သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

သားအိမ်ခြစ်တာက အသက်ဆုံးရှုံးသွားနိုင်လား

    သားအိမ်ခြစ်တာက အသက်ဆုံးရှုံးသွားနိုင်လား

    အခုတလော လူပြောသူပြောအများဆုံး ကျန်းမာရေးဆိုင်ရာကိစ္စက ပုဂ္ဂလိကဆေးရုံမှာ သားအိမ်ခြစ်တာကနေ အသက်ဆုံးရှုံးသွားရတဲ့ အမျိုးသမီးတစ်ဦးအကြောင်းပါ။ သတင်းကြားတဲ့သူတွေ အဖို့တောင် စိတ်မကောင်းစရာကောင်းတယ်ဆိုမှတော့ မိသားစုဝင်တွေအတွက်မှာ ဝမ်းနည်းကြေကွဲရမှုက အတိုင်းအဆမဲ့မှာပါပဲ။

    ဒီ သတင်းလေးလည်းကြားပြီးရော ဒီလို သားအိမ်ခြစ်တာဟာ အသက်ဆုံးရှုံးရလောက်တဲ့အထိ ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုလား။ သူက ဘယ်လိုပုံစံမျိုး ခွဲစိတ်မှုလဲ။ သူ့ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကရော ဘာတွေလဲ ။ သားအိမ်ခြစ်ပြီးဘယ်လိုနေထိုင်ဆင်ခြင်ရမလဲ ဆိုတဲ့ မေးခွန်းတွေ လူတိုင်း အတွေးထဲမှာနေရာယူထားလိမ့်မယ်လို့ ထင်ပါတယ်။

    သားအိမ်ခြစ်တယ်ဆိုတာဘာလဲ ။ ။

    သားအိမ်ခြစ်တယ် ဆိုတာကိုယ်ဝန်ပျက်ကျတဲ့သူ အများစု ခံယူဖူးတဲ့ကုသမှုတစ်မျိုးပါ။ ဆေးပညာအရသားအိမ်ခြစ်တာကို dilation and curettage D & C လို့ခေါ်ပါတယ်။ dilation ဆိုတာ ချဲ့ထွင်တာလို့ အဓိပ္ပာယ်ရပြီး curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ dilation and curettage ဆိုတာသားအိမ်ခေါင်းကို ကျယ်သွားအောင် ချဲ့လိုက်တာဖြစ်ပြီး သားအိမ်ထဲမှာရှိနေတဲ့ တစ်ရှူးအသားစ တွေကို ခြစ်တာဖြစ်ပါတယ်။ သားအိမ်ခြစ်တာ ဟာ ဆေးရုံဆေးခန်းတွေမှာ လုပ်ကြတဲ့ အသေးစားခွဲစိတ်မှု တစ်ခုပါ။

    သားအိမ်ခြစ် ဘာ့ကြောင့် ခြစ်ကြတာလဲ ။ ။

    သားအိမ်ခြစ်တာကို ဆေးကုသမှုတစ်ခု အနေနဲ့ရော၊ ရောဂါကို စစ်ဆေးအဖြေရှာဖို့အတွက်ရော အသုံးပြုကြပါတယ်။ သားအိမ်ခြစ်ဖို့ မခြစ်ဖို့ဆိုတာ ဆရာဝန်တွေကသာ ဆုံးဖြတ်ပါတယ်။ သားအိမ်ခြစ်ပြီး ရောဂါကို အဖြေရှာ၊ ရောဂါကို ကုသသင့်တဲ့ အခြေအနေတွေကတော့

    • ရာသီသွေးဆင်းများရတဲ့ အကြောင်းအရင်းကို သိဖို့
    • fibroids လို့ခေါ်တဲ့ကင်ဆာမဟုတ်တဲ့သားအိမ်တွင်းက အသားလုံးတွေကိုခြစ်ထုတ်ဖို့
    • သားအိမ်တွင်းမှာရှိနေတဲ့ ကင်ဆာဖြစ်ဖို့ အလားအလာများနေတဲ့ အသားလုံးတွေကို စစ်ဆေးဖို့ ခြစ်ထုတ်ဖို့
    • pelvic inflammatory disease(PID) လို့ခေါ်တဲ့လိင်ဆက်ဆံရာမှ ကူးစက်တတ်တဲ့ရောဂါ ကြောင့်ဖြစ်နေတဲ့ ရောင်နေတဲ့ ပိုးဝင်နေတဲ့ အသားစတွေကိုခြစ်ထုတ်ဖို့
    • ကိုယ်ဝန်ပျက်ကျပြီး ကျန်နေခဲ့တဲ့ သန္ဓေသား အစလေးတွေကို ခြစ်ထုတ်ဖို့ နဲ့
    • ဗိုက်ထဲက ရင်သွေးလေးမှာ ချို့ယွင်းချက်ရှိနေလို့ ( ဒါမှမဟုတ်) ကိုယ်ဝန်ကြောင့် မိခင်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ ကိစ္စတွေမှာဆိုရင် ကိုယ်ဝန်ပတ် ၂၀ မတိုင်ခင် သားအိမ်ခြစ်ပြီး ဆေးပညာအရ ကိုယ်ဝန်ဖျက်ချပါတယ်။
    • နောက်ဆုံး တစ်ခုကတော့သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းကို ထည့်တာ ၊ ထုတ်တာမှာလည်း D & C လုပ်ကြပါတယ်။

    သားအိမ်ခြစ်ပြီးရင် ဘာဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်လဲ ။ ။

    သားအိမ်ခြစ်ပြီး ရက်ပိုင်းလောက်မှာဗိုက်အောင့်တာ ၊ သွေးနည်းနည်းဆင်းတာတွေဖြစ်တတ်ပါတယ်။

    အခြား ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးတွေ မရှိတတ်ပေမယ့် အခန့်မသင့်ရင်တော့ သားအိမ်ခြစ်တာကြောင့် ဖြစ်တတ်တဲ့ ရှုပ်ထွေးတဲ့ဆိုးကျိုးတွေရှိပါတယ်။ အဲဒါတွေကတော့

    ( ၁ )သားအိမ်ပေါက်ခြင်း

    သားအိမ်ခြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲက အဖြစ်များဆုံး တစ်ခုပါ။ လတ်တလောကိုယ်ဝန်ပျက်ကျပြီးသား မိခင်တွေနဲ့ သွေးဆုံးပြီးသားအမျိုးသမီးတွေကို သားအိမ်ခြစ်တဲ့အခါ ဒီလို သားအိမ်ပေါက်တာမျိုး ဖြစ်တတ်ပါတယ်။ အဲလိုအချိန်တွေမှာ သားအိမ်က အရမ်းကို ပျော့နေတတ်တဲ့အတွက် အခန့်မသင့်ရင် ပေါက်သွားနိုင်တာမျိုးပါ။ သားအိမ်ပေါက်သွားတာကို သတိမထားမိလိုက်မိရင် သွေးထွက်လွန်တာ၊ သွေးဆိပ်သင့်တာမျိုးတွေကနေ အသက်ဆုံးတဲ့အထိ ဖြစ်သွားတတ်ပါတယ်။

    သားအိမ်ပေါက်တာရဲ့ လက္ခဏာတွေကတော့ သားအိမ်ခြစ်ပြီးဗိုက်အောင့်တာ၊ ဗိုက်တဖြည်းဖြည်းဖောင်းလာတာနဲ့ သွေးဆင်းတာတို့ပဲ ဖြစ်ပါတယ်။ သားအိမ်ခြစ်ပြီးနောက်ပိုင်းမှာ ဗိုက်က ဆက်အောင့်နေတာ၊ သွေးဆင်းများပြီး ဝမ်းဗိုက်က တင်းပြီးဖောင်းလာတာတွေက သားအိမ်ပေါက်တာဖြစ်နေနိုင်တယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ခြစ်ခါနီးရင် သားအိမ်ကျုံ့ပြီး မာမာလုံးလုံးလေး ဖြစ်သွားစေတဲ့ ဆေးလေးတွေ ထိုးပေးလေ့ရှိပါတယ်။ သားအိမ်ပျော့မနေအောင်လို့ပါ၊ သားအိမ်လည်း မြန်မြန်ဝပ်သလို သွေးထွက်လည်း နည်းပါတယ်။

    ပြီးတော့ ခုခေတ်မှာ သားအိမ်ခြစ်တာအပြင် အထိအခိုက်နည်းတဲ့ manual vacuum aspirationဆိုတဲ့ နည်းလမ်းလည်း ရှိနေတာကြောင့် လူနာအခြေအနေပေါ်လိုက်ပြီး သင့်တော်တဲ့ နည်းလမ်း သုံးလို့ရပါတယ်။

    ( ၂ ) သားအိမ်ခေါင်းကို ထိခိုက်မိခြင်း

    ဒါကတော့ သားအိမ်ခြစ်ဖို့အတွက် သားအိမ်ခေါင်းကို ချဲ့တဲ့ အဆင့်မှာ ထိခိုက်သွားနိုင်တာမျိုးပါ။

    ( ၃ ) Asherman’s syndrome

    သားအိမ်ခြစ်ခြင်းကြောင့် သားအိမ်မှာ အမာရွတ်တစ်ရှူးကျန်ခဲ့ခြင်း –ဒါကလည်း သားအိမ်ခြစ်ပြီးရင် ဖြစ်တတ်တဲ့ ဆိုးကျိုးတစ်ခုဆိုပေမယ့် အဖြစ်နည်းပါတယ်။ Asherman’s syndrome ဆိုတဲ့ သားအိမ်မှာ ကျန်ခဲ့တဲ့ အမာရွတ်ကြောင့်ရာသီလာချိန် ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အပြင် နောက်ပိုင်း ကိုယ်ဝန်ဆောင်တိုင်း သန္ဓေသားမခိုင်တော့ဘဲ ကိုယ်ဝန်ပျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    ( ၄ ) သားအိမ်ခြစ်ပြီး သေချာ ဂရုမစိုက်၊ သန့်ရှင်းမှုတွေ မရှိတဲ့အခါ သားအိမ်တွင်း ပိုးဝင်ပြီး သွေးဆိပ်တက်တာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။

    ကိုယ်ဝန်ပျက်ကျထားပေမယ့် ဆိုးကျိုးတွေကို ကြောက်လို့ သားအိမ်မခြစ်ဘဲနေလို့ မရဘူးလား။

    ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း သွေးဆင်းနေတာ ရက်အတော်ကြာတဲ့အထိ မရပ်သေးဘူးဆိုရင် ဒါ သန္ဓေသားအပိုင်းအစတွေ ကျန်ခဲ့တဲ့ လက္ခဏာဖြစ်တဲ့အတွက် ဒီ ကျန်ခဲ့တဲ့ သန္ဓေသား အပိုင်းအစလေးတွေ ဖယ်ရှားဖို့ သားအိမ်ခြစ်ကိုခြစ်ရမှာပါ။ မဟုတ်ရင် သွေးလွန်ပြီး အသက်ဆုံးရှုံသွားတတ်ပါတယ်။

    သားအိမ်ခြစ်တယ်ဆိုတာ တကယ်တော့ ဗိုက်ခွဲစရာမလိုဘဲ ထုံဆေးလေးနဲ့တင်ပြီးသွားတဲ့ အသေးစားခွဲစိတ်မှုမျိုးပါ။ သူ့ကြောင့် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ဆိုးကျိုးတွေက ရှားပေမယ့် အခန့်မသ့င့်ရင် ဒီလို တွေရှိတယ်ဆိုတာ လူနာတွေဘက်ကကြိုသိထားဖို့လိုပါတယ်။ ဒါတွေကို ကြိုသိထားတဲ့ ဆရာဝန်တွေဘက်ကလည်း ဒီလိုမျိုးပြဿနာတွေ မဖြစ်အောင် သေချာ ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်း ရက်အရေအတွက်

    (days) ရက်

    28

    ရာသီရက်စုစုပေါင်း

    (days) ရက်

    7

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: