backup og meta

ဝှေးစေ့ နဲ့ လိင်အင်္ဂါတစ်ဝိုက် ယားနေတာ စိုးရိမ်စရာရှိလား


Ye Myo Myat မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝှေးစေ့ နဲ့ လိင်အင်္ဂါတစ်ဝိုက် ယားနေတာ စိုးရိမ်စရာရှိလား

    ဝှေးစေ့ ၊ ပေါင်ခြံနဲ့ လိင်အင်္ဂါပတ်လည်မှာ ယားယံနေသလို ခံစားနေရတယ်ဆိုတာ အမျိုးသားတွေမှာ မကြာခဏ တွေ့ရတတ်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ မနက်ခင်း အပြင်ထွက်လမ်းလျှောက်တဲ့အခါ၊ အားကစားလုပ်တဲ့အခါမျိုးမှာ ဝှေးစေ့နဲ့ ပေါင်ခြံတစ်ဝိုက်မှာ ချွေးအလွန်အကျွံ ထွက်တာကြောင့် တစ်ခါတစ်လေ အရေပြား ယားယံသလို ဖြစ်နိုင်ပါတယ်။ ရေပုံမှန်မချိုးတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

    များသောအားဖြင့် ဒီလိုနေရာတွေမှာ ယားယံနေခြင်းဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတဲ့ အမျိုးသားတွေ၊ အဝတ်အစားတွေကို ပုံမှန်မလျှော်ဖွပ်ဘဲ ဝတ်ပြီးသားအဝတ် နောက်နေ့ပြန်ဝတ်တတ်တဲ့ အကျင့်ရှိသူတွေမှာ ဖြစ်တာ များပါတယ်။

    ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ ကိစ္စမဟုတ်ပေမယ့် ယားနေတာ ကြာလာပြီဆိုရင်တော့ ကျန်းမာရေးနဲ့ အရေပြားမှာ ပြဿနာရှိနေတာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို သံသယဝင်နေပြီ ဒါမှမဟုတ် ရေဘယ်လောက်ချိုးချိုး ယားတဲ့ ဝေဒနာ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

    လိင်အင်္ဂါနဲ့ ဝှေးစေ့ တစ်ဝိုက်ကို ယားယံစေတဲ့ အကြောင်းရင်းတွေ

    ဖြစ်တဲ့အကြောင်းရင်းနဲ့ ရောဂါအရင်းအမြစ်ပေါ် မူတည်ပြီး ပျောက်ကင်းသက်သာဖို့ အချိန်မြန်နိုင်သလို ကြာတာလည်း ရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ လိင်အင်္ဂါတစ်ဝိုက် အရေပြားက အချိန်အကြာကြီး ယားယံနေတယ်လို့ ခံစားနေရတယ် ဒါမှမဟုတ် အောက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး သောက်ဆေး၊ လိမ်းဆေး မှန်မှန်မှီဝဲပြီး ကုသမှုခံယူဖို့ အကြံပေးချင်ပါတယ်။

    ၁။ အားကစား အလွန်အကျွံလုပ်မိခြင်း

    အားကစား၊ လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်မှာ ပေါင်ခြံတစ်ဝိုက်မှာ ချွေးအလွန်အကျွံ ထွက်ပါတယ်။ ဒါဟာ ပြဿနာမဟုတ်ပေမယ့် လေ့ကျင့်ခန်းလုပ်တာ ကြာလွန်းတဲ့အခါမှာ အရေပြား ယားယံတာ၊ ပွန်းပဲ့တာ၊ အသားအရေကြမ်းတမ်းတာအပြင် အသားလန်ပြီး သွေးထွက်သည်အထိ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ ဝှေးစေ့ အရေပြားက နီရဲနေတာ၊ အနီကွက် ဖြစ်နေတာ၊ ပွန်းပဲ့ရာ၊ ဒဏ်ရာလို ဖြစ်နေတာ၊ ထိလိုက်တဲ့အခါ အရေပြားက ပျော့တွဲတွဲ ဖြစ်နေပြီဆိုရင် အရေပြားကို ထိခိုက်မိတယ်ဆိုတာ သိနိုင်ပါတယ်။

    ဝှေးစေ့ နဲ့ လိင်အင်္ဂါတစ်ဝိုက် ယားနေတာ စိုးရိမ်စရာရှိလား

    ၂။ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါ

    ပူနွေးပြီး စိုစွတ်တဲ့ နေရာတွေမှာ အဖြစ်များပြီး တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် မှိုရောဂါပိုး ကူးစက်နိုင်ပါတယ်။ မိန်းမကိုယ် မှိုစွဲနေတဲ့ အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံရာမှလည်း ကူးစက်နိုင်ပါတယ်။

    နောက်ထပ်အဖြစ်များတဲ့ မှိုရောဂါတစ်မျိုးကတော့ ပေါင်ခြံပွေးပေါက်တာပါပဲ။ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတဲ့အခါ၊ ဝတ်ပြီးသား အတွင်းခံဘောင်းဘီတွေ၊ ချွေးတွေ စိုရွှဲနေတဲ့ အဝတ်အထည်တွေကို ပြန်ဝတ်တဲ့အခါ၊ ရောဂါပိုးရှိသူရဲ့ အဝတ်အစားကို ယူပြီး ဝတ်တဲ့အခါ ကူးစက်နိုင်ပါတယ်။

    ဆီးသွားတဲ့အချိန်မှာ နာကျင်မှုခံစားရတာ၊ လိင်အင်္ဂါနဲ့ ဝှေးစေ့ပတ်လည်မှာ ပူစပ်ပူလောင် ဖြစ်နေတာ၊ ရောင်နေတာ၊ အနီရောင်အကွက် ဖြစ်နေတာ၊ ပုံမှန်မဟုတ်တဲ့ အနံ့အသက်တွေ ထွက်နေတာ၊ အသားခြောက်ပြီး အဖတ်ကွာနေတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ လိုအပ်ပါပြီ။

    ၃။ လိင်အင်္ဂါရေယုန်

    အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ၊ ရောဂါပိုးကူးစက်ခံထားရတဲ့ အရေပြားနဲ့ ထိတွေ့မိရာမှ လိင်အင်္ဂါရေယုန် ကူးစက်နိုင်ပါတယ်။ ရေယုန်ပေါက်တဲ့အခါ အလွန်အမင်း ယားယံတာအပြင် နုံးပြီး ဖျားချင်သလို ဖြစ်တာ၊ ပူစပ်ပူလောင်ဖြစ်ပြီး ယားယံနေသလို ခံစားရတာ၊ လိင်အင်္ဂါ တစ်ဝိုက်မှာ ဖောင်းကြွပြီး ပေါက်သွားနိုင်တဲ့ အရည်ကြည်ဖုတွေ ထွက်လာတာ၊ ဆီးသွားနေစဉ် နာကျင်တာ ခံစားရနိုင်ပါတယ်။

    ၄။ ဆီးပူညောင်းကျ ရောဂါ

    ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါဖြစ်ပြီး လိင်အင်္ဂါအပြင် ပါးစပ်၊ လည်ချောင်းနဲ့ စအိုဝကိုပါ ကူးစက်နိုင်ပါတယ်။ အများဆုံး ကူးစက်ရတဲ့ အကြောင်းရင်းကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာကြောင့်ပဲ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရတဲ့အခါ ဝှေးစေ့က ယားယံတာ၊ ရောင်နေတာ၊ ဆီးသွားနေစဉ် နာကျင်မှု၊ ပူလောင်မှု ဖြစ်တာ၊ လိင်အင်္ဂါကနေ ပုံမှန်မဟုတ်တဲ့ အရောင် (စိမ်းဖန့်ရောင်၊ အဝါရောင်၊ အဖြူရောင်) ပြည်တွေ ထွက်လာတာ၊ ဝှေးစေ့ တစ်လုံးတည်း နာကျင်မှု ဝေဒနာ ခံစားရတဲ့ လက္ခဏာ တွေ့ရပါတယ်။

    ၅။ လိင်အင်္ဂါ ကြွက်နို့

    HPV ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတဲ့ ရောဂါဖြစ်ပြီး အရွယ်အစား အလွန်သေးငယ်တာကြောင့် ရှိနေမှန်းမသိတာလည်း ဖြစ်နိုင်ပါတယ်။ နဂိုအသားအရောင်အတိုင်း မဟုတ်တဲ့ အဖုတွေ ပေါက်ပြီး ယားယံနိုင်တာလည်း ရှိသလို မယားတာလည်း ဖြစ်နိုင်ပါတယ်။ အဖုတွေ တစ်စုတစ်ဝေးတည်း ပေါက်နေတဲ့အခါ ပန်းဂေါ်ဖီ ပုံသဏ္ဍာန် တွေ့ရနိုင်ပါတယ်။ ပေါင်ခြံနဲ့ ဝေးရာ နေရာ သို့မဟုတ် ဝှေးစေ့ပေါ်မှာ ပေါက်တတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ ပေါက်နေတဲ့ နေရာမှာ ရောင်ရမ်းနေတာ၊ လိင်ဆက်ဆံနေစဉ် သွေးထွက်တာမျိုး ရှိနိုင်ပါတယ်။

    ဝှေးစေ့ နဲ့ လိင်အင်္ဂါတစ်ဝိုက် ယားနေတာ စိုးရိမ်စရာရှိလား

    ၆။ Chlamydia ရောဂါ

    အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ၊ ပါးစပ်၊ မိန်းမကိုယ်၊ စအိုဝကို ထိုးသွင်းဆက်ဆံတဲ့အခါမှာ ဘက်တီးရီးယားပိုး ပျံ့နှံ့ပြီး ကူးစက်နိုင်ပါတယ်။ ရောဂါပိုး ကူးစက်ခံရပြီးနောက် ဝှေးစေ့ဟာ ယားယံမယ်၊ ရောင်နေမယ်၊ ပုံမှန်အားဖြင့် ဝှေးစေ့ တစ်လုံးတည်းမှာ နာကျင်ပြီး ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။ ပုံမှန်အရောင်မဟုတ်တဲ့ ပြည်တွေ လိင်အင်္ဂါကနေ ထွက်လာတဲ့အခါ၊ ဆီးသွားနေစဉ် ပူစပ်ပူလောင် ဖြစ်တဲ့အခါ၊ စအိုဝကနေ ပြည်ယိုထွက်တဲ့အခါ၊ စအိုတစ်ဝိုက်မှာ နာကျင်နေတာ၊ သွေးထွက်နေတာဆိုရင် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။

    ၇။ ဆီးခုံမွေး သန်း

    သန်းဆိုတာ ခေါင်းမှာသာ ရှိနေနိုင်တာ မဟုတ်ပါဘူး။ ဆီးခုံမွေးလို အမြဲချွေးထွက်နေပြီး စိုစွတ်နေတဲ့ နေရာမှာလည်း သန်း တွယ်နိုင်ပါတယ်။ တခြားသော သန်းကောင်တွေလိုပဲ အရေပြားပေါ်မှာ ကပ်ငြိနေပြီး သွေးကို စုပ်ပါတယ်။ ပျံလို့၊ ခုန်လို့ မရတာကြောင့် ကူးစက်ဖို့ မလွယ်ကူပေမယ့် သန်းရှိတဲ့သူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိတွေ့ကိုင်တွေ့မိရာကနေ ကူးစက်နိုင်ပါတယ်။ ကျန်းမာရေးအရ ရောဂါမဟုတ်ပေမယ့် ဆီးခုံမွေးကြားမှာ အမြဲသွားလာနေတာကြောင့် အလွန်အမင်း ယားယံတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။

    ၈။ ဝဲခြောက်၊ ယားနာ

    ဝဲခြောက်ဖြစ်နေတဲ့ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့မိရာကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရပြီးနောက် လက္ခဏာပြဖို့ ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ယားယံတာ၊ အနီကွက်၊ အင်ပြင်ထတဲ့ လက္ခဏာတွေ တွေ့ရတတ်ပြီး ညဘက်တွေမှာ ယားနာမှုဝေဒနာ ပိုပြင်းထန်တတ်ပါတယ်။

    ဒီလက္ခဏာတွေကို တွေ့ရပြီဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။ ရောဂါမပျောက်သေးခင် အချိန်ထိ လိင်အပျော်အပါးကို ခဏ ရပ်ထားပေးပါ။ မဟုတ်ရင်လည်း အကာအကွယ်သုံးပြီး လိင်ဆက်ဆံပါ။ တစ်ပါးသူရဲ့ အဝတ်အစား၊ အသုံးအဆောင်တွေ ဝတ်ဆင်တာကို ရှောင်ကြဉ်ပေးပါ။ ဆရာဝန်ပေးထားတဲ့ သောက်ဆေး၊ လိမ်းဆေးကို အမြစ်ပြတ်ပျောက်ကင်းသည်အထိ အချိန်မှန်သောက်ပေး၊ လိမ်းပေးဖို့ အရေးကြီးပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement