ကိုယ်ဝန်ဆောင်စဉ် ယောဂကျင့်ခြင်းရဲ့အကျိုးကျေးဇူး ၇ရပ်

    ကိုယ်ဝန်ဆောင်စဉ် ယောဂကျင့်ခြင်းရဲ့အကျိုးကျေးဇူး ၇ရပ်

    ကိုယ်ဝန်ဆောင်နေစဉ် ယောဂကျင့်တာက သင့်ကို အကျိုးကျေးဇူးတွေ အများကြီး ရစေနိုင်ပါတယ်။ ဒါပေမယ့် ပထမဆုံးလုပ်မှာဆိုရင်တော့ သင့်အနေနဲ့ ကောင်းကောင်းအနားယူဖို့တော့ လိုပါတယ်။ မြန်မြန်လုပ်စရာ မလိုပါဘူး။ ဘာလို့ဆိုတော့ ယောဂကျင့်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်က သက်သောင့်သက်သာ ဖြစ်ဖို့နဲ့ အနားယူဖို့ပါ။

    ကိုယ်ဝန်ဆောင်စဉ်မှာ ယောဂကျင့်ရင် ရနိုင်တဲ့ အကျိုးကျေးဇူး (၇)ရပ်အကြောင်း ဖတ်ကြည့်စေလိုပါတယ်။

    ၁။ သင့်ခန္ဓါကိုယ်ကို ပိုပြီး ကျန်းမာကြံ့ခိုင်စေတယ်

    ကိုယ်ဝန်ဆောင်ဘဝမှာ သင့်ခန္ဓါကိုယ်ဟာ ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ပြောင်းလဲမှုတွေ ကြုံတွေ့နေရပါတယ်။ ဟော်မုန်းတွေလည်း ခန္ဓါကိုယ်ထဲ များလာတယ်။ ယောဂကျင့်ခြင်းက သင့်ခန္ဓါကိုယ်ကို အဲဒီအပြောင်းအလဲတွေကြား လိုက်လျောညီထွေဖြစ်စေပြီး တဖြည်းဖြည်းကြီးလာမယ့် ဗိုက်ကို သက်သာင့်သက်သာ ဖြစ်စေမှာပါ။ ဒါဆိုရင် သင့်အနေနဲ့လည်း နေရထိုင်ရ ပိုမိုကောင်းမွန်ပါလိမ့်မယ်။

    ၂။ အသက်ရှူနည်းစနစ်တွေ သင်ယူနိုင်မယ့် နည်းလမ်းကောင်း ဖြစ်တယ်

    ကိုယ်ဝန်ဆောင်စဉ်မှာ အသက်ရှူနည်းစစနစ်ဟာ ရုပ်ပိုင်းရော စိတ်ပိုင်းအတွက်ပါ အရေးကြီးပါတယ်။ သင့်ခန္ဓါကိုယ်ထဲမှာ ပြောင်းလဲနေတဲ့ ဟော်မုန်းတွေက သင့်ရဲ့စိတ်ခံစားမှုကို လွှမ်းမိုးနေပြီး အကြောင်းရင်းမရှိဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံနေရတတ်ပါတယ်။ စိုးရိမ်ပူပန်နေမယ်၊ စိတ်တိုနေမယ်။ အဲဒီလိုစိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့က အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး သတိ မှတ်နေဖို့ လိုပါတယ်။

    ဒီလေ့ကျင့်ခန်းတွေကတော့ သင့်ကို အသက်၀၀ရှူအောင် ကူညီပေးနိုင်မှာ ဖြစ်သလို သင့်ကလေးဆီလည်း အောက်ဆီဂျင်များများ ရအောင် ကူညီပေးပါတယ်။ အဲဒီအပြင် အသက်ရှူနည်းစနစ်တွေ သင်ယူထားခြင်းက ကလေးမွေးတဲ့အခါ အနာသက်သာစေဖို့လည်း အထောက်အကူပြုပါတယ်။

    မှတ်ထားပါ၊ ကလေးမွေးစဉ်မှာ အသက်ရှူခြင်းဟာ သင့်အတွက် အကောင်းဆုံးသူငယ်ချင်းပါပဲ။

    ၃။ ခါးနောက်ကျောနာတာကို သက်သာစေတယ်

    ကိုယ်ဝန်ဆောင်မိခင်တွေ ကြုံရလေ့ရှိတဲ့ပြဿနာတစ်ခုကတော့ ခါးအောက်ပိုင်း နာကျင်တာပါပဲ။ ယောဂလေ့ကျင့်ခန်းတွေက သင့်ရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေတယ်၊ သင့်ရဲ့ ခန္ဓါကိုယ်ကို ဟန်ချက်ညီစေပြီး နောက်ကျောကြွက်သားများကို အားကောင်းစေပါတယ်။

    ၄။ ကြွက်သားများရဲ့ သန်စွမ်းမှုကို အထောက်အကူပေးတယ်

    ကလေးမွေးတဲ့အခါ လိုအပ်တဲ့ ကြွက်သားတွေရဲ့ သန်စွမ်းမှုကို ယောဂလေ့ကျင့်ခန်းတွေက ကူညီပေးပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့ ပုံစံမျိုးလေ့ကျင့်ခြင်းက သင့်ရဲ့ တင်ပါးဆုံနဲ့ တင်ပါးတွေကို သန်စွမ်းစေပါတယ်။ ဒီလေ့ကျင့်ခန်းတွေက သင့်ရဲ့ အသက်ရှူနည်းစနစ်၊ ကိုယ်နေဟန်ထားနဲ့ နာကျင်မှုထိန်းချုပ်ခြင်းတို့ကို အထောက်အကူပေးပါတယ်။ နောက်ပြီး စိတ်ဖိစီးမှုတွေကို လျော့စေသလို ရိုးရိုးမွေးဖို့လည်း စိတ်သက်သာမှု ရှိလာပါလိမ့်မယ်။

    ၅။ စိတ်အေးချမ်းပြီး ပေါ့ပါးနေမယ်

    ကိုယ်ဝန်ဆောင်ချိန်အများစုမှာ စိုးရိမ်ပူပန်မှုတွေ ရှိကြပါတယ်။ အစားအသောက်၊ ရောဂါနဲ့ ကလေးမွေးဖွားမှုနဲ့ပတ်သက်ပြီး စိုးရိမ်နေကြရတယ်။ အဲဒီအခြေအနေက အိပ်မပျော်ခြင်း၊ စိတ်ဓါတ်ကျခြင်းတို့ကို ထပ်ဖြစ်စေတယ်။ ယောဂလေ့ကျင့်ခန်းတွေကို တောက်လျှောက်လုပ်သွားမယ်ဆိုရင်တော့ သင့်အနေနဲ့ အဲ့ဒီလိုခံစားရတာတွေ နည်းလာမယ်။ ပိုပြိးလည်း သက်သောင့်သက်သာရှိလာမယ်။ အိပ်မပျော်ခြင်းတွေအတွက်လည်း အကောင်းဆုံးကုထုံးဖြစ်ပါတယ်။

    ၆။ သင့်ကလေးနဲ့ ဆက်သွယ်မှုတစ်ခု ရစေတယ်

    ယောဂလေ့ကျင့်ခြင်းက သင့်ကလေးရဲ့ အနေအထားကို ပိုပြီးသက်သောင့်သက်သာ ဖြစ်စေပါတယ်။ တစ်ခါတစ်လေမှာ လေ့ကျင့်ခန်းမစခင် ဗိုက်ကိုပွတ်ပြီး ကလေးကို စကားပြောတာမျိုးတွေ လုပ်ရတာရှိပါတယ်။ အဲဒါက သင်နဲ့သင့်ကလေးကြား ဆက်နွယ်မှုကို ပိုအားကောင်းစေပါတယ်။

    ၇။ တခြားကိုယ်ဝန်ဆောင်တွေနဲ့လည်း သိကျွမ်းခွင့်ရစေတယ်

    ယောဂလေ့ကျင့်တဲ့နေရာကို သွားခြင်းဖြင့် တခြားကိုယ်ဝန်ဆောင်တွေနဲ့ပါ သိကျွမ်းပြီး ကိုယ်ဝန်နဲ့ပတ်သက်တာ၊ ဆေးရုံဆေးခန်၊ ဆရာဝန်တွေနဲ့ ပတ်သက်တာတွေ ဖလှယ်နိုင်သလို၊ ကလေးအတွက် ဘယ်လိုအသုံးအဆောင်တွေ ဝယ်ရအဆင်ပြေတယ် ဆိုတာတွေပါ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။ လူမှုကွန်ရက်မှာ အဖွဲ့လေးတွေလုပ်ပြီး အပြင်မှာ မကြာမကြာ ဆုံတာမျိုးလည်း လုပ်နိုင်ပါတယ်။ အဲဒါက သင့်ကို လန်းဆန်းတက်ကြွစေသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

    Heallo Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    0
    စာရေးသူ ဓာတ်ပုံbadge
    Dr. Phio Thiha မှ ရေးသားသည်။ 01/04/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။