မေမေတွေအနေနဲ့ စိတ်နဲ့ခန္ဓာကို ဆယ်မိနစ်အတွင်း ဘယ်လိုဖြေလျှော့မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 31, 2020 . 2 mins read
Share now

ကလေးကို ဂရုစိုက်ရ၊ ထိန်းကျောင်းရ၊ အိမ်မှုကိစ္စတွေလုပ်ရ၊ အိမ်ထောင့်ရေးရာတွေကို စီမံရနဲ့ အမေတစ်ယောက်ဖြစ်ရတာ၊ အိမ်ရှင်မတစ်ယောက် လုပ်ရတာ တကယ်ကို မလွယ်ကူပါဘူး။ သင့်အနေနဲ့ ကလေးနဲ့ လင်သားကို ဦးစားပေးနေရတာနဲ့ပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့တောင် အချိန်ပေးဖြစ်ရဲ့လား၊တွေးမိရဲ့လား။

ဒါဆိုရင်တော့ အခုအချိန်ကစပြီး သင့်ကိုယ်သင် ဂရုစိုက်ပါ။ အချိန်ပေးပြီး စိတ်လက်ဖြေလျှော့ပါ။ အချိန်လည်း အများကြီးပေးဖို့ မလိုပါဘူးနော်။ အလုပ်များတဲ့ မေမေတွေအတွက် စိတ်နဲ့ခန္ဓာကို ဆယ်မိနစ်အတွင်း ဘယ်လိုဖြေလျှော့မလဲဆိုတာနဲ့ ပတ်သက်ပြီး အသုံးဝင်မယ့် အချက်လေးတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်လိုက်ပါဦး။

ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး အနားယူပါ။

သင့်နေ့စဉ်ဘဝဟာ စည်းစနစ်တွေ၊ အချိန်ဇယားတွေ၊ လုပ်စရာတွေနဲ့ ပြည့်နှက်လို့နေတဲ့အတွက် အဲ့ဒီတာဝန်တွေကနေ ခဏရုန်းထွက်ပြီး ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး အနားယူပါ။ ဇိမ်ကျတဲ့ မွေ့ရာပေါ်မှာ အသာလေးလှဲနေတာမျိုး ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးစာအုပ်လေးတစ်အုပ်လောက် ဖတ်တာမျိုးတွေကို ပြုလုပ်ပါ။

သူငယ်ချင်းနဲ့ ထွေရာလေးပါးပြောပါ။

ဆယ်မိနစ်လောက်အတွင်းမှာတော့ သင့်အချစ်ဆုံးသူငယ်ချင်းနဲ့ မျက်နှာချင်းဆိုင်ဆုံတွေ့ပြီး စကားပြောဖို့ မဖြစ်နိုင်တဲ့အတွက် ဖုန်းဆက်ပြီး ထွေရာလေးပါးစကားစမြည်ပြောနိုင်ပါတယ်။

သင်ရော သင့်သူငယ်ချင်းရော နှစ်ယောက်လုံး စိတ်ဝင်စားတဲ့ အကြောင်းအရာလေးတွေကို ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်ပါတယ်။ အရမ်းကြီး စိတ်ဖိစီးရ၊ဒေါသထွက်ရ၊သောကရောက်ရမယ့် ခေါင်းစဉ်အကြောင်းအရာမျိုးကို ရှောင်ရှားပါ။ ဒီလိုမှ မဟုတ်ရင် သင့်အတွက် ဖိစီးမှုတွေပဲ ပိုဖြစ်လာစေပါလိမ့်မယ်။

အနှိပ်ခံပါ၊လက်သည်းခြေသည်း အလှပြင်ပါ။

အလှပြင်ဆိုင်ကို တစ်ပတ်တစ်ခါလောက်သွားပါ။ တချို့အလှပြင်ဆိုင်တွေမှာ ဆယ်မိနစ်စာ ခြေထောက်နဲ့ နောက်ကျောတွေကို နှိပ်နယ်ပေးတဲ့ အစီအစဉ် package ရှိသလို လက်သည်းခြေသည်းတွေကိုလည်း လှပအောင် အမြန်ဆုံး ပြုလုပ်ပေးနိုင်ပါတယ်။

ရေကို ဇိမ်ခံချိုးပါ။

အမြှုပ်တွေအပြည့်၊ ရနံ့သင်းသင်းလေးတွေ ကြိုင်နေတဲ့ ရေချိုးဇလုံထဲမှာ ရေနွေးနွေးလေးနဲ့ စိမ်ရတာဟာ ဘာနဲ့မှမတူတဲ့ အရသာပါ။ သီချင်းအေးအေးလေးကို မတိုးမကျယ်အသာအယာဖွင့်ထားဦးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

ကားပတ်မောင်းပါ။

သင့်မြို့ရဲ့ လှပတဲ့ လမ်းလေးတွေပေါ်မှာ ကားပတ်မောင်းရတာဟာလည်း အရသာတစ်ခု ဖြစ်ပါလိမ့်မယ်။ ရေဒီယိုကလာတဲ့ သီချင်းတွေကို နားထောင်နိုင်သလို သင့်အကြိုက်သီချင်းတွေကို ဖွင့်ပြီးတော့လည်း လိုက်ဆိုအော်ဟစ်နိုင်ပါသေးတယ်။

သင်ကြိုက်တာတွေကို တခါလောက်ဖြစ်ဖြစ် စိတ်ရှိသလို စားပစ်ပါ။

သင့်ရဲ့ တင်းကြပ်လှတဲ့ စားသောက်မှုပုံစံတွေကို တစ်ခါလောက်တော့ လျှော့ပေးလိုက်ပါ။ ချစ်စရာ cupcake လေး ဒါမှမဟုတ် အရသာရှိလှတဲ့ ယိုသွတ်မုန့်မျိုးစုံကို စိတ်ရှိသလို စားပါ။ တစ်ခါတလေလောက် သင့်စိတ်ကို လိုက်လျောပေးလိုက်ရုံနဲ့ ဆယ်ပေါင်လောက်တော့ တက်မလာပါဘူး။ ဟုတ်တယ်ဟုတ်?

ဈေးဝယ်ပါ။

ဒီအင်တာနက်ခေတ်ကြီးထဲမှာ ဈေးဝယ်ဖို့အတွက် ရှော့ပင်းမောလ်တွေကို သွားဖို့မလိုအပ်တော့ပါဘူး။ သင့်ကွန်ပြူတာရှေ့မှာ ထိုင်နေရင်းနဲ့ကို အွန်လိုင်းရှော့ပင်း လုပ်လို့ရနေပြီလေ။

လည်ဆွဲလှလှလေးတွေ၊ အိတ်အကောင်းစားခန့်ခန့်လေးတွေ ဒါမှမဟုတ် သင်ကြိုက်တဲ့ အလှကုန်တွေကို တွေ့ရင်ပဲ ဖြစ်ဖြစ် ဝယ်ပစ်လိုက်ပါ။ ဆယ်ခါရံတစ်ခါ သုံးတာကတော့ သင့်အတွက် ထိုက်တန်ပါတယ်။

စာဖတ်ပါ။

ဝတ္ထုတိုလေးတွေ ဒါမှမဟုတ် အွန်လိုင်းပေါ်က စာလေးတွေပဲဖြစ်ဖြစ် ဖတ်ပါ။ တကယ်လို့ သင်ဖတ်ဖို့ ကြိုးစားလိုက်မိတဲ့ စာတွေဟာ အိမ်မှုကိစ္စတွေအကြောင်း၊သားသမီးပြုစုပျိုးထောင်ခြင်းဆိုင်ရာ ကိစ္စတွေအကြောင်းဖြစ်နေရင်တော့ သင့်ကိုဖိစီးမှုတွေ ထပ်မံမပေးနိုင်တာ သေချာတော့မှ ဖတ်ပါ။

ဟာသလေးတွေ၊ပေါ့ပေါ့ပါးပါး ဖျော်ဖြေရေးလေးတွေအကြောင်းပဲ ဖတ်တာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။

Tea break ယူပါ၊လက်ဖက်ရည်ဖျော်သောက်ပါ။

လက်ဖက်ရည်ဟာ စိတ်ဖိစီးမှုတွေကို ထိရောက်စွာ လျှော့ချပေးနိုင်တဲ့ သောက်စရာတစ်မျိုးဖြစ်တဲ့အတွက် လက်ဖက်ရည်ပူပူလေးတခွက်ဟာ သင့်စိတ်နဲ့ ခန္ဓာကို ပြေလျော့စေမှာ အမှန်ပါပဲ။

အင်တာနက်သုံးပါ။

သင်ကြိုက်တဲ့ ရုပ်ရှင်တွေ၊ စီးရီးတွေ၊ ဒရာမာတွေကို အစအဆုံးပြန်ကြည့်ဖို့အတွက် ဆယ်မိနစ်ဆိုတဲ့အချိန်ဟာ မလုံလောက်ပေမယ့် YouTube ပေါ်က ဟာသအတိုအစလေးတွေ၊ facebook ပေါ်က အမောပြေစရာလေးတွေစသဖြင့် တိုတိုထွာထွာ လျှောက်ကြည့်ဖို့တော့ လုံလောက်တဲ့ အချိန်ပမာဏဖြစ်ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တာတွေကတော့ သင့်ရဲ့ စိတ်နဲ့ခန္ဓာကို အနားပေးအပန်းဖြေဖို့အတွက် လုပ်ဆောင်နိုင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီလို အပန်းဖြေခြင်းအားဖြင့် စိတ်ဖိစီးမှုတွေကို သက်သာလျော့ပါးစေရုံသာမက နေ့စဉ်လုပ်ငန်းတာဝန်တွေကို ပြုလုပ်နိုင်ဖို့အတွက် အားအင်သစ်တွေလည်း ရရှိလာမှာပဲ ဖြစ်ပါကြောင်း။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင့်အတွက် ရွေးချယ်ထားသည်

ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 6, 2018 . 2 mins read

အလုပ်တစ်ဖက်နဲ့ မေမေတွေ မိသားစုတာဝန် မလစ်ဟင်းရလေအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 5, 2018 . 3 mins read