပါတယ်။ ပြင်းထန်လွန်းရင်တော့ ဆရာဝန်နဲ့ပြသပါ။

(၆) အရေပြားပြဿနာတွေ –  အချို့သော အရေပြားပြဿနာတွေရဲ့ အစောပိုင်းလက္ခဏာတွေမှာလည်း အသားယားတာက တစ်ခုအပါအဝင်ပါ။

  • ပွေး
  • ဝဲ
  • ညှင်း
  • ရေကျောက်
  • နှင်းခူ
  • အင်ပျဉ်
  • ရေယုန်
  • သဲဝဲ
  • ရေဝဲ စတာတွေကြောင့် အသားယားနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ……

အရေပြားပြဿနာက မြန်မြန်သက်သာအောင်လုပ်မှ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်မှာဖြစ်တာကြောင့် ဆရာဝန်နဲ့ သေချာပြသတာက အကောင်းဆုံးဖြစ်မှာပါ။

(၇) ကိုယ်တွင်းရောဂါတွေရဲ့ အစောပိုင်းလက္ခဏာတွေ – တစ်ခါတလေမှာ ခန္ဓာကိုယ်တွင်းမှာ ခံစားနေရတဲ့ ရောဂါတွေရဲ့ လက္ခဏာတစ်ရပ်အနေနဲ့လည်းအသားယားတတ်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ……

အသားတွေယားနေတယ်။ ပြင်ပလက္ခဏာတစ်စုံတရာ မတွေ့ရဘူးဆိုရင် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုကို လုပ်ကြည့်တာက အကောင်းဆုံးဖြစ်မှာပါ။

(၈) အသက် ၆၅ နှစ်အထက်ဖြစ်နေတာ – အသား​ခြောက်တာက သက်ကြီးရွယ်အိုတော်တော်များများမှာဖြစ်တတ်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရေပြားကပိုပါးလာပြီး ရေသောက်နည်းတာကြောင့် အသားခြောက်နိုင်လို့ပါ။

ဘယ်လိုသက်သာအောင်လုပ်မလဲ…….

အသားခြောက်တာက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ရေများများသောက်ပါ။ အသားခြောက်လွန်းတယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ပြောပါရစေ။

(၉) သောက်သုံးနေရတဲ့ ဆေးဝါးတွေသွေးပေါင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ အပါအဝင်အချို့သောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း အသားတွေယားနိုင်ပါတယ်။ ကင်ဆာကုထုံးရဲ့ နောက်ဆက်တွဲအနေနဲ့လည်း အသားတွေယားနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ……..

သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့် အသားယားတာဆိုရင်တော့ အကောင်းဆုံးက ဆေးညွှန်းပေးတဲ့ ဆရာဝန်နဲ့တိုင်ပင်တာပါ။

(၁၀) အာရုံကြော ပြဿနာ – အာရုံ​ကြောက ကေင်းကောင်းမလုပ်ဆောင်နိုင်တဲ့အခါမှာလည်း အသားတွေ ယားနိုင်ပါတယ်။ ရောဂါကြောင့် ဒါမှမဟုတ် ထိခိုက်မှုတစ်ခုခုကြောင့်အာရုံကြောထိခိုက်ပျက်စီးတာတွေဖြစ်နေတဲ့အခါမျိုးမှာလည်း အသားယားတာမျိုးဖြစ်နိုင်ပါတယ်။ အာရုံကြောကြောင့် အသားယားတဲ့အခါ အသားမှာ အနီရောင် အဖုအပိမ့်တွေဖြစ်လာနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ…..

အာရုံကြောတွေနာနေမယ်။ ခြေလက်တွေထုံမယ်၊ အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်နေမယ်ဆိုရင် အကောင်းဆုံးက ဆရာဝန်နဲ့ ပြသဖို့ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Do I Feel So Itchy? https://www.webmd.com/skin-problems-and-treatments/guide/why-so-itchy#3 Accessed Date 27 January 2020

What’s Causing My Skin to Itch? https://www.healthline.com/health/itching Accessed Date 27 January 2020

10 REASONS YOUR SKIN ITCHES UNCONTROLLABLY AND HOW TO GET RELIEF https://www.aad.org/public/everyday-care/itchy-skin/itch-relief/relieve-uncontrollably-itchy-skin Accessed Date 27 January 2020

ယခုပုံစံ

13/07/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ

အအေးဒဏ်ကြောင့် အရေပြားမှာအဖုအပိမ့်တွေ မထအောင်ကာကွယ်မယ်



Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement