13 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
အခုဆိုရင်တော့ 13 ပတ် တောင် ရှိနေပြီနော်။ သန္ဓေသားလေးကဆိုရင်လည်း ခေါင်းအစ ခြေအဆုံး ၇ စင်တီမီတာလောက် ရှိနေပါပြီ။
ဒီအပတ်မှာ သန္ဓေသားလေးက အပြောင်းအလဲတွေ များလာပါပြီ။ ချက်ကြိုးက ကလေးရဲ့ အစာအိမ်ဆီ ရွေ့လာပါတယ်။ ဒီချက်ကြိုးကပဲ အချင်းကို သွားတွယ်ပြီး ကလေးအတွက် လိုအပ်သမျှကို အထောက်အပံ့ပေးပါတယ်။ အချင်းက အခုချိန်မှာ ၃၀ ဂရမ်လောက်ရှိပေမယ့် ၉၀၀ ဂရမ်လောက်ဖြစ်တဲ့အထိ ဆက်ကြီးလာမှာပါနော်။ အသံအိတ်လေးလည်း စပေါ်လာပြီ။ အခုချိန်မှာ ဘာသံမှမကြားနိုင်သေးပေမယ့် မွေးလာတာနဲ့ အသံလေးကြားရတော့မှာပါနော်။ ပါးစပ်ထဲကို လက်ထည့်လို့လည်း ရနေပြီနော်။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
ကိုယ်ဝန်ရှိကြောင်းပြတဲ့ လက္ခဏာတွေက အခုဆိုရင် တဖြည်းဖြည်းပျောက်လာပါပြီ။ အားတွေ တဖြည်းဖြည်းပြန်ပြည့်လာပြီး အရင်တုန်းကလို ပုံမှန်ပြန်ဖြစ်လာမှာပါ။ မူးပြီး ပင်ပန်းနေသေးရင် နားနားနေနေ နေလိုက်ပါ။ လာမယ့်အပတ်ကျကောင်း သွားမှာပါ။
ဒါပေမယ့် ဒီအပတ်တွေမှာ မိန်းမကိုယ်က အချွဲဆင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ အရည်ကျဲပြီး အနံ့မရှိတဲ့အဖြူမျိုး ဆင်းပါလိမ့်မယ်။ လန့်မသွားပါနဲ့။ ဒါက ပုံမှန်ဖြစ်ပြီး အီစထရိုဂျင်ဆိုတဲ့ နောက်ထပ်ဟော်မုန်းတစ်မျိုးကြောင့်ပါ။ ဆီးခုံတဝိုက် သွေးလည်ပတ်နှုန်းကောင်းလာလေ မွေးလမ်းကြောင်းကို ရောဂါပိုးမဝင်အောင် အချွဲတွေ များများထုတ်လေပါ။ အချွဲက အရောင်ပါပြီး အနံ့ပါရလာရင်တော့ ဆရာဝန်ကို ချက်ချင်း ပြောကြပါနော်။ ရောဂါဖြစ်နိုင်လို့ပါ။
13 ပတ် မြောက်မှာသိသင့်သိထိုက်တာလေးတွေ
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ကိုလည်း သိချင်နေမှာပေါ့။ လေ့ကျင့်ခန်းအသစ် စမလုပ်ခင် သိထားသင့်တာလေးတွေကို ပြောပြမယ်နော်။
- လေ့ကျင်ခန်းလုပ်တဲ့အခါမှာ အားသုံးတဲ့ပမာဏကို သတ်မှတ်ထားပါ။ လေ့ကျင့်ခန်းလုပ်ရင်း စကားပြောနိုင်တာ၊ အသက်ရှူလို့ရနိုင်တဲ့ ပြင်းအားမျိုးလောက်ပဲ လုပ်သင့်ပါတယ်၊၊ ဟောဟဲဆိုက်နေတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးကိုတော့ ရှောင်သင့်ပါတယ်၊၊
- သိပ်ပြီးမပြင်းထန်တဲ့ လေ့ကျင်ခန်းမျိုးရွေးလုပ်ပါ။ လုပ်ရင်းနဲ့ အသက်ရှူမဝတာ၊ မောဟိုက်တာ၊ မူးဝေလာတာ တွေခံစားလာရပြီဆို နားလိုက်ကြပါနော်။
- ကိုယ်ဝန်အပြောင်းအလဲကို လိုက်ပြီး လေ့ကျင့်ခန်းကိုလည်း အပြောင်းအလဲလေးတွေ လုပ်သွားပေးပါ။ ကလေးလေးက မိခင်ကိုယ်ထဲမှာ တဖြည်းဖြည်း အလေးချိန်တွေပိုလာမယ်ဆိုတာ မမေ့ပါနဲ့။ ထိခိုက်တာတွေမဖြစ်အောင် ခန္ဓာကိုယ်က လက်ခံနိုင်သလောက်ပဲ လုပ်ကြပေ့ါနော်။
- ခန္ဓာကိုယ်ရဲ့အပြောင်းအလဲတွေကို သတိထားပေးပါ။ နာကျင်မောပန်းစေတဲ့ ဘယ်လေ့ကျင့်ခန်းမျိုးမဆို ဆက်မလုပ်ကြနဲ့နော်။
ဆရာဝန်ဆီ သွားပြရအောင်
ဆရာဝန်နဲ့ ဘာတွေ တိုင်ပင်ကြမလဲ
အသက်ရှူရခက်လာရင်လည်း ဆရာဝန်ကို ပြောပြကြပါနော်။ ကိုယ်ဝန်အလေးချိန်ကြောင့် အလုပ်မှာ၊ အိမ်မှာ အလုပ်လုပ်တဲ့အခါမျိုး၊ လှေကားတက်တဲ့အခါမျိုးဆို ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိနစ်ပိုင်းလောက်ပဲဖြစ်ပြီး အလိုလိုသက်သာသွားကြပါတယ်၊၊ အသက်ရှူကျပ်တာပိုဆိုးလာပြီး ရင်ဘတ်ပါအောင့်လာရင် ဆရာဝန်ကို အကြောင်းကြားပြီး အရေးပေါ်ကုသမှုတွေ ခံယူရမှာပါနော်။ အသက်မရှူနိုင်ရင် သွေးထဲကို အောက်ဆီဂျင်ရောက်တာနည်းသွားပြီး ကလေးဆီကိုလည်း အောက်ဆီဂျင်ပြတ်လပ်စေနိုင်ပါတယ်။
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်
ဆရာဝန်ဆီသွားပြတဲ့အခါ ဆရာဝန်က ပုံမှန်စမ်းသပ်စစ်ဆေးတာ တွေလုပ်ပါမယ်။
- ကိုယ်အလေးချိန်နဲ့ သွေးဖိအားတိုင်းခြင်း
- ဆီးကနေ သကြားနဲ့ ပရိုတိန်းပမာဏစစ်ခြင်း
- သန္ဓေသား နှလုံးခုန်နှုန်းစမ်းခြင်း
- ပြင်ပကနေပြီး သားအိမ်အရွယ်အစားတိုင်းခြင်း
- သားအိမ်အောက်ပိုင်းရဲ့အရှည် တိုင်းတာခြင်း
- ခြေလက်ဖောမဖော၊ သွေးကြောထုံးတွေ ရှိမရှိစစ်ဆေးခြင်း။
အဆင်မပြေတဲ့ တခြားလက္ခဏာတွေရှိရင်လည်း ဆရာဝန်ကို ပြောပါ။ ဆရာဝန်ဆီမသွားခင် မေးစရာသိချင်တာတွေကို စာရင်းလုပ်ထားတာလည်း အကြံကောင်းပါပဲနော်။
ကျန်းမာဘေးကင်းအောင် နေကြမယ်
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
လေ့ကျင့်ခန်းလုပ်ရင် ဘေးကင်းဖို့ကို အဓိကထားကြပါ။ နှလုံးကျန်းမာရေးအတွက် ကောင်းစေပေမယ့် တစ်မိနစ်ကို နှလုံးခုန်နှုန်း အကြိမ်ရေ၁၄၀ကျော်လာရင်တော့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းပြင်းအားသိဖို့ဆို ခန္ဓာကိုယ်က အချက်ပြတာကို သတိထားတာ အကောင်းဆုံးပါပဲ။
ချွေးထွက်စေတာကောင်းပေမယ့် လုပ်နေတုန်း အသက်ရှူဖို့ စကားပြောဖို့ခက်လာရင် ရပ်လိုက်ရအောင်။ သိပ်မပြင်းတဲ့ ရေကူး၊ လမ်းလျှောက်တာတွေလောက်ပဲ လုပ်ကြရအောင်။ ကြားမှာလည်း နားပေးကြနော်။ ဒါမှ ကလေးလေးကိုရော၊ မေမေတို့ကိုရော ထိခိုက်မှု ကြီးကြီးမားမားမဖြစ်မှာပါနော်။
နောက်တစ်ပတ်မှာရော ကလေးလေးက ဘယ်လိုကြီးထွားလာမှာလဲ။
ရေးသားသူ- Hmwe San Eain
[embed-health-tool-pregnancy-weight-gain]