backup og meta

မိုးရာသီမှာ ကိုယ်ဝန်ဆောင်မေမေတွေ သတိထားသင့်တဲ့ စားသောက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရာသီမှာ ကိုယ်ဝန်ဆောင်မေမေတွေ သတိထားသင့်တဲ့ စားသောက်မှုပုံစံ

    လေဒီဟာ အခုလောလောဆယ်မှာ အမျိုးသမီးတွေရဲ့ တစ်သက်တာမှာ အလှပဆုံးသော အခိုက်အတန့်ကို ရောက်ရှိနေတာပါ။ အရင်ဆုံး Congratulations! လို့ ပြောပါရစေ မကြာခင် မေမေဖြစ်တော့မယ် လေဒီလေးရေ။

    ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ ကိုးလတာ ကာလမှာ မေမေကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် အစစအရာရာကို အတော်လေး သတိထားရမှာပါ။ မိသားစုဝင်အားလုံး တဖွဖွပြောနေမယ့် စကားကလည်း သတိထားနော်ဆိုတဲ့ စကားလေးပဲ ဖြစ်မှာပါ။ ဒီအချိန်မှာ ဘာမစားနဲ့ ဘာတော့စားနော်။ ဘယ်လိုမနေနဲ့ ဒီလိုနေဆိုတဲ့ အကြံပေးမှုတွေကို အများကြီး ကြားနေရမှာပါ။

    ဒီလို အကြံပေးမှုတွေထဲမှာ မိုးရာသီမှာ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာအောင် ဘယ်လိုစားသောက်ရမလဲဆိုတာလည်း ပါလောက်ပေမယ့် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် မဖြစ်မနေ လိုက်နာသင့်တဲ့ မိုးရာသီမှာ ကိုယ်ဝန်ဆောင်မေမေတွေ သတိထားသင့်တဲ့ စားသောက်မှုပုံစံ အကြောင်းလေးကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    မိုးရာသီမှာ ကိုယ်ဝန်ဆောင်မေမေတွေ သတိထားသင့်တဲ့ စားသောက်မှုပုံစံ

    မိုးရာသီမှာ ကိုယ်ဝန်ဆောင်မေမေတွေ သတိထားသင့်တဲ့ စားသောက်မှုပုံစံ

    မိုးရာသီမှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ သတိထားသင့်တဲ့ စားသောက်မှုပုံစံ တွေက ဘာတွေများဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    လမ်းဘေးစာတွေ မစားပါနဲ့

    ဒီအချက်က အမှုမဲ့အမှတ်မဲ့နဲ့ ကိုယ်ဝန်ဆောင်မေမေတိုင်း လုပ်မိနေတဲ့ အချက် တစ်ခုပါ။ အသုပ်လေး စားချင်လို့၊ တုတ်ထိုးလေး စားချင်လို့ဆိုပြီး အလွယ်တကူ ဝယ်စားမိတတ်ကြပါတယ်။

    မိုးရာသီမှာ ပုံမှန်တောင် လမ်းဘေးစာတွေကို ရှောင်ဖို့လိုတာပါ။ ကိုယ်ဝန်ဆောင်မေမေတွေဆို ပိုသတိထားဖို့ လိုမှာပါ။ အကြောင်းကတော့ လမ်းဘေးစာတွေက အစာခြေစနစ်ကို အလွယ်တကူ ပိုးဝင်ကူးစက်စေနိုင်လို့ပါ။ ကိုယ်ဝန်ဆောင်ချိန်က ကိုယ်ခံအားနည်းနေချိန် ဖြစ်တာကြောင့်လည်း ရောဂါပိုးတွေ အလွယ်အကူ ကူးစက်နိုင်တာကြောင့် ဒီကာလမှာ လမ်းဘေးစာတွေကို မစားတာ အကောင်းဆုံး ဖြစ်မှာပါ။

    အသားတွေကို သတိထားစားပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ပရိုတင်းကို လိုအပ်မှာ မှန်ပေမယ့် သေချာကျက်အောင် မချက်ထားတဲ့ အသားတွေ၊ ငါးတွေ၊ ပင်လယ်စာတွေမှာ ကပ်ပါးပိုးတွေနဲ့ ရောဂါပိုးတွေပါနေတတ်ပြီး အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။
    ဒါကြောင့် အသားတွေ၊ ငါးတွေကို စားမယ်ဆိုရင် သေချာလေး ချက်ဖို့ လိုပါမယ်။ အသားစိမ်း၊ ငါးစိမ်းတွေ စားတာမျိုး မလုပ်ပါနဲ့။

    ရေပြည့်ပြည့်ဝဝ သောက်ပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ရေဓာတ် ပြည့်ဝဖို့ လိုပါမယ်။ ဒါမှ ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအား ကောင်းမှာဖြစ်သလို ဘေဘီလေးလည်း ကျန်းမာမှာပါ။

    မိုးရာသီမှာ ရာသီဥတု အေးတာကြောင့် ရေကို ပြည့်ပြည့်ဝဝ မသောက်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ရေဓာတ်ပြည့်ဝမှာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် မိုးရာသီမှာပေါ့။

    ရေသောက်ပါဆိုတဲ့နေရာမှာလည်း သန့်ရှင်းတဲ့ရေကို သောက်မိဖို့ လိုပါမယ်။ ရေကတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ မကူးစက်စေဖို့ပါ။ ရေအရင်းအမြစ်က စိတ်မချရဘူးဆိုရင် ရေကို ကျိုချက်ပြီး သောက်ပါ။ အုန်းစိမ်းရည် သောက်ပေးတာမျိုးလည်း ရပါတယ်။ သွားလေရာကို ရေဘူးလေး ဆောင်သွားပြီး သောက်ပေးတာကလည်း အဆင်ပြေပါတယ်။

    မိုးရာသီမှာ သစ်သီးတွေ အကြာကြီးထားပြီး မစားပါနဲ့

    သစ်သီးတွေက အာဟာရ ကြွယ်ဝသလို ဘေးကင်းစိတ်ချရတဲ့ အစားအစာတွေ အဖြစ် လူသိများကြတာပါ။ ကျန်တဲ့အချိန်တွေမှာ သစ်သီးတွေ စားတာက ကိစ္စမရှိပေမယ့် စိုထိုင်းပြီး အအေးဓာတ်ပိုတဲ့ မိုးရာသီမှာတော့ သစ်သီးတွေကို အကြာကြီးထားပြီး မစားပါနဲ့။ သစ်သီးတွေက ရေဓာတ် ကြွယ်ဝတာ မှန်ပေမယ့် သစ်သီးတွေအပေါ်မှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ သစ်သီးတွေကို စားမယ်ဆိုရင် ချက်ချင်း ခွာပြီး ချက်ချင်းစားပါ။ ရေကို သေချာစင်အောင် ဆေးပါ။ ဆားရည်စိမ်ပြီး ဆေးပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

    မိုးရာသီမှာ စားပေးသင့်တဲ့ အသင့်တော်ဆုံး သစ်သီးတွေက လိမ္မော်သီး၊ ကီဝီသီး၊ ရှောက်ချိုသီးတို့ပါ။ ဒီအသီးတွေမှာ ဗီတာမင် C နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို ဗိုက်ထဲက ဘေဘီလေးကိုလည်း ကျန်းမာစေနိုင်ပါတယ်။

    အသီးအရွက်တွေ အစိမ်း မစားပါနဲ့

    မိုးရာသီ ရောက်ပြီဆိုရင် အသီးအနှံတွေက စိမ်းစိမ်းစိုစိုနဲ့ စားချင်စရာကောင်းတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတို့ကတော့ အစိမ်းမစားပါနဲ့လို့ ပြောပါရစေ။ မိုးရာသီမှာ ဟင်းသီးဟင်းရွက်တွေမှာ ရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် သေချာ ကျက်အောင် ချက်ပြီးစားတာ၊ ပြုတ်စားတာ၊ ကြော်စားတာမျိုးပဲ လုပ်သင့်ပါတယ်။
    သခွားသီးလိုမျိုး အသီးအရွက်တွေကို အစိမ်းလိုက် တို့စားချင်တယ်ဆိုရင် ဆားရည် သေချာစိမ်ပြီး ပိုးသေအောင် ဆေးကြောပြီးမှ တို့စားတာ အကောင်းဆုံး ဖြစ်မှာပါ။ သစ်သီးတွေစားတဲ့အခါမှာလည်း အပေါ်ခွံကို ခွာပြီးမှ စားသင့်ပါတယ်။

    မိုးရာသီမှာ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ အခုပြောခဲ့တဲ့ စားသောက်မှုပုံစံလေးကို လိုက်နာပြီး မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ဂရုစိုက်လိုက်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement