backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ

    ကိုယ်ဝန်ဆောင်ကာလမှာ ဗိုက်ထဲက ဘေဘီလေး ကျန်းမာစေဖို့ မေမေတွေက အစစအရာရာ ဂရုစိုက်ရပါတယ်။ ပုံမှန် လှုပ်ရှားမှုလေးတွေကိုတောင် ဂရုစိုက်နေမိတဲ့ ကာလပေါ့။ ဒီတစ်ခေါက်တော့ ကြားဖူးနေကျ ဖြစ်မယ့် ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်နော် ဒါမှမွေးဖွားရလွယ်မယ် လို့ လူကြီးတွေ ပြောရတဲ့ အကြောင်းအရင်းကို နည်းနည်းလောက် လေ့လာကြည့်ရအောင်နော်။

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ

    ကိုယ်ဝန်ဆောင်ကာလ ပထမ တစ်လတာကနေ ၅လတာအတွင်းမှာ တက်ကြွလှုပ်ရှားစွာ နေထိုင်တာက နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ်။ အရင်က ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်ဖြစ်ဖူးဆိုရင်တောင်မှ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။ ကိုယ်ဝန်နဲ့မို့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ချင်ဘူးဆိုသူတွေကို အကြံပြုချင်တာကတော့ ကိုယ်ဝန်ဆောင်ချိန် မေမေရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ ….

    လမ်းလျှောက်တာက အေရိုးဗစ် တစ်မျိုးဖြစ်ပြီး သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရရှိစေနိုင်သလို ဘေးကင်းစိတ်ချရတဲ့ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း တစ်မျိုးပါ။

    ဒါဆို ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လောက်လောက် လမ်းလျှောက်ရမလဲ၊ ဘာတွေ သတိထားရမလဲဆိုတာကို သိချင်နေမယ် ထင်ပါတယ်။ အတူတူ ကြည့်လိုက်ရအောင်နော်။

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာ ဘေးကင်းရဲ့လား …..

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက ကိုယ်ဝန်ဆောင်ချိန်မှာရော ဘေဘီလေးကို မွေးဖွားပြီးချိန်မှာပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်ပတ်ကို မိနစ် ၁၅၀ လောက် အထိ လျှောက်ပေးလို့ ရပါတယ်။ တစ်နေ့ကို မိနစ် ၃၀ နှုန်းနဲ့ ၅ရက် ခွဲလျှောက်တာမျိုး လုပ်ပေးပါ။
    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက ဘေးကင်းစိတ်ချရပြီး ကြွက်သားတွေနဲ့ အဆစ်တွေကို ကျန်းမာစေပြီး နှလုံးသွေးကြောစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။
    ကိုယ်ဝန်ဆောင်ချိန် လမ်းလျှောက်တာက ထိခိုက်မှု ဖြစ်နိုင်ခြေ အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှု ဖြစ်သလို ပေါင်မပြည့်ဘဲ မွေးဖွားတာ၊ လမစေ့ဘဲ မွေးဖွားတာ၊ ကိုယ်ဝန်ပျက်ကျတာလိုမျိုး ကိုယ်ဝန်ဆောင်နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်နိုင်ခြေ နည်းစေနိုင်ပါတယ်။
    လမ်းလျှောက်ရမယ့် အတိုင်းအတာကတော့ ကိုယ်ဝန်ဆောင်မေမေ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ မေမေရော ဘေဘီလေးပါ ကျန်းမာပြီး ထိခိုက်မှု ကင်းစေဖို့ လမ်းလျှောက်လေ့ကျင့်ခန်းကို မစခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာလမ်းလျှောက်ပေးပါ လို့ ပြောရတဲ့ အကြောင်းအရင်း

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ လို့ ပြောရတဲ့ အကြောင်းအရင်းက

    ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးတာက မေမေ့ကို ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာမျိုး မဖြစ်စေဖို့အတွက် ကိုယ်အလေးချိန်ကို ထိန်းညှိပေးသလို မွေးလာမယ့် ဘေဘီလေးကိုလည်း ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် လမ်းလျှောက်ပေးတာက ကိုယ်ဝန်ဆောင် သွေးတိုး၊ ကိုယ်ဝန်ဆောင် ဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်မှာ စိတ်ခံစားမှု ကောင်းစေတဲ့ endorphins ဟော်မုန်းကို ထွက်ရှိစေပါတယ်။ လမ်း ပုံမှန်လျှောက်ပေးတာက စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာ၊ စိတ်ဓာတ်ကျတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက နှလုံးကို ကျန်းမာစေပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ နှလုံးကြွက်သားတွေ သန်မာစေဖို့လည်း ထောက်ကူပေးပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက ကြွက်သားတွေကို သန်မာစေပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေတာ၊ အင်အား ပြည့်ဝစေတာတွေကြောင့် ဘေဘီလေးကို မွေးဖွားရ လွယ်စေမှာပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံး ကြုံရတဲ့ ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တဲ့အခါ

    ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တဲ့အခါ ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။

    • ဖိနပ်က မြဲမြံပြီး သက်သောင့်သက်သာ ရှိတာမျိုး ရွေးပါ။
    • ချော်ချွတ်တဲ့နေရာတွေကို ရှောင်ပါ။
    • အဖော်တစ်ယောက် ခေါ်သွားပါ။
    • အရမ်းပူနေရင် မလျှောက်ပါနဲ့။
    • ပြင်းပြင်းထန်ထန် မလျှောက်ပါနဲ့
    • ခန္ဓာကိုယ်ကို မတ်မတ်လေးထားပြီး လမ်းလျှောက်ပါ။
    • ရေဘူးယူသွားပါ။
    • လမ်းမလျှောက်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
    • ဖြည်းဖြည်းချင်းကနေ စပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement