brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နှလုံးရောဂါသည် မျိုးရိုးလိုက်တတ်ပါသလား

ကမ္ဘာတစ်လွှားတွင် သေဆုံးမှုဖြစ်ပွားခြင်း၏ အဓိကကျသောအကြောင်းအရင်းများတွင် နှလုံးရောဂါသည် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းနှလုံးရောဂါများထဲတွင် မွေးရာပါနှလုံးရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မိသားစုတွင် ငယ်စဉ်ကလေးဘဝကပင် နှလုံးရောဂါရှိလျှင် မျိုးရိုးလိုက်သည်ဟု ဆိုနိုင်ပါသည်။

နှလုံးရောဂါသည် မျိုးရိုးလိုက်တတ်ပါသလား

မွေးရာပါနှလုံးရောဂါသည် အထက်တွင်ဖော်ပြသတဲ့သို့ မွေးစဉ်ကတည်းကပင်ပါရှိနေသော ရောဂါဖြစ်သည်။ မွေးရာပါ နှလုံးအပေါက်ပါခြင်း၊ အဆို့ရှင်မလုံခြင်းအစရှိသည့် အခြေအနေများ ပါဝင်သည်။ ထိုအခြေအနေများကို ၁၀၀ရာခိုင်နှုန်းတွေ့ရှိနိုင်မည် မဟုတ်ပါ။ မွေးရာပါနှလုံးတည်ဆောက်ပုံချို့တဲ့ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများသည် တိတိကျကျ သေသေချာချာမရှိပါဘူး။ ဖြစ်နိုင်သော အကြောင်းအရင်းများမှာ ကိုယ်ဝန်ဆောင်ချိန်တွင် မသောက်သင့်သော ဆေးသောက်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ဗီဇပြောင်းလဲခြင်းတို့ကြောင့် ဖြစ် သည်။

လူတစ်ယောက်နှင့်တစ်ယောက် မျိုးရိုးဗီဇ မတူညီကြပါဘူး။ ထို့ ကြောင့်လည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားကြသည်။ မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်နှင့် ပုံပန်းသဏ္ဍာန်ကို ဖော်ညွှန်းသည်။ မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏မိဘများမှ ဆင်းသက်လာသည်။ မျိုးရိုးဗီဇ ပုံမမှန် ပြောင်းလဲသွားပါက မွေးရာပါရောဂါများ ဖြစ်လာနိုင်သည်။ ဥပမာ ခန္ဓာကိုယ်တွင်း ကိုလက်စထရောတည်ဆောက်မှုကို ထိန်းချုပ်သောဗီဇပြောင်းလဲသွားပါက သွေးတွင်း ကိုလက်စထရောပမာဏ များလာနိုင်ပြီး သွေးကြောကျဉ်းရောဂါ ဖြစ်နိုင်သည်။ အကယ်၍ ၎င်းမျိုးရိုးဗီဇသည် မိဘတစ်ဦးတွင်ပါလာလျှင် သားသမီးတွင် ဖြစ်ပွားနှုန်း ၅၀ရာခိုင်နှုန်းရှိပါသည်။

တချို့သောမွေးရာပါနှလုံးရောဂါသည် လက္ခဏာပြသော်လည်း တချို့မှာအချိန်တန်ကြာလက္ခဏာမပြဘဲရှိနေပြီးမှ ရုတ်တရက်ဆိုးရွားလာတတ်သည်။ မွေးရာပါနှလုံးရောဂါများသည် နှလုံးခုန်နှုန်းမမှန်ခြင်း၊ ရုတ်တရက်နှလုံးရပ်ခြင်းတို့ဖြစ်စေနိုင်သည်။ မွေးရာပါနှလုံးရောဂါတချို့ကို အောက်တွင် ဖော်ပြထားသည်။

Atrial fibrillation – နှလုံးစည်းချက်မမှန်သောအခြေအနေဖြစ်ပြီး ရုတ်တရက်နှလုံးရပ်စေနိုင်ပါသည်။

Brugada Syndrome – မွေးရာပါနှလုံးစည်းချက် မမှန်ခြင်း၊ သွေးလွှတ်ခန်းတုန်ခါခြင်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်းတို့ ဖြစ်နိုင်သည်။

Catecholaminergic polymorphic ventricular tachycardia – နှလုံးအတွင်း လျှပ်စစ်စီးမှု ပုံမမှန်ဖြစ်ပြီး နှလုံးခုန်နှုန်းမမှန်ခြင်း ဖြစ်သည်။ အထူးသဖြင့် အားကစားလုပ်သောအချိန်တွင် အဖြစ်များသည်။

Long QT Syndrome and short QT Syndrome – နှလုံးခုန်နှုန်း မူမမှန်ခြင်း ၊ နှလုံးခုန်အလွန်နှေးခြင်းကို ဖြစ်စေသည်။

မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏ နှလုံးလုပ်ဆောင်မှုအ၀၀ကို ထိန်းချုပ်ပါသည်။ ထို့ကြောင့် မိသားစုဝင်တစ်ယောက်တွင် နှလုံးရောဂါရှိပါက ကျန်မိသားစုဝင်များသည် နှလုံးအခြေအနေကို စစ်ဆေးသင့်သည်။ မိသားစုဝင်များတွင် ရုတ်တရက် နှလုံးရပ်ခြင်းသည် သတိပေးသောလက္ခဏာတစ်ခုဖြစ်ပြီး အခြားမိသားစုဝင်များလည်း စစ်ဆေးသင့်သည်။ ပုံမမှန်သောတွေ့ရှိချက် ရှိပါက ကြိုတင်ကာကွယ်ရန် အချိန်မီနိုင်ပါလိမ့်မည်။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/07/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။