မိခင်တွေရဲ့ ဘဝဟာ ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီး မွေးတဲ့အထိ အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်နေရတာပါ။ ၉လလုံးလုံး ကလေးလေးကို မထိခိုက်အောင်ကိုယ်ဝန်လွယ်ထားရုံနဲ့ မပြီးသေးပါဘူး။ နောက်ဆုံး မွေးခန်းထဲရောက်တဲ့အထိ ဗိုက်ထဲကနေ ကလေးလေး ကျန်းကျန်းမာမာနဲ့ ထွက်သွားနိင်ဖို့လည်း လိုပါတယ်။ ဒါက နောက်ဆုံးပန်းတိုင်ပါ။ ဒါပေမယ့် ကလေးမီးဖွားချိန် နာရီပိုင်းလောက်မှာလည်း မေမေတို့ အခက်အခဲတွေ၊ မျှော်လင့်မထားတာတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါတွေက ဘာတွေလဲ။ မေမေတို့ ဘယ်လိုတွေ ဖြေရှင်းကြမလဲ။
ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ
- မမွေးနိုင်တော့တာ
အမေက ပန်းနေပြီ၊ မညှစ်နိုင်တော့ဘူးလို့ ပြောတာ ကြားဖူးမှာပါ။ ကလေးမီးဖွားချိန် မှာ မွေးချိန်က ထင်ထားတာထက် ကြာတဲ့အခါ အမေမညှစ်နိုင်တော့ဘူးလို့ ထင်ကြပါတယ်။ မညှစ်နိုင်တာထက် တခြားအကြောင်းအရင်းတွေ ရှိနေလို့ ကလေးက အပြင်ကို ထွက်မလာသေးတာပါ။
American Pregnancy Association ရဲ့ အဆိုအရ သားဦးကိုယ်ဝန်တွေမှာ မွေးချိန်နာရီ ၂၀ထက်ကြာရင် ဒါမှမဟုတ် အရင်က မွေးဖူးတဲ့သူတွေမှာ ၁၄နာရီထက်ကြာရင် မွေးချိန်ကြာတယ်လို့ သက်မှတ်ကြပါတယ်။
မွေးချိန်ကြာနေရတဲ့ အကြောင်းတွေကတော့ သားအိမ်ခေါင်း မပွင့်တာ၊ ကလေးကြီးနေတာ၊ မွေးလမ်းကြောင်း ကျဉ်းနေတာ၊ အမြွာကိုယ်ဝန်ဖြစ်နေတာ၊ စိတ်ဖိစီးမှုတွေ၊ ကြောက်လန့်မှုတွေ ရှိနေတာ၊ အနာသက်သာစေတဲ့ ဆေးတွေကြောင့် သားအိမ်ညှစ်အား မကောင်းတာ စတာတွေ ဖြစ်နိုင်ပါတယ်။
မွေးချိန်ကြာလာတာနဲ့ တန်းပြီး မခွဲပေးပါဘူး။ အရင်ဆုံး စိတ်လေးကို လျှော့ခိုင်းထားပြီး စောင့်ကြည့်ပါတယ်။ လမ်းလေးဘာလေးလျှောက်၊ ရေနွေးလေးနဲ့ ရေပတ်တိုက်၊ အိပ်ချင်ရင်လည်း ခဏတဖြုတ် မှေးပြီး အားမွေးခိုင်းပါတယ်။ ဒါနဲ့ မရရင် ကလေးမွေးအောင် ဆေးပေးပါတယ်။ လုံးဝမရတော့မှ ခွဲမွေးပေးတာပါ။
- ကလေး ကျန်းမာရေး မကောင်းတာ
ကလေးမီးဖွားချိန် ထိ ဗိုက်မှာ စက်ပတ်ပြီး နှလုံးခုန်သံ နားထောင်ပါသေးတယ်။ နှလုံးခုန်သံနှေးသွားရင်၊ ကလေး သိပ်မလှုပ်တော့ရင်၊ ရေမြွာရည် နည်းလာရင် ကလေးမကောင်းဘူးလို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။
ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ အောက်ဆီဂျင်လုံလုံလောက်လောက် မရတာ၊ အမမှာ သွေးအားနည်းရောဂါရှိနေတာ၊ သွေးတိုးရှိနေတာ၊ ရေမြွာရည်နောက်တာ၊ ကလေးညှပ်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် နောက်ကျမှမွေးတဲ့ ကိုယ်ဝန် (၄၂ပတ်နောက်ပိုင်း)တွေမှာ ပိုတွေ့ရပါတယ်။ ဒီလုဖြစ်လာပြီဆိုရင်
-အရင်ဆုံး အမေကို ဘယ်ဘက်စောင်းအိပ်ခိုင်းပါတယ်။
-ရေများများသောက်ခိုင်းပါတယ်။
-လိုအပ်ရင် အောက်ဆီဂျင်ပေးပါတယ်။
-တခြားလိုအပ်တဲ့ ကုသမှုတွေ ပေးပြီး စောင့်ကြည့်ပါတယ်။ လိုအပ်ရင်တော့ ခွဲမွေးကောင်း ခွဲမွေးရနိုင်ပါတယ်။
- ကလေးပုခုံး ညပ်နေတာ
မွေးလမ်းကြောင်းက မွေးတဲ့အခါ ကလေးက ထွက်လာပေမယ့် ပုခုံးညှက်ကျန်နေတဲ့ ပြဿနာပါ။ ဖြစ်ခဲပေမယ့် ကလေးမမွေးဖူးတဲ့ အမျိုးသမီးတွေဆို ပိုဖြစ်တတ်ပါတယ်။ ကလေးမီးဖွားချိန်မှာ ဒီပြဿနာကြောင့် တစ်ဝက်လောက်က အရေးပေါ်ခွဲမွေးရတတ်ပါတယ်။
ကလေးမီးဖွားချိန်မှာ ဒီပြဿနာပေါ်လာခဲ့ရင် အမေကို ပုံစံပြောင်းတာ၊ ကလေးပုခုံးကို လှည့်ထုတ်တာ၊ မွေးလမ်းကြောင်းချဲ့တာတွေ လုပ်လို့ရပါတယ်။ များသောအားဖြင့်တော့ ပြဿနာမရှိပါဘူး။
ဒါပေမယ့် တစ်ခါတစ်လေ လက်က အာရုံကြောတွေ ထိခိုက်တာ၊ လက်အရိုးကျိုးတာ၊ ရှားရှားပါးပါး မွေးလမ်းကြောင်းမှာ ကြာနေတာကြောင့် အောက်ဆီဂျင်ငတ်ပြီး ဦးနှောက်ထိခိုက်တာ ဖြစ်တတ်ပါတယ်။ အမေမှာဆို မွေးလမ်းကြောင်း စုတ်ပြဲတာ၊ သွေးထွက်လွန်တာ စတာတွေ ဖြစ်တတ်ပါတယ်။
- ကလေးမီးဖွားချိန် သွေးသွန်တာ
ကလေးတစ်ယောက်ကို မွေးလမ်းကြောင်းကနေ ရိုးရိုးပဲ မွေးရင်တောင် သွေး ၅၀၀ မီလီလီတာ (ရေသန့်ဘူးဝက်)လောက် ထွက်ပါတယ်။ ခွဲမွေးရင် တစ်လီတာ (ရေသန့်ဘူး တစ်ဘူးစာ) လောက် ထွက်ပါတယ်။ ဒါမွေးပြီး ၂၄နာရီအတွင်းမှာ ထွက်တာပါ။ မွေးပြီး ၁၂ပတ်လောက်ထိ သွေးဆင်းများနေဦးမယ်ဆိုရင်တော့ ဒါနောက်ထပ် အကြောင်းရင်း တစ်ခုခု ရှိနေလို့ပါ။
ကလေးမီးဖွားချိန် မှာ သွေးသွန်ရတာရဲ့ ၈၀ရာခိုင်နှုန်းက သားအိမ်ကြွက်သား အားနည်းလို့ပါ။ ပုံမှန်ဆိုရင် အချင်းချပြီးတာနဲ့ သားအိမ်ကျုံ့အားကောင်းအောင် ဆေးသွင်းပါတယ်။ သွေးထွက်နည်းအောင်ပါ။ တချို့က ဆေးသွင်းတာတောင် သားအိမ်ကောင်းကောင်း ကျုံ့မလာတဲ့သူတွေ ရှိပါတယ်။ ဒီလိုဆို သွေးဆင်းများပြီး သွေးပေါင်တွေကျ၊ အသက်အန္တရာယ် ဖြစ်လာနိုင်ပါတယ်။ အချိန်မီကုသနိုင်မယ်ဆိုရင်တော့ ရလဒ်ကောင်းနိုင်ပါတယ်။
ကလေးမီးဖွားချိန် မှာ အကောင်းဆုံးပုံစံက ခေါင်းပိုင်း မျက်နှာအောက်ချပြီး မွေးတာပဲ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မျက်နှာအပေါ်လှန်ပြီး မွေးမယ်၊ ဆုံပိုင်းဖြစ်မယ်၊ ကန့်လန့်ခံနေမယ်ဆိုရင် မွေးရခက်နိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး ကလေးကို ပြန်လှည့်တာ၊ ညှပ်ဆွဲ၊ လေစုပ်တာ၊ မွေးလမ်းကြောင်းချဲ့တာ၊ ခွဲမွေးတာ စတာတွေ ကြုံရတတ်ပါတယ်။
ကလေးတင် အနေအထားမမှန်တာ မဟုတ်ပါဘူး။ တစ်ခါတလေ ချက်ကြိုးက လည်ပင်းမှာ ပတ်နေတာ၊ ဖိမိတာ၊ ကလေးမမွေးခင် ချက်ကြိုးအရင်ထွက်လာတာ စတဲ့ ပြဿနာတွေလည်း ကြုံရနိုင်ပါတယ်။
ကလေးမွေးဖွားချိန်မှာ ကြုံရနိုင်တဲ့ ပြဿနာများ
[embed-health-tool-due-date]