မွေးရက်နီးလာလာလေလေမေမေတိုင်းသိချင်တဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ဘေဘီလေးရဲ့ခေါင်းကမွေးလမ်းကြောင်းထဲ စိုက်ပြီလားဆိုတဲ့ ကိစ္စပါ။နောက်တစ်ခုက အရင်ကနဲ့မတူဘဲ တစ်ခုခုထူးခြားတဲ့ ခံစားမှုက ကလေးကိုထိခိုက်မှာလားဆိုတဲ့ အချက်ပါ။ ဒီတစ်ခေါက်တော့ မွေးရက်နီးလာလို့ဘေဘီလေးခေါင်းစိုက်တဲ့အခါ ဘယ်လိုတွေခံစားရနိုင်လဲဆိုတာကိုပြောပြပေးပါရစေ။
ဘေဘီလေးက ဘယ်အချိန်မှာခေါင်းစိုက်တာလဲ…………
ဘေဘီလေးမွေးလမ်းကြောင်းထဲကိုခေါင်းစိုက်တယ်ဆိုတာကမွေးဖွားဖို့ အသင့်ပြင်နေပြီဆိုတာကို ပထမဆုံးမေမေ့ဆီပေးပို့တဲ့ သတင်းစကားပါ။ သူမေမေ့မျက်နှာကို ကြည့်ဖို့ အပြင်ထွက်လာဖို့ စလုပ်နေပြီဆိုတာကို အသိပေးတာပါ။ ကိုယ်ဝန်ဆောင်ကာလရဲ့ တတိယ ၃ လပတ်ကာလ တစ်ဝက်လောက်မှာဘေဘီလေးကမွေးလမ်းကြောင်းထဲကိုခေါင်းစစိုက်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၃၅ ပတ်လောက်မှာပေါ့။ ဒီလိုအချိန်မှာမေမေ့အနေနဲ့ သိသိသာသာပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။
ဒီလက္ခဏာတွေခံစားနေရပြီလား………….
ဘေဘီလေးကမွေးလမ်းကြောင်းထဲကိုခေါင်းစိုက်တဲ့အခါမေမေ့အနေနဲ့ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။
ဗိုက်ကအောက်ကျသွားမယ် -မေမေ့ဗိုက်ကအောက်ဘက်ကို ခပ်လျောလျောလေး ကျသွားနိုင်ပါတယ်။ ဒါကဘေဘီလေးက ဗိုက်ထဲမှာ အနေအထားပြောင်းလိုက်တာကြောင့်ပါ။
ပေါ့သွားသလို ခံစားရမယ် – ဗိုက်ထဲမှာပေါ့သွားသလို ခံစားရနိုင်ပါတယ်။ ဒါကတော့ဘေဘီလေးကမေမေ့ဗိုက်ထဲမှာအောက်ဘက်ကို နည်းနည်းရောက်သွားတဲ့ အနေအထားကြောင့်ပါ။
နံရိုးတွေပေါ်က ဖိအားနည်းနည်းလျော့သွားမယ် -ဘေဘီလေးကအောက်ဘက်ကို နည်းနည်းဆင်းသွားပြီဖြစ်တာကြောင့် နံရိုးပေါ်မှာ သက်ရောက်နေတဲ့ ဖိအားတွေကလျော့သွားတာပါ။
အသက်ကိုရှိုက်ရှုလို့ရလာပြီ – ကိုယ်ဝန်အစောပိုင်းကာလတွေကထက် အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှုလို့ရလာကလည်းဘေဘီလေးက ဗိုက်ရဲ့အောက်ဘက်ပိုင်းကို ဆင်းသွားတာကြောင့်ပါ။
အသက်ရှုရအဆင်ပြေလာတယ် – ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ဘေဘီလေးကြောင့် အဆုတ်တွေထဲကို လေပြည့်ပြည့်ဝဝရောက်ရှိဖို့ ခက်ခဲတာကြောင့် အသက်ရှုရခက်ခဲ့ပေမယ့် ဘေဘီလေးကမွေးလမ်းကြောင်းဆီကိုခေါင်းစိုက်လိုက်ချိန်မှာအောက်ဘက်ကို ကျသွားပြီဖြစ်တာကြောင့် အဆုတ်တွေအတွက်နေရာချောင်ချောင်ချိချိရသွားတဲ့အတွက် အသက်ရှုရ အဆင်ပြေလာစေမှာပါ။
ရင်ပူတာသက်သာလာမယ် – ကိုယ်ဝန်အစောပိုင်းကာလမှာ ရင်ပူတဲ့ဝေဒနာကို ခံစားခဲ့ရပေမယ့် ကိုယ်ဝန် တတိယ ၃ လပတ်ရောက်လာတဲ့အခါဘေဘီလေးက အစာရေမြိုတွေ၊ အစာအိမ်အပေါ်ပိုင်းတွေနဲ့ဝေးတဲ့ တင်ပဆုံပိုင်းကိုဆင်းလာပြီဖြစ်တာကြောင့် အစာအိမ်မှာ ဝန်ပိနေတာမျိုးမဖြစ်တော့တာကြောင့် ရင်ပူတာ သက်သာလာမှာပါ။
ဆီးခဏခဏသွားချင်မယ် – ကလေးက တင်ပဆုံပိုင်းကိုရောက်လာပြီဖြစ်တာကြောင့် ဆီးအိမ်ပေါ်မှာ ဖိမိသလိုဖြစ်ပြီး ဆီးခဏခဏသွားချင်နေတာမျိုးဖြစ်နိုင်ပါတယ်။
ခါးနာမယ် -ဘေဘီလေးရဲ့ ကိုယ်အလေးချိန်ကအောက်ဘက်ကိုရောက်လာပြီဖြစ်တာကြောင့် ခါးက အရင်ကထက် အလေးချိန်တွေကို ပိုထမ်းလာရတာကြောင့် ခါးနာလာနိုင်ပါတယ်။
ဗိုက်ခဏခဏဆာမယ် -ဘေဘီလေးကခေါင်းစိုက်လာပြီဖြစ်တာကြောင့် အစာအိမ်ပေါ်မှာ ဝန်ဖိမိထားတာမျိုးမရှိတော့တာကြောင့် ရင်ပူတာသက်သာလာပြီး ဗိုက် ခဏခဏဆာလာနိုင်ပါတယ်။
ကဲ…မေမေတို့ရေ၊ ဒီလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ဘေဘီလေးကမေမေ့မျက်နှာကိုမြင်ရဖို့အတွက် လူ့လောကထဲကိုလာဖို့ ပထမဆုံးပြင်ဆင်မှုအနေနဲ့မွေးလမ်းကြောင်းထဲကိုခေါင်းစိုက်တဲ့အနေအထားအပြောင်းအလဲကြောင့်ပါနော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။