နောက်ပိုင်း တိုးတက်လာတဲ့အခါကျတော့ ဆေးတွေကို တစ်ခါတည်း ပေါင်းပြီးသားတွေ ရှိလာပါတယ်။ လေပြွန်ကျယ်ဆေးနဲ့ စတီးရွိုက်ပေါင်းထားတာ၊ ရေတိုခံ လေပြွန်ကျယ်ဆေးနဲ့ ရေရှည်ခံ လေပြွန်ခံဆေး ပေါင်းထားတာ စသဖြင့် လူနာအတွက် ပိုအဆင်ပြေလာပါတယ်။
ရောဂါက ထိန်းရခက်တယ်ဆိုရင်တော့ စတီးရွိုက်သောက်ဆေးကို ရက်တို ၄-၅ရက်လောက် ပေးပြီး ကုသပါတယ်။ ရေရှည်ကျတော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ သွေးတွင်းသကြားဓာတ်တက်တာ၊ မျက်စိတိမ်စွဲတာ၊ အရိုးပါးတာတွေ ဖြစ်တတ်လို့ပါ။
Phosphodiesterase-4 inhibitors ဆိုတဲ့ ဆေးကတော့ လေပြွန်တွေရောင်ရမ်းတာကို သက်သာစေပြီး လေပြွန်ကျယ်စေပါတယ်။ Theophyllineဆိုတဲ့ ဆေးကတော့ ဆေးလည်းသက်သာပြီး COPDကို ပိုဆိုးမလာအောင် တားဆီးပေးပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ ရင်တုန်တတ်ပါတယ်။
အဆုတ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း
ဒါကတော့ ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်ပညာရှင်တွေ၊ အာဟာရဆရာဝန်နဲ့ သူနာပြုတွေပါဝင်တဲ့ အစီအစဉ်လေးတစ်ခုပေါ့။ ဘာတွေသင်ပေးမှာလဲဆိုတော့
-သင့်ရောဂါအခြေအနေနဲ့ လိုက်ဖက်တဲ့ လေ့ကျင့်ခန်းတွေ (ဥပမာ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ) ကို ဘယ်လိုလုပ်ကြမလဲ။
-သင့်ရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်တွေရယ်
-အာဟာရဆိုင်ရာ အကြံပေးချက်တွေရယ်
-စိတ်ပိုင်းဆိုင်ရာ အားပေးတာတွေရယ်ပါဝင်ပါတယ်။
ဒီအစီအစဉ်လေးက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာ လူနာတွေက ကိုယ့်ရောဂါကို ပိုနားလည်ပြီး ဂရုစိုက်တတ်သွားလို့ ခဏခဏရောဂါဖောက်ပြီး ဆေးရုံတက်ရတာ နည်းသွားသလို နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်လာနိုင်ပါတယ်တဲ့။
အောက်ဆီဂျင်ကုထုံး
- အိမ်တွင်းအောက်ဆီဂျင်ကုထုံး (Long term oxygen therapy)
COPDလူနာတွေက သွေးထဲမှာ အောက်ဆီဂျင် နည်းနေတဲ့အတွက် ဆရာဝန်တွေက အိမ်မှာ အောက်ဆီဂျင်ရှူဖို့ အကြံပေးနိုင်ပါတယ်။ အိမ်မှာ အောက်ဆီဂျင်အိုးလေးနဲ့ နှာခေါင်းပိုက် ဒါမှမဟုတ် နှာခေါင်းစည်းနဲ့ ရှူရမှာပါ။
ဒီလိုလေး ရှူနေမှပဲ သွေးထဲမှာ အောက်ဆီဂျင်က အန္တရာယ်ဖြစ်လောက်အောင် နည်းမနေမှာပါ။ COPDလူနာတွေက အောက်ဆီဂျင်ပမာဏ နည်းနည်းနဲ့ အသားကျပြီးသား ဖြစ်တဲ့အတွက် အောက်ဆီဂျင် ပမာဏ အများကြီး ပေးလိုက်လို့ မဖြစ်ပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။ ဆရာဝန်ညွှန်ကြားထားသလောက်ပဲ ပေးရပါမယ်။
တစ်နေ့ကို ၁၆နာရီလောက် အနည်းဆုံးရှူရပါတယ်။ အိမ်ထဲမှာဆိုရင်တော့ အိုးနဲ့ သွားလို့ရပေမယ့် အပြင်သွားမယ်ဆိုရင်တော့ သယ်သွားလို့ရတဲ့ အမျိုးအစား Portable ကို သုံးလို့ရပါတယ်။
နောက်ထပ်အရေးကြီးတာက အိမ်မှာ အောက်ဆီဂျင်ရှူမယ်ဆိုရင် ဆေးလိပ်မဖြစ်မနေဖြတ်ရပါမယ်။ မီးလောင်လွယ်လို့ပါ။ ဒါကြောင့် ဆောင်းပါးအစမှာတည်းက ဆေးမကုခင်မှာ ဆေးလိပ်ဖြတ်ဖို့ လိုတယ်လို့ ပြောခဲ့တာပါ။
- Ambulatory oxygen therapy
ဒါကတော့ လိုမှ ရှူရတာပေါ့။ လှုပ်လှုပ်ရှားရှားလုပ်မယ်၊ အောက်ဆီဂျင်ပိုလိုနိုင်တယ်လို့ ယူဆတဲ့အခါ ရှူနိုင်ပါတယ်။ တချို့လူတွေက ဒီတိုင်းဆို မသိသာပေမယ့် လေ့ကျင့်ခန်း လုပ်တဲ့အခါ သွေးထဲမှာ အောက်ဆီဂျင်ကျလာပါတယ်။ ဒါကြောင့် အိမ်တွင်းအောက်ဆီဂျင်ကုထုံးထက်စာရင် Ambulatory oxygen therapyက ပိုပြီး အဆင်ပြေပါတယ်။
- အသက်ရှူစက်နဲ့ ရှူတာ Non-invasive ventilation (NIV)
ဒါကတော့ ရောဂါဖောက်လို့ ဆေးရုံတက်ရတဲ့အခါ ရှူရတာမျိုးပါ။ ရိုးရိုး အောက်ဆီဂျင်ရှူတာနဲ့ ဆင်တူပါတယ်။ အသက်ရှူရပိုလွယ်စေပါတယ်။
ခွဲစိတ်နည်း
ခွဲစိတ်နည်းက အဓိကအားဖြင့် ၃နည်းရှိပါတယ်။
- မကောင်းတဲ့အဆုတ်ကို ဖယ်ထုတ်တာ
အဆုတ်ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ခွဲစိတ်ပြီး ဖယ်ထုတ်လိုက်တဲ့အတွက် တခြားကောင်းတဲ့အစိတ်အပိုင်းတွေအတွက် နေရာပိုရသွားသလို အသက်ရှူတဲ့အခါ ကောင်းကောင်းကျုံ့ဆန့်နိုင်ပါတယ်။
- ပျက်စီးနေတဲ့ လေအိတ်တွေကို ဖယ်ထုတ်တာ
ပျက်စီးနေတဲ့ လေအိတ်တွေ ပေါင်းသွားတဲ့အခါ လေအိတ်ကြီးဖြစ်သွားပါတယ်။ ဒီလေအိတ်ကို ဖယ်ထုတ်လိုက်ခြင်းကြောင့် အသက်ရှူရပိုကောင်းသွားပါတယ်။
ဒါကတော့ ပျက်စီးနေတဲ့ အဆုတ်ကို ဖယ်ထုတ်ပြီး သူများအဆုတ်ကို ပြန်အစားထိုးတာပါ။
အခြားနည်းလမ်းများ
အခြားနည်းလမ်းတွေကတော့ တစ်ခါတလေ ချောင်းဆိုး ချွဲထရင် ချောင်းဆိုးပျောက်ဆေးတို့၊ ချွဲပျော်ဆေးတို့ ပေးတာမျိုး၊ အဆုတ်ပိုးဝင်ပြီး ဖျားတဲ့အခါ ပိုးသတ်ဆေး ပေးတာမျိုးတို့ ရှိပါတယ်။
နာတာရှည် လေပြွန်ကျဉ်း ရောဂါက တစ်ခါတစ်ခါ ထဖောက်တတ်ပါတယ်။ ဒီလိုထဖောက်လာရင်တော့ အိမ်မှာ မနေဘဲ နီးရာဆေးရုံကို သွားပြဖို့ အကြံပေးပါရစေ။ ဒီလိုမှမဟုတ်ရင် အဆုတ်လုံးဝပျက်စီးသွားတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။