backup og meta

ကိုယ်ဝန်ဆောင်ကာလ အစားအစာနှင့်ပတ်သက်၍ ဘေးကင်းစိတ်ချနိုင်စေဖို့

ကိုယ်ဝန်ဆောင်ကာလ အစားအစာနှင့်ပတ်သက်၍ ဘေးကင်းစိတ်ချနိုင်စေဖို့

အမျိုးသမီးများဟာ ကိုယ်ဝန်ဆောင်လိုက်ပြီဆိုတာနဲ့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး အကြံဉာဏ်များ ရရှိတတ်ပါတယ်။ အထူးသဖြင့် သားဦးကိုယ်ဝန်နဲ့ပက်သက်ရင် ဖြစ်ပါတယ်။ အဓိက အကြံဉာဏ်ကတော့ ဘာတွေစားသင့်သလဲ၊ ဘာတွေ မစားသင့်ဘူးလဲ ဆိုတာပါပဲ။

ကိုယ်ဝန်ဆောင်ကာလမှာ ကလေးရော မိခင်ပါ ကျန်းမာရေးကောင်းအောင် အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးသွားနိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် သတိထားရမယ့်အချက်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးမယ့် အစားအစာတွေမှာ ရောဂါပိုးကူးစက်ခြင်း မဖြစ်ရအောင် ဂရုပြုဖို့ ဖြစ်ပါတယ်။

အထူးသဖြင့် အောက်ပါရောဂါပိုးတွေ ကူးစက်နိုင်ခြေ ရှိပါတယ်။

• Toxoplasma gondii ရောဂါပိုး။ ကပ်ပါးပိုးဖြစ်ပြီး ကောင်းကောင်းမကျက်တဲ့ အသားတွေ၊ ရေမဆေးထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ စတာတွေမှာ တွေ့နိုင်ပါတယ်။

• Listeria monocytogenes ရောဂါပိုး။ အသင့်စားစားစရာတွေ၊ ပိုးမသတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့နိုင်တဲ့ ဘက်တီးရီးယားပိုး ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲမှာလည်း ပေါက်နိုင်ပါတယ်။

• ပြဒါးဓာတ်။ ငါးတချို့မှာ တွေ့ရတဲ့ သတ္တုဓာတ်ပြင်းဖြစ်ပါတယ်။

အဆိုပါ အဆိပ်အတောက်များဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အနှောင့်အယှက်ပေးပါတယ်။ ဒီပြဿနာတွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်တချို့ကို ရှောင်ကြဉ်ဖို့တော့ လိုပါတယ်။

Toxoplasmosis ပြဿနာ

T. gondii ကပ်ပါးပိုးကြောင့် ဖြစ်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒီကပ်ပါးပိုးဟာ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ မကျက်တဲ့အသားငါး၊ ကြောင်ရဲ့မစင် စတာတွေမှာ ရှိနေနိုင်ပါတယ်။ ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ပြန်ရည်ကြောများ ရောင်ရမ်းခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ တုပ်ကွေးလက္ခဏာတွေ ဖြစ်တတ်ပါတယ်။

ဆိုးရွားသွားရင် ဦးနှောက်နဲ့ မျက်လုံးကို ထိခိုက်စေပါတယ်။ လမစေ့ဘဲ မီးဖွားနိုင်ပါတယ်။ ကလေးကို အမြင်ကွယ်စေခြင်း၊ နားမကြားခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ မွေးဖွားစဉ် ပေါင်မပြည့်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

Toxoplasmosis မဖြစ်အောင် အောက်ပါအတိုင်း ကာကွယ်ပါ။

အသီးအနှံများကို မစားမီ ရေနဲ့ သေချာဆေးကြောပါ။

• စဉ့်တီတုံးများ၊ ဓားများကို အသုံးပြုပြီးရင် ရေနွေးနဲ့ ဆပ်ပြာနဲ့ ဆေးကြောပါ။

• အသားများကို မချက်ပြုတ်ခင် သေချာဆေးကြောပါ။

• မချက်ပြုတ်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကြောင်နေအိမ်၊ ရွှံ့၊ သဲ၊ အသားစိမ်းများကို ထိမိကိုင်မိပြီးရင် လက်ကိုသေချာ ဆေးကြောပါ။

• အသားများကို ကျက်အောင် သေချာစွာ ချက်ပြုတ်ပါ။

• အသားများကို တခြားစားရာများနဲ့ ခွဲထားပြီး သိမ်းဆည်းပါ။

• ကြောင်မွေးထားရင် ကြောင်အိမ်အသစ်လဲပေးပါ။ အပင်စိုက်ချိန်၊ မြေကြီးများကို ကိုင်တွယ်ချိန် လက်အိတ်စွပ်ထားပါ။

Listeriosis ပြဿနာ

L. monocytogenes ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပါတယ်။ ရေထဲမှာရေ မြေကြီးထဲမှာပါ ရောဂါပိုး ရှိတတ်ပါတယ်။ ချက်ပြုတ်လိုက်ရင် ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ ဒါပေမယ့် ထုတ်ပိုးထားတဲ့ စားစရာတွေ၊ အသင့်စားနိုင်အောင် ပြုလုပ်ထားတဲ့ အစားအစာတွေမှာ ရှိနေနိုင်ပါသေးတယ်။

အထူးသဖြင့် အေးခဲထားတဲ့ စားစရာတွေ၊ ကြပ်တိုက်ထားတဲ့ စားစရာတွေ၊ ပိုးမသတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေ၊ မချက်ပြုတ်ထားတဲ့ အသားတွေ၊ မသန့်တဲ့မြေပေါ်မှာ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေပေါ်မှာ တွေ့နိုင်ပါတယ်။

လက္ခဏာတွေအနေနဲ့ ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒီဘက်တီးရီးယားများဟာ အချင်းကို ဖြတ်သွားနိုင်ပါတယ်။ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့ဘဲမွေးခြင်း၊ မွေးကင်းစကလေးကို ရောဂါပိုးကူးစက်ခံရခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

Listeriosis မဖြစ်အောင် အောက်ပါအတိုင်း ကာကွယ်ပါ။

• ကိုယ်ဝန်ဆောင်ချိန်မှာ ဘက်တီးရီးယားပေါက်ပွားလွယ်တဲ့ အစားအသောက်တွေကို ရှောင်ပါ။

• အသားငါးများကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးပါ။

• နို့ထွက်ပစ္စည်းတွေ စားသုံးတော့မယ်ဆိုရင် ပိုးသတ်ထားတဲ့ နွားနို့ကနေ ထုတ်လုပ်ထားတာ ဟုတ်မဟုတ် စစ်ဆေးပါ။

• အသီးအနှံများကို မစားခင်မှာ ရေသေချာဆေးပါ။

ပြဒါးဆိပ်သင့်ခြင်း

ငါးအများစုမှာ ပြဒါးဓာတ်ပါဝင်ပါတယ်။ ကြီးမားပြီး သက်တမ်းရှည်တဲ့ ငါးတွေမှာ ပိုမိုပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်မှာ ပြဒါးဓာတ်ပါတဲ့ ငါးတွေစးသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးရဲ့ အာရုံကြောစနစ်ကို ထိခိုက်စေတတ်ပါတယ်။

ပြဒါးဓာတ်ပါတဲ့ ငါးတွေကတော့ မက်ကရယ်ငါး၊ ငါးမန်း၊ ဓားရှည်နှုတ်သီးငါး စတာတွေ ဖြစ်ပါတယ်။

ပုစွန်၊ ဂဏန်း၊ ဂုံး၊ ဆယ်လ်မွန်ငါး၊ တူနာ၊ ကကတစ်၊ ငါးခူ၊ တီလားပီးယား စတာတွေကို စားသုံးနိုင်ပါတယ်။ တာရှည်ခံအောင် ပြုပြင်ထားတဲ့၊ ကြပ်တိုက်ထားတဲ့ ငါးပုစွန်များ ရှောင်သင့်ပါတယ်။ အစိမ်းမစားသင့်ပါဘူး။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/food-safety-pregnancy Accessed Date 5 May 2020

ယခုပုံစံ

21/06/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံ ခြင်းဟာ အန္တရာယ်ကင်းရဲ့လား၊ မွေးဖွားလာမယ့် ကလေးကိုရော ထိခိုက်နိုင်လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement