backup og meta

တစ်ဆင့်ခံ ဆေးလိပ်ငွေ့၏ နောက်ဆက်တွဲပြဿနာများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ဆင့်ခံ ဆေးလိပ်ငွေ့၏ နောက်ဆက်တွဲပြဿနာများ

    ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ ဆေးလိပ်သောက်သုံးနေသူတွေ အနားမှာ နေမိတဲ့အခါ ဘာတွေ ဖြစ်လာနိုင်မလဲ။

    တစ်ဆင့်ခံဆေးလိပ်ငွေ့တွေမှာ ဓာတုပစ္စည်းအမျိုးပေါင်း (၇၀၀၀) ကျော်ပါဝင်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ဆိုတာ ဘာကိုခေါ်သလဲဆိုရင်တော့ မိမိကိုယ်တိုင်ဆေးလိပ်မသောက်ပါဘဲ ဆေးလိပ်သောက်သုံးတဲ့လူတွေ ရှူရှိုက်ပြီးမှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ဆိုလိုတာပါ။ ဆေးလိပ်သောက်သုံးသူ တစ်ယောက်အနားမှာ နေမိရင်တော့ သူရှူရှိုက်လိုက်တဲ့ အငွေ့တွေတင်မကပဲ လောက်ကျွမ်းနေဆဲဖြစ်တဲ့ စီးကရက်ကနေထွက်လာတဲ့ အငွေ့တွေကိုပါ ရှူရှိုက်မိတော့မှာပါ။

    တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်သူ (Passive Smoker/ Second Hand Smoker) တစ်ယောက် အတွက် ပြဿနာကဘာလဲ။

    တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်သူတွေအတွက် ကျန်းမာရေးရလဒ်ဆိုးကျိုးတွေကတော့ ဆေးလိပ် သောက်သုံးသူတွေနဲ့ အတူတူပါပဲ။

    ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ ဆေးလိပ်ငွေ့မှာပါဝင်တဲ့ ဓာတုအဆိပ်အတောက် (၇,၀၀၀) ထဲက အမျိုးပေါင်း (၇၀) ဟာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါ။

    ကိုယ်တိုင်ကိုယ်ကျဆေးလိပ်ကို တစ်ခါမှ မသောက်ဖူးတဲ့သူ ဖြစ်သည့်တိုင် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာကို ဖြစ်ပွားစေပါတယ်။ အဆုတ်ကင်ဆာတင်မဟုတ်ပါဘူး ခန္ဓာကိုယ်တစ်ကိုယ် လုံးမှာရှိတဲ့ ကလီစာတွေ ကင်ဆာဖြစ်ပွားစေတဲ့အထိဖြစ်စေနိုင်ပါတယ်။ အသံအိုးတစ်ဆင့် လည်မျို ကင်ဆာ၊ နှာခေါင်းကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ စအိုကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာတို့ကို ဖြစ်ပွား‌စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင်တော့ သွေးကင်ဆာ၊ အသည်းကင်ဆာနဲ့ ဦးနှောက်အကျိတ်တွေအထိ ဖြစ်ပွားစေနိုင်ပါတယ်။

    ကင်ဆာမှ မဟုတ်ပါဘူး။ အခြားရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်ပါသေးတယ်။ ဥပမာအားဖြင့် ဆေးလိပ်ငွေ့ဟာ နှလုံးနဲ့ သွေးကြောကိုထိခိုက်စေနိုင်တာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကိုလည်း ခံစားရစေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးသက်ရောက်မှုတွေကိုလည်း ဖြစ်ပေါ်လာစေမှာပါ။ ဥပမာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို အမြဲလိုလိုရှူရှိုက်နေသူဟာ စိတ်ဓာတ်ကျလွယ်ခြင်းနဲ့ တစ်ခြားသော စိတ်ရောဂါတွေကိုပါ ခံစားလာရမှာပါ။

    တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ကလေးငယ်တွေ ရှူရှိုက်မိတဲ့အခါ ဘာတွေဖြစ်လာမလဲ။

    တစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့ သားကောင်အများစုဟာ ကလေးတွေပါ။ မိဘတွေနဲ့ လူကြီးတွေ

    သောက်သုံးလိုက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိခြင်းကြောင့်ဖြစ်တာပါ။ သူတို့လေးတွေဟာ ဆေးလိပ်နံ့ကို ရှောင်ရှားဖို့တောင် မသိကြပါဘူး။ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတဲ့ ကလေးတစ်ယောက်ဟာ ဘာတွေဖြစ်လာ မလဲဆိုရင်တော့

    • ဖျားနာလွယ်လာပါမယ်
    • အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိပါးလာတဲ့အခါ အဆုတ်ထဲ ပိုးဝင်တာမျိုး ဖြစ်တတ်ပါတယ် (ဥပမာ လေပြွန်ရောင်တာမျိုး (Bronchitis) နဲ့ အဆုတ်ရောင်ရမ်းခြင်း (Pneumonia) တွေကို ခံစားရမှာပါ)။
    • ချောင်းဆိုး၊ နှာစေးလွယ်မယ်
    • တရွှီရွှီနဲ့ ရင်ကျပ်လာမယ်
    • နားလမ်းကြောင်းမှာလည်း ပိုးဝင်လွယ်မှာပါ
    • ရင်ကြပ်၊ ပန်းနာရောဂါရှိတဲ့ကလေးတွေဆို အခြေအနေ ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်

    မိဘတစ်ယောက်အနေနဲ့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ။

  • အိမ်မှာဖြစ်စေ၊ အိမ်အနီးအနားမှာဖြစ်စေ ဆေးလိပ်သောက်ခြင်းကို ဘယ်သူ့ကိုမှ ခွင့်မပြုပါနဲ့။ သင်ကိုယ်တိုင်လည်း မသောက်ပါနဲ့။
  • ကားပေါ်မှာလည်း ဆေးလိပ်မသောက်ပါစေနဲ့။ ပြတင်းပေါက်မှန်တွေ ချထားပြီး သောက်တာမျိုးကိုလည်း လက်မခံပါနဲ့။
  • ကလေးတွေရဲ့ မူကြို၊ ကျောင်း စတာတွေမှာလည်း ဆေးလိပ်သောက်ခြင်းကို အမှန်တကယ် လက်ခံခွင့်ပြုထားခြင်း ရှိမရှိကို လေ့လာပါ။ ဆေးလိပ်ငွေ့ကင်းစင်ကျောင်းတွေကို ရွေးချယ်ပါ။
  • စားသောက်ဆိုင်၊ ကားမှတ်တိုင် အစရှိတဲ့ အများဆိုင် နေရာတွေမှာလည်း ဆေးလိပ်သောက်ခွင့် မပြုတဲ့ နေရာတွေကိုပဲ ရွေးပါ။
  • မွေးကင်းစ (တစ်နှစ်အောက်) ကလေးတွေဟာလည်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်မိပြီး သေဆုံးတဲ့ အထိတောင်ဖြစ်စေနိုင်ပါတယ်။

    Sudden Infant Death Syndrome (SIDS) ရုတ်တရက် တစ်နှစ်အောက်ကလေးရောဂါသေဆုံးခြင်း လို့ခေါ်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်စဉ် မိခင်ဟာ ဆေးလိပ်သောက်လို့ဖြစ်စေ၊ မွေးကင်းစမှာ အကြောင်းအမျိုးအမျိုးကြောင့် ဆေးလိပ်ငွေ့ရှူရှိုက်မိလို့ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်ငွေ့ဟာ ကလေးရဲ့ ဦးနှောက်ကို သွားရောက်ထိခိုက်ပြီး အသက်ရှူခြင်းကို အခက်အခဲဖြစ်စေလို့ပါ။

    ဒါတွေကိုကာကွယ်ဖို့ဆိုရင်တော့

    • ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်လုံးဝမသောက်ပါနဲ့
    • အိမ်မှာဖြစ်စေ၊ မိမိရဲ့ကလေးငယ်အနားမှာဖြစ်စေ ဆေးလိပ်သောက်ခြင်းကို ခွင့်မပြုပါနဲ့
    • ကလေးငယ်ကို ခြင်ထောင်နဲ့သာ အိပ်စက်ပါစေ

    တစ်ဆင့်ခံဆေးလိပ်ငွေ့တွေကို ရှူရှိုက်ရနိုင်ခြေ မြင့်တဲ့ နေရာတွေကတော့

    (၁)      အလုပ်နေရာ။        ။ အလုပ်ခွင်ဟာ အရွယ်ရောက်ပြီးသူတွေ ဆေးလိပ်ငွေ့ ရှူရှိုက်မိစေတဲ့ အများဆုံး နေရာပါ။ ဒါကြောင့် ဆေးလိပ်မသောက်ရနယ်မြေအဖြစ် ပြင်းပြင်းထန်ထန်ကန့်ကွက်တာမျိုး၊ ဆေးလိပ် သောက်ရန် သီးသန့်နေရာ ဖန်တီးတာမျိုးကို လုပ်လာကြပါတယ်။ ဒါဟာ ဆေးလိပ်မသောက်သူတွေကို ကာကွယ်နိုင်တဲ့အပြင် သောက်သုံးသူတွေကိုပါ အကြိမ်ရေလျှော့ချတာမျိုး၊ ဆေးလိပ်ဖြတ်လိုက်တာမျိုး တွေအထိ အကျိုးသက်ရောက်နိုင်ပါတယ်။

    (၂)      အများပိုင်နေရာ။    ။ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေ၊ ရထားဘူတာ၊ကားမှတ်တိုင်၊ ပန်းခြံတွေ၊ ကျောင်းတွေဟာ အများပိုင်နေရာတွေပါ။ ဒီလိုနေရာတွေမှာလည်း ကိုယ်ကိုယ်တိုင် ဆေးလိပ်မသောက်ပါဘဲ ဆေးလိပ်ငွေ့ရှူရှိုက်မိစေပါတယ်။ ဒါကြောင့် ဒီလိုနေရာတွေကို ဆေးလိပ်ကင်းစင်နယ်မြေ တွေအဖြစ် သတ်မှတ်သင့်ပါတယ်။

    (၃)      အိမ်။  ။ အိမ်မှာဆေးလိပ်သောက်ခြင်းဟာ သင့်မိသားစု၊ ကလေးတွေအပြင် အိမ်မွေးတိရစ္ဆာန်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်ငွေ့ဟာ နံရံ၊ ကြမ်းပြင်တွေ၊ လှေကားတွေနဲ့ အိမ်အနှံ့ ပျံ့နှံ့စေနိုင်လို့ပါ။ ဒါကြောင့် မိမိအိမ်မှာ ဆေးလိပ်မသောက်ပါနဲ့။

    (၄)      ကား။ ။ ကားမှန်ချထားသည်ဖြစ်စေ၊ အဲကွန်းဖွင့်ပြီး မှန်ပိတ်ထားသည်ဖြစ်စေ ဆေးလိပ်မသောက်ပါနဲ့။ ကားပါကင်တွေမှာလည်း ဆေးလိပ်မသောက်ရ အမိန့်သတ်မှတ်ထားသင့်တဲ့ နေရာတွေတောင် ရှိနေပါသေးတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement