backup og meta

သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ

သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ

စုံတွဲတွေထဲမှာ တချို့ကလည်း ကိုယ်ဝန်အလွယ်တကူရကြသလို တချို့ကလည်း ကြန့်ကြာနေတတ်ပါတယ်။ ဒီတော့ ကိုယ်ဝန်မြန်မြန်ရနိုင် မယ့် နည်းလမ်းကောင်းလေးများ မရှိဘူးလား။ အသက်ကလည်း တဖြည်းဖြည်း ကြီးလာပြီလို့ ဆိုသူများအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။ စုံတွဲတိုင်း လိုက်လုပ်နိုင်မယ့် သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ

သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ ကတော့

သဘာဝနည်းလမ်း (၁) : မှန်ကန်တဲ့ အချိန်မှာ ချစ်တင်းနှောပေးပါ။

ကိုယ်ဝန်မြန်မြန်ရနိုင်ဖို့ ဆို သေချာပေါက် လိင်မှုကိစ္စက ပါလာပါပြီ။ သာမန်အားဖြင့်တော့ တားဆေးလည်း မသုံးဘူး၊ ပုံမှန်လည်း နေတယ် (၂ရက် ၃ရက်ခြားတစ်ခါလောက်)ဆိုရင် ၈၀ရာခိုင်နှုန်းက တစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရပါတယ်။ ကျန်တာရဲ့ တစ်ဝက်က ဒုတိယနှစ်မှာ ကိုယ်ဝန်ရပါတယ်။

ဒါပေမယ့် ဂရုစိုက်ရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဒါတွေကတော့

  • တားဆေးကို ကြိုဖြတ်ထားပါ။
  • တားဆေးဖြတ်ပြီး ဘယ်လောက်နေရင် ကိုယ်ဝန်ရမလဲဆိုတာ ဆရာဝန်ကို ကြိုမေးထားပါ။ တားဆေးအများစုက ရပ်ပြီး သိပ်မကြာခင် ကိုယ်ဝန်မြန်မြန်ရနိုင် တတ်ပေမယ့် ထိုးဆေးကတော့ လပိုင်းလောက်ကြာတတ်ပါတယ်။
  • အတူနေမယ့်အချိန်ကို သတ်မှတ်ပါ။ ခဏခဏ အတူမနေဖြစ်ရင်တောင် သားဥကြွေခါနီးရက်ပိုင်းလောက်ကျရင် အတူနေဖို့ ကြိုးစားပါ။
  • သားဥကြွေတဲ့ရက်က အရေးကြီးတယ်ဆိုပေမယ့် ဒီရက်ရောက်ပြီဆိုတာနဲ့ အတူနေဖို့ ကိုယ့်အဖော်ကို ဖိအားမပေးပါနဲ့။ စိတ်ဖိအားများတာကလည်း ကိုယ်ဝန်ရနိုင်ခြေကို အနှောင့်အယှက်ဖြစ်စေပါတယ်။

သဘာဝနည်းလမ်း (၂) : သင့်ရာသီစက်ဝန်းကို အတိအကျသိပါစေ။

တလလုံးတောက်လျှောက် လိင်ဆက်ဆံနိုင်တယ်ဆိုပေမယ့် သင့်ရာသီစက်ဝန်းကိုလည်း သိထားသင့်ပါတယ်။ မမျိုးဥနဲ့ အဖိုသုက်ပိုးတို့ ပေါင်းစုံပြီး မျိုးအောင်မှသာ ကိုယ်ဝန်ရရှိမှာဖြစ်ကာ ဒီအခြေအနေဟာ ရာသီစက်ဝန်းရဲ့ ၁၄ရက်ပတ်လည်လောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။

တစ်လလုံး စိတ်ပါသလို လိင်ဆက်ဆံနိုင်ပေမယ့် ကိုယ်ဝန်ရနိုင်ခြေ အများဆုံးအချိန်ကိုလည်း မမေ့ပါနဲ့။ တကယ်လို့ သင့်အနေနဲ့ ရာသီစက်ဝန်းကို အတိအကျမသိဖူးဖြစ်နေရင် သားဥကြွေချိန်ကို သိဖို့ ဆေးစစ်တံလေး အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့် သင့်ရာသီစက်ဝန်းနဲ့ သားဥကြွေချိန်ကိုပဲ စိတ်ထဲအရမ်းကြီးစွဲမနေပါနဲ့။ ဒီလိုမျိုးစွဲနေရင် သင်နဲ့ သင့်အဖော်အတွက် ဖိစီးမှုတွေ များပြားလာနိုင်လို့ ဖြစ်ပါတယ်။

[embed-health-tool-ovulation]

သဘာဝနည်းလမ်း (၃) : ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသောက်ပါ။

ဖေဖေမေမေ ဖြစ်ချင်သူတွေအနေနဲ့ ပရိုတင်း၊ သံဓာတ်၊ ဇင့်၊ ဗီတာမင် စီနဲ့ ဒီ ပါဝင်တဲ့ အစာအစာတွေကို ဦးစားပေး စားသုံးရမှာဖြစ်ပါတယ်။ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမှာဖြစ်ပြီး လတ်ဆတ်တဲ့ အော်ဂဲနစ်အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ် စားသုံးခြင်းက မျိုးဥတွေကို ကျန်းမာစေတဲ့လို့ လေ့လာမှုတွေက ဆိုထားပါတယ်။

ပဲအမျိုးမျိုး၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ဖရုံစေ့၊ ငှက်ပျောသီး၊ ဥအမျိုးမျိုး၊ ဗာဒံစေ့၊ အချဉ်ဓာတ်ပါသည့် သစ်သီးများ၊ တို့ဟူးနဲ့ ဆယ်လ်မွန်ငါးတို့ကလည်း ပဋိသန္ဓေရနိုင်ချေ မြင့်စေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ အနှံတွေ၊ ဂျုံတွေ၊ အသီးအရွက်နဲ့ သစ်သီး စသည်)ကိုလည်း များများစားပါ။ အချိုနဲ့ အငန်တွေကို လျှော့စားပါ။ ဒီအစားအစာတွေအပြင် အခြား ဖြည့်စွက်စာတွေ ထပ်မံစားသုံးဖို့ လိုမလို သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

နောက်တစ်ချက်က ရေဓာတ်ဟာ သုက်ကောင်တွေကို မျိုးဥဆီရောက်အောင် အကူအညီပေးတဲ့အတွက် ရေများများသောက်ဖို့လည်း လိုပါလိမ့်မယ်။

သဘာဝနည်းလမ်း (၄) : ကိုယ်အလေးချိန်ထိန်းပါ။

အမျိုးသားက အဝလွန်နေတယ်ဆိုရင် သုက်ကောင်လေးတွေ ထွက်နှုန်းနဲ့ အရည်အသွေးကို ထိခိုက်နိုင်ပါတယ်။ BMI ၃၀အထက်ဆို အမျိုးသားတွေရဲ့ မျိုးပွားနှုန်းကို ထိခိုက်နိုင်ပါတယ်။

အမျိုးသမီးတွေကျတော့ အဝမလွန်မလွန်ဖို့ရော၊ ကိုယ်အလေးချိန် အလွန်အမင်း မကျစေဖို့ရော သတိထားရပါမယ်။ ပုံမှန်ကတော့ BMI ၂၀-၂၅ကြားမှာ ရှိနေရမှာပါ။ ၃၀အထက် ဒါမှမဟုတ် ၁၉အောက်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ နည်းသွားပါပြီ။

ပိန်လွန်းတာ ဒါမှမဟုတ် ဝလွန်းတာက ဟော်မုန်းပမာဏနဲ့ သားဥကြွေခြင်းကို ထိခိုက်စေမှာဖြစ်တဲ့အတွက် ကိုယ်ဝန်ရဖို့ ခက်ခဲစေပါလိမ့်မယ်။

[embed-health-tool-bmi]

သဘာဝနည်းလမ်း (၅) : စိတ်လက်ဖြေလျှော့ပါ။

ကိုယ်ဝန်မရသေးလို့ ကြိုးစားအားထုတ်တဲ့အချိန်က စုံတွဲအတိုင်း စိတ်ပင်ပန်းစရာ အကောင်းဆုံး အချိန်ပါ။ သားသမီးဆိုတာလည်း ရတနာမို့လို့ ထိုက်မှရတာပါ။ အကောင်းဆုံးကြိုးစားပြီး ရလဒ်ကောင်းကိုသာ စောင့်မျှော်လိုက်ပါ။ စိတ်ဖိစီးတာက ကိုယ်ဝန်မြန်မြန်ရနိုင်ခြေကို ထိခိုက်စေပါတယ်။

စိတ်ဖိစီးမှုတွေဟာ သားဥကြွေခြင်းကို နှောင့်နှေးစေပြီး ရာသီစက်ဝန်းကို ကြာရှည်စေပါတယ်။ အမျိုးသားတွေမှာဆိုရင်တော့ စိတ်ဖိစီးမှုဟာ သုက်ရည်ထုတ်ခြင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။

ဒါနဲ့ ပြောင်းပြန် စိတ်ဖိစီးမှုတွေကို လျှော့ချခြင်းက ကိုယ်ဝန်အမြန်ရအောင် အားပေးကူညီနိုင်ပါတယ်။ ဒါကြောင့် သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ယောဂကျင့်ခြင်း၊ ရေကူးခြင်း၊ အနှိပ်ခံခြင်း ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားစမြည်ပြောပေးပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

သဘာဝနည်းလမ်း (၆) : ဆေးလိပ်နဲ့ အရက်ဖြတ်ပါ။

ဆေးလိပ်နဲ့ အရက်တွေက အင်မတန်ဆိုးရွားပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တဲ့အပြင် မျိုးအောင်ခြင်းကိုပါ ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတွေက ဆေးလိပ်ငွေ့တွေနဲ့ အဝေးဆုံးမှာ နေဖို့လိုပါတယ်။ ကိုယ်တိုင်လည်း မသောက်သင့်သလို သူများဆီက ထွက်လာတဲ့ အငွေ့ကိုပါ ရှောင်ရမှာပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အနီးကပ်စောင့်ရှောက်ရမယ့် အမျိုးသားအနေနဲ့လည်း ဒီကာလမှာ ဆေးလိပ်ဖြတ်ထားဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးကတော့ လုံးဝအရက်မသောက်သင့်ပါဘူး။ မတော်တဆ ကိုယ်မသိဘဲ ကိုယ်ဝန်ရှိသွားမယ်ဆိုရင် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာနိုင်ပါတယ်။ အမျိုးသားအနေနဲ့လည်း မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်တဲ့အတွက် အရက်အလွန်အကျွံ သောက်တာကို ရှောင်သင့်ပါတယ်။

သဘာဝနည်းလမ်း (၇) : အားဆေးသောက်ပါ။

ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးကတည်းက သင့်တော်တဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ အပ်ထားပြီး ကျန်းမာရေး အကြံပေးချက်တွေကို တိတိကျကျ လိုက်နာပါ။ ကိုယ်ဝန်ဆောင် အားဆေးကြိုသောက်ထားပါ။ အထူးသဖြင့် ဖောလစ်အက်စစ်ကို ၄၀၀ မိုက်ခရိုဂရမ်လောက် ကြိုသောက်ထားပါ။ ကိုယ်ဝန်မြန်မြန်ရနိုင် တာမျိုး မဟုတ်ပေမယ့် ကလေးလေးကို မွေးရာပါ ချို့ယွင်းချက်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကလေးမြန်မြန်ရလိုတယ်ဆိုရင်

ကိုယ်ဝန်အမြန်ရချင်တယ်ဆိုရင် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ခုပဲပြောင်းလဲလိုက်ပါ။ တကယ်လို့ ကြိုးစားနေတာ ၆လ၊ ၁နှစ်ကြာတာတောင် မရသေးဘူးဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသသင့်နေပါပြီ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How can I increase my chances of infertility https://www.nhs.uk/common-health-questions/pregnancy/how-can-i-increase-my-chances-of-getting-pregnant/ Accessed Date Dec 13, 2022

How to get pregnant https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/how-to-get-pregnant/art-20047611 Accessed Date Dec 13, 2022

Impact of obesity on infertility in women https://www.ncbi.nlm.nih.gov/pmc/articles/PMC4456969/ Accessed Date Dec 13, 2022

Infertility and Stress https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/infertility-and-stress#:~:text=Does%20stress%20cause%20infertility%3F,time%20needed%20to%20achieve%20pregnancy. Accessed Date Dec 13, 2022

Why folic acid is important and spina bifida https://www.cdc.gov/ncbddd/folicacid/about.html#:~:text=Why%20folic%20acid%20is%20important,and%20spine%20(spina%20bifida). Accessed Date Dec 13, 2022

ယခုပုံစံ

06/06/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသမီး‌တွေ အသ‌က်ကြီးမှ ကလေးယူမယ်ဆိုရင်

ကလေးရနိုင်ခြေမြင့်မားနိုင်စေတဲ့ လိင်ဆက်ဆံပုံနည်းလမ်းတွေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement