home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အသည်းရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးများ။

အသည်းရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးများ။

အသည်းရောဂါဆိုတာ အသည်းရဲ့လုပ်ဆောင်ချက်တွေမှာ ပျက်ယွင်းမှုတစ်ခုခုရှိနေတာကိုဆိုလိုပါတယ်။ အသည်းဟာ ခန္ဓါကိုယ်အတွင်းက အရေးပါတဲ့လုပ်ဆောင်ချက်ပေါင်းများစွာအတွက် အကျိုးပြုနေတဲ့အစိတ်အပိုင်းဖြစ်တဲ့အတွက် သူ့မှာရောဂါဖြစ်တာ၊ ထိခိုက်တာတွေဖြစ်လာရင် ချွတ်ယွင်းမှုတွေက သိသာပါတယ်။

အသည်းရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ

အသည်းရောဂါဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။

အရက်ကြောင့်

အရက်အလွန်အကျွံသောက်သုံးမှုကြောင့် အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ရောဂါပြင်းထန်မှုက အဆင့်ဆင့်ရှိပြီး လက္ခဏာတွေလည်းအမျိုးမျိုးရှိပါတယ်။

ဆေးကြောင့်

ဆေးဝါးတွေကြောင့် အသည်းဆဲလ်တွေ ခဏတာ သို့မဟုတ် ရေရှည်ရောင်ရမ်းလာတာဖြစ်လာနိုင်ပါတယ်။ တချို့ကသောက်သုံးမှုလွန်ကဲတဲ့အခါ အသည်းကိုထိတတ်ပေမယ့် တချို့ဆေးတွေကျ ပုံမှန်ပမာဏနဲ့ပဲ ထိခိုက်စေနိုင်ပါတယ်။

ကူးစက်နိုင်တဲ့အသည်းရောင်ရောဂါပိုးကြောင့်

အသည်းရောင်ရောဂါဆိုတာရောဂါပိုးကူးစက်ခံရလို့ အသည်းဆဲလ်တွေရာင်ရမ်းလာတာဖြစ်ပါတယ်။ ကပ်ပါးပိုးတွေနဲ့ ဗိုင်းရပ်စ်တွေကသွေး သို့မဟုတ် ခန္ဓါကိုယ်အရည်တွေကတဆင့်၊ ရောဂါပိုးပါတဲ့ အစားအစာနဲ့ရေတို့ကတဆင့်၊ ဒါမှမဟုတ်ရောဂါကူးစက်ခံရတဲ့ သူနဲ့နီးနီးကပ်ကပ်နေမိရာကတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး အသည်းကိုပျက်စီးစေပါတယ်။ အသည်းရောဂါဖြစ်စေတဲ့အထဲက အဖြစ်များဆုံးရောဂါပိုးတွေကတော့ –

  • အသည်းရောင် A ဗိုင်းရပ်စ်– အသည်းရောင် A ပိုးဟာ မစင်ကတဆင့် လူကိုကူးစက်တတ်တဲ့ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် အစားအစာကိုင်တွယ်ပြင်ဆင်ရာမှာ သန့်ရှင်းဖို့ လက်ကိုမှန်မှန်ဆေးသင့်ပါတယ်။ ဒီပိုးက ကာကွယ်ဆေးနဲ့လည်း ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။
  • အသည်းရောင်B ဗိုင်းရပ်စ် – အသည်းရောင်B ပိုးဟာ ခန္ဓါကိုယ်အရည်များမှတဆင့် (ဆေးထိုးအပ်များ၊ရောဂါပိုးရှိသူရဲ့သွေး၊ လိင်ဆက်ဆံမှု တို့ကတဆင့်) ကူးစက်တတ်ပြီး နာတာရှည်အသည်းရောင်ခြင်းကိုဖြစ်လာစေပါတယ်။ အဲဒီကမှ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာတို့အထိဖြစ်လာစေနိုင်ပါတယ်။B ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
  • အသည်းရောင် C ဗိုင်းရပ်စ်– အသည်းရောင် B ဗိုင်းရပ်စ်လိုပဲခန္ဓါကိုယ်အရည်တွေကတဆင့် (ဆေးထိုးအပ်များ၊ရောဂါပိုးရှိသူရဲ့သွေး၊ လိင်ဆက်ဆံမှု တို့ကတဆင့်) ကူးစက်တတ်ပြီး နာတာရှည်အသည်းရောင်ခြင်းကိုဖြစ်လာစေတယ်၊ နောက်ပိုင်းမှာ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာတို့အထိဖြစ်လာစေနိုင်ပါတယ်။ သူကတော့ ကာကွယ်ဆေးမရှိသေးပါဘူး။ ကုသပျောက်ကင်းနိုင်တဲ့ဆေးဝါး၊ကုထုံးအသစ်တွေတော့ရှိနေပါပြီ။
  • အသည်းရောင် D ဗိုင်းရပ်စ်ကတော့B ပိုးရှိနေပြီးမှ ကူးစက်ရှင်သန်နိုင်တာဖြစ်ပြီး ခန္ဓါကိုယ်အရည်တွေကတဆင့် ကူးစက်တတ်ပါတယ်။
  • အသည်းရောင် E ဗိုင်းရပ်စ်က ရောဂါပိုးပါတဲ့ အစားအသောက်နဲ့ ရေကတဆင့်ကူးစက်တာဖြစ်ပါတယ်။
  • မျိုးရိုးကြောင့်ဖြစ်တဲ့ အသည်းရောဂါ ကတော့ မိသားစုမျိုးရိုးကတဆင့် မျိုးဗီဇအရ ကူးစက်ရရှိတာဖြစ်ပါတယ်။
  • ဓါတုပစ္စည်းထိတွေ့မှုကြောင့် အသည်းဆဲလ်တွေကိုရောင်ရမ်းစေပြီး ထိခိုက်ပျက်စီးစေတာမျိုးလည်း ရှိပါတယ်။anabolic steroids၊vinyl chloride နဲ့carbon tetrachloride တို့လို ဓါတုပစ္စည်းတွေက အသည်းကင်ဆာကိုပါဖြစ်စေနိုင်ပါတယ်။

အသည်းမှာရောဂါဖြစ်လာပြီဆိုတာနဲ့ မဆင်ခြင်၊ မကုသရင် နောက်ဆုံးမှာဖြစ်လာနိုင်တဲ့အန္တရာယ်က အသည်းခြောက်ခြင်းနဲ့အသည်းကင်ဆာပါပဲ။

အသည်းခြောက်ခြင်းကိုဖြစ်စေနိုင်တဲ့အရာတွေ

အသည်းခြောက်ခြင်းရဲ့အဖြစ်များဆုံးအကြောင်းရင်းတွေက အသည်းကိုရောဂါပိုးကူးစက်ခံရတာ( အသည်းရောင် B နဲ့ C တို့လို နာတာရှည်အသည်းရောဂါ)၊ ဆီးချိုရောဂါအဝလွန်ခြင်းတို့ကြောင့်ဖြစ်လာတဲ့ အသည်းအဆီဖုံးခြင်း၊နဲ့ အရက်သောက်သုံးခြင်းတို့ဖြစ်ပါတယ်။ ဒါ့အပြင် အသည်းကိုထိခိုက်စေတဲ့အရာမှန်သမျှက အသည်းခြောက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

အသည်းခြောက်ခြင်းကို စဖြစ်ဖြစ်ချင်းမှာ ဘာလက္ခဏာမှာ မပြတတ်ပါဘူး။ဒါ့ကြောင့်အသည်းကိုတော်တော်လေးထိခိုက်လာတဲ့အဆင့်မှာမှ လက္ခဏာတွေကိုသတိထားမိတတ်ပါတယ်။

အဓိက လက္ခဏာတွေက

  • ပင်ပန်းပြီးအားနည်းနေမယ်
  • မအီမသာဖြစ်နေမယ်
  • အစားအသောက်ပျက်ပြီး ပိန်လာမယ်
  • လိင်စိတ်လျော့နည်းလာမယ်

လက္ခဏာကပိုဆိုးလာတာနဲ့အမျှ ဒါတွေဆက်ဖြစ်လာမယ် –

  • မျက်သားတွေ ဝါလာမယ်၊ အသားတွေဝါလာမယ်
  • အဖျားတက်ပြီး ချမ်းတုန်လာတတ်တယ်
  • အော့အန်မယ်
  • ဝမ်းပျက်မယ်
  • အသားတွေယားမယ်
  • ဗိုက်အောင့်မယ်၊ ဗိုက်ပွမယ်၊ ဗိုက်ဖောင်းလာမယ်
  • ဝမ်းမည်းမည်းတွေသွားမယ်
  • ထိခိုက်အနာတရဖြစ်လွယ်၊သွေးထွက်လွယ်လာမယ်
  • ခြေထောက်၊ခြေကျင်းဝတ်တို့မှာဖောရောင်လာတယ်(အသက်ရှူကျပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်)
  • မှတ်ဉာဏ်မကောင်းတော့တာ၊ ထင်ယောင်ထင်မှားတွေမြင်လာတာ၊ အာရုံစူးစိုက်ရခက်တာတွေလို အပြောင်းအလဲတွေဖြစ်လာတယ်
  • အမျိုးသမီးတွေမှာ ရာသီမမှန်ဖြစ်လာမယ်
  • အမျိုးသားတွေမှာ ရင်သားကြီးလာမယ်၊ဝှေးစေ့အရွယ်အစားမမှန်ဖြစ်လာမယ်

Cirrhosisမှာ အဆင့်လေးဆင့်ရှိပါတယ်။ ပထမအဆင့်ဆိုရင် အသည်းမှာအမာရွတ်စဖြစ်လာတာပေမယ့် လက္ခဏာသိပ်မပြပါဘူး။ ‘Compensated Cirrhosis လို့ခေါ်တဲ့ ဒီအဆင့်မှာရောဂါအကြောင်းရင်းခံကိုသေချာကုသလိုက်မယ်ဆိုရင် အသည်းကျန်းမာရေး ပြန်ကောင်းနိုင်ပါတယ်။

ဒုတိယအဆင့်မှာ Portal Hypertension (အသည်းမှာရှိတဲ့သွေးကြောတွင်းဖိအားမြင့်တက်ခြင်း)တွေပိုဆိုးလာပြီးသွေးကြောထုံးလေးတွေဖြစ်လာတာတွေ( အသည်းကိုသွေးမရောက်အောင် ပိတ်ဆို့နေတဲ့ varices တွေဟာ အသည်းခြောက်ခြင်းကြောင့်ဖြစ်လာတာပါ) ပါဝင်ပါတယ်။

တတိယအဆင့်မှာ ဝမ်းဗိုက်ဖောရောင်လာပြီး အသည်းအမာရွတ်ဖြစ်တဲ့ရောဂါအဆင့်ကပိုဆိုးလာပါတယ်။ ဒီအဆင့်ကိုတော့ပြန်လည်ကုသဖို့ခက်ခဲတဲ့decompensated cirrhosis အဆင့်လို့ခေါ်ပါတယ်။ ဒါဆိုရင်ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာပြီး အသည်းပျက်စီးသွားနိုင်ပါတယ်။

စတုတ္ထအဆင့်ကတော့ အသက်အန္တရာယ်ရှိလာနိုင်တဲ့အပြင်နောက်ဆုံးအဆင့်အသည်းရောဂါ(ESLD)ကိုရောက်လာပြီး အစားထိုးကုသမှုမလုပ်ရင် အသက်ဆုံးရှုံးရနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ ခုလေးတင် တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။