ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်းကို သက်သာစေဖို့
ကိုယ်ဝန်ဆောင်ကာလမှာ ပျို့အန်တာက တော်တော်လေးခံရခက်ပါတယ်နော်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အခုပြောပြမယ့်နည်းလမ်းလေးတွေက အသုံးဝင်မှာပါ။
- နည်းနည်းစီနဲ့ အကြိမ်ရေများများစားပေးပါ။
အစာအိမ်ထဲမှာ ဘာမှမရှိတာက ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စားချင်စိတ်မရှိဘူးဆိုရင်တောင်မှ နည်းနည်းချင်းစီ အကြိမ်ရေများများလေး စားပေးပါ။ ဒါမှသွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာရောက်မှာဖြစ်သလို အော့အန်တာကိုလည်း သက်သာစေနိုင်မှာပါ။
တချို့ကိုယ်ဝန်ဆောင်တွေမှာ ပရိုတင်းကြွယ်ဝတဲ့ အစေ့အဆန်တွေကို စားပေးတာက ပျို့အန်တာကို သက်သာစေတာကို တွေ့ရပါတယ်။ ပရိုတင်းတွေက အဆာခံပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တာကြောင့် အစားအသောက်ပျက်နေတဲ့ မိခင်တွေအတွက်လည်း သင့်တော်ပါတယ်။ ကြားအချိန်မှာ ပိုတက်စီယမ်ကြွယ်ဝတဲ့ အသီးလေးတွေ၊ ချဉ်တဲ့ အသီးလေးတွေ စားပေးပါ။
အဆီအစိမ့်နဲ့ အစပ်တွေ ရှောင်ပါ။ အစားအစာတွေကို အအေးခံပြီးမှ စားပါ။ အေးတဲ့အခါ အနံ့သိပ်မရတဲ့အတွက် ပျို့ချင်စိတ်ကို သက်သာစေပါတယ်။
ရိုးရိုးရေ၊ သစ်သီးဖျော်ရည်အပြင် ရေအေးအေးလေးထဲကို သစ်သီးစိတ်လေးတွေ၊ သံပုရာသီးစိတ်တွေ၊ ပူဒီနံတွေ ထည့်ပြီးလည်း သောက်နိုင်ပါတယ်။ အအီပြေပြီး ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။
စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုဒဏ်တွေက ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ရောကိုယ်ပါ သက်သောင့်သက်သာဖြစ်အောင် အနားယူပါ။
ဘာမှမလုပ်ဘဲနေတဲ့အခါ ပျို့ချင်စိတ်ကိုပဲ အာရုံစိုက်နေမိနေမှာပါ။ ဒီတော့ အပြင်လေးထွက်၊ လမ်းလေးဘာလေးလျှောက်ပါ။ လေကောင်းလေသန့်ရှူပါ။ အာရုံပြောင်းတဲ့အနေနဲ့ စာဖတ်တာ၊ တစ်ခုခုကို အာရုံစိုက်ရတဲ့ အလုပ်တွေ လုပ်ကြည့်ပါ။
- အနံ့ပြင်းတာတွေကို ရှောင်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်ထက် အနံ့ခံအာရုံက ပိုကောင်းနေတတ်ပါတယ်။ ဒါကြောင့် အနံ့စူးစူးတွေ၊ ရေမွှေးနံ့၊ အမွှေးတိုင်နံ့၊ ဟင်းနံ့တွေ ရတာနဲ့ ပျို့လာပါလိမ့်မယ်။ သံပုရာသီးရှူတာ၊ နှစ်သက်တဲ့ ပန်းအနံ့လေးတွေ ရှူပေးနိုင်ပါတယ်။
အထူးသဖြင့် ဗီတာမင် B6ပါတဲ့ အားဆေးတွေက ပျို့အန်တာကို သက်သာစေပါတယ်။ သံဓာတ်အားဆေးတွေက တချို့ကိုယ်ဝန်ဆောင်တွေမှာ ပျို့အန်တာကိုဖြစ်စေလို့ သောက်နေတဲ့ထဲမှာပါတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ကြည့်ပါ။
တစ်ခါတလေမှာ ပျို့အန်တာက ဟော်မုန်းအပြောင်းအလဲကြောင့် စားချဉ့်ရည်ဆန်တက်ပြီး ရင်ပူတာကြောင့်ပါ။ ဒါကြောင့်လို့ ယူဆရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အက်စစ်ပြယ်ဆေးတွေ သောက်ပါ။ ပွပွချောင်ချောင် အဝတ်အစားတွေ ဝတ်ဆင်ပါ။
အကြံပြုချက်
ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ပျို့အန်ခြင်း Morning sicknessက ကိုယ်ဝန် ၉ပတ်မတိုင်ခင်မှာစဖြစ်တတ်ပြီး ကိုယ်ဝန်ဒုတိယ၃လပတ်လောက်ဆို သက်သာသွားတတ်ပါတယ်။ ဒီအတောအတွင်းမှာ ခုပြောတဲ့နည်းလမ်းတွေနဲ့ သက်သာအောင် နေကြည့်ပါ။ အဆက်မပြတ် ပျို့အန်နေတယ်၊ အစားလည်း မဝင်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။