အသင့်စား အစားအစာတွေကို ရှောင်ပါ – ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အသီးအနှံတွေကို များများစားပေးတာက ခုခံအားစနစ်ကို အကျိုးပြုစေမှာပါ။ အသင့်စားထုတ်ကုန်တွေ၊ ဖျော်ရည်ယာမကာတွေ၊ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေက သင့်ခုခံအားစနစ်ကိုသာမက ကိုယ်တွင်းက အခြားအရာတွေကိုပါ ဒုက္ခပေးနိုင်တာ လူတိုင်းသိနေတဲ့ အရာတစ်ခုပါ။
လက်ကိုသေချာဆေးပါ – တစ်နေ့တာ လှုပ်ရှားမှုတွေထဲမှာ လက်ကပဲ အခြားအရာတွေ နဲ့ အများဆုံး ထိတွေ့ကိုင်တွယ်ရတဲ့ အတွက် ပိုးမွှားမျိုးစုံကပ်နေနိုင်ပါတယ်။ အစာစားရင်လည်း ဒီလက်ကပဲစားရတာဖြစ်တဲ့ အတွက်ကြောင့် လက်ကို သေချာဆေးကြောဖို့ အလွန်အရေးကြီးပါတယ်။ ခုခံအားကောင်းတဲ့သူရော၊ ခုခံအားနည်းတဲ့သူရော အစာမစားခင် နဲ့ အိမ်သာတက်ပြီးချိန်သာမက ကိုယ့်စိတ်ထဲက ညစ်ပတ်တယ်၊ ပိုးတွေ ရှိနေနိုင်တယ်လို့ ထင်ရတဲ့ ပစ္စည်းတွေကို ကိုင်ပြီးတိုင်း လက်ဆေးသင့်ပါတယ်။ လက်ဆေးဖို့ အတွက် ရေနဲ့ဆပ်ပြာ အလွယ်တကူမရနိုင်ဘူးဆိုရင် ရေမလို လက်သန့်ဆေးရည်ကိုဆောင်ထားပါ။
လူထူထပ်တဲ့နေရာတွေကိုရှောင်ပါ – ခုခံအားနည်းနေတဲ့ သူတစ်ယောက်အနေနဲ့ တစ်ယောက်တည်း အထီးကျန်ပြီး နေရမယ်လို့ မဆိုလိုပါဘူး။ လူထူတဲ့ နေရာတွေမှာ ပိုးမွှားပေါင်းစုံ ရှိနေတတ်ပြီး ဘယ်သူ့ဆီကိုဝင်ရင် ကောင်းမလဲဆိုတာ ချောင်းနေကြတာကြောင့် ခုခံအားနည်းတဲ့သူတစ်ယောက်အနေနဲ့ လူထူတဲ့နေရာမျိုးတွေကို မသွားသင့်ပါဘူး။ မလွှဲသာလို့ သွားရမယ်ဆိုရင်တောင် နှာခေါင်းစည်းတွေ တပ်သွားဖို့ မမေ့ပါနဲ့။
ဖျားနေတဲ့သူတစ်ယောက်နဲ့ နီးနီးကပ်ကပ်စကားမပြောပါနဲ့ – တုပ်ကွေးဆိုတာ လေကနေတစ်ဆင့် ကူးစက်တတ်တဲ့ အတွက် တုပ်ကွေးဖြစ်နေတဲ့ သူတစ်ယောက်နဲ့ နီးနီးကပ်ကပ်စကားပြောလိုက်မိရင် သူ့ဆီက တုပ်ကွေးက ခုခံအားနည်းတဲ့သူဆီကိုဆို အလွယ်တကူပဲဝင်ရောက်နိုင်လို့ပါ။ အိမ်သားတွေထဲက နှာစေး ချောင်းဆိုးဖြစ်နေတဲ့သူရှိရင်လည်း လက်ကိုင်ပဝါသုံးဖို့ သတိပေးပါ။
စိတ်ဖိစီးမှုကနေ တတ်နိုင်သမျှ ဝေးအောင်နေပါ – စိတ်ဖိစီးတယ်ဆိုတာ ကိုယ်တွင်းခုခံအားစနစ်ကို ထိပ်ဆုံးကနေ ဒုက္ခပေးနေတဲ့ အရာတစ်ခုပါ။ စိတ်ထောင်းကိုယ်ကြေ ဆိုတဲ့ စကားကလည်း ရှိသေးတယ်မလား။ လေ့ကျင့်ခန်းတွေ လုပ်ပေးတာကလည်း စိတ်ဖိစီးမှုကို သက်သာစေတဲ့ အပြင် ခုခံအားစနစ်ကိုပါ အားကောင်းစေမှာပါ။
အိပ်ချိန်ပြည့်ဝအောင်အိပ်ပါ – လူတွေလိုပဲ ခုခံအား စနစ်ကလည်း အနားယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ပြည့်အောင်အိပ်မှ ခုခံအားစနစ်လည်းအားရှိ အပြင်က ပိုးတွေလည်း မဝင်နိုင်တော့ဘူးပေ့ါ။
အိမ်တွင်း သန့်ရှင်းရေးတွေလုပ်ပါ – လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ ဖွင့်ထားတာမျိုး၊ လူအများသုံးတဲ့ ရေချိုးခန်း၊ အိမ်သာ၊ လက်ဆေးဘေစင်တွေကို ပိုးသတ်ပြီး သန့်ရှင်းတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။
ခုခံအားစနစ်ကို အားနည်းစေတဲ့ အချက်တွေကို သိထားပြီး ကိုယ့်မှာလည်း အဲ့ဒီ အလေ့အကျင့်တွေ ရှိနေခဲ့ရင် အမြန်ဆုံးပျောက်အောင်လုပ်သင့်ပါတယ်။ သင်ခဏခဏဖျားနေပြီဆို ခုခံအားနည်းနေပြီလို့ ပြောလို့ရတဲ့အတွက် ခုပြောခဲ့တာလေးတွေလိုက်နာပြီး နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။ ။