backup og meta

ကိုယ်ဝန်ဆောင်ပြီးနောက် ဖြစ်တဲ့ လိပ်ခေါင်းကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ပြီးနောက် ဖြစ်တဲ့ လိပ်ခေါင်းကို ဘယ်လိုဖြေရှင်းမလဲ

    လိပ်ခေါင်းဆိုတာ စအိုလမ်းကြောင်းအတွင်းမှာ ရှိတဲ့ တစ်ရှူးနဲ့ သွေးကြောများ ရောင်ရမ်းခြင်း သို့မဟုတ် စအိုဝ ပတ်လည်မှာ ရှိတဲ့ အရေပြား ပွပြီး ရောင်ရမ်းခြင်းကို ဆိုလိုတာပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း လိပ်ခေါင်းရောဂါ ပိုအဖြစ်များတတ်ပါတယ်။ အကြောင်းရင်းကတော့ ဗိုက်ထဲမှာ ရှိနေတဲ့ ကလေးရဲ့ ဝန်ဟာ စအိုနေရာကို ဖိအားအပို ဖြစ်စေနိုင်လို့ပါ။ ဒီအတွက် ကိုယ်ဝန်ဆောင်နေစဉ်မှာရော ကလေးမွေးပြီးနောက်မှာပါ လိပ်ခေါင်း ဖြစ်နိုင်ခြေက ပိုများလာတတ်ပါတယ်။ အထူးသဖြင့် ဗိုက်ခွဲမွေးတာမဟုတ်ဘဲ ရိုးရိုး မိန်းမကိုယ်လမ်းကြောင်းကနေ ညှစ်ထုတ်ပြီး ကလေးမွေးတဲ့ မေမေတွေမှာလည်း အဖြစ်များနိုင်ပါတယ်။

    လိပ်ခေါင်းသည် သူ့အလိုလို ပျောက်သွားနိုင်လား။

    တချို့သော လိပ်ခေါင်းတွေဟာ အရမ်း မပြင်းထန်တဲ့အတွက် ကုသမှု ကြီးကြီးမားမား ခံယူစရာ မလိုဘဲ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ လိပ်ခေါင်း အရွယ်အစား၊ ဘယ်နေရာမှာ ဖြစ်နေတာလဲ၊ ဘယ်လောက်ထိ အခြေအနေ ဆိုးလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီး ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ ပျောက်ရန် ကြာချိန်ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

    တစ်ခါတစ်ရံ လိပ်ခေါင်းအဆင့်မှ သွေးခဲနေတဲ့  လိပ်ခေါင်း၊ ပုပ်ခါနီး ဖြစ်နေတဲ့ လိပ်ခေါင်း အခြေအနေကိုလည်း ပြောင်းလဲသွားနိုင်ပါတယ်။ အန္တရာယ်ရှိပြီး ဝမ်းသွားနေစဉ်မှာရော၊ ဝမ်းမသွားတဲ့ အချိန်မှာပါ အလွန် နာကျင်နိုင်ပါတယ်။ ဒီလို လိပ်ခေါင်းမျိုးကိုတော့ ဆရာဝန်အနေနဲ့ အသေးစား ခွဲစိတ်မှုမျိုး ပြုလုပ်ပြီး လိပ်ခေါင်းကို ဖယ်ရှားကုသပေးမှာ ဖြစ်ပါတယ်။

    တချို့သော လိပ်ခေါင်းတွေဟာ နာတာရှည် ဝေဒနာမျိုး ဖြစ်သွားတတ်ပြီး ပျောက်ကင်းသက်သာဖို့ လပေါင်းများစွာ ကြာမြင့်နိုင်တာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် လိပ်ခေါင်း ဖြစ်နေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ သေချာပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။

    လုပ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးများ

    အရမ်း ပြင်းထန်တဲ့ အခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ သိပ်ပြီး မပြင်းထန်ရင်တော့ ဆရာဝန်ပေးတဲ့ ဆေးတွေ မှီဝဲတာအပြင် တခြားလုပ်ပေးလို့ ရတဲ့ အိမ်တွင်းကုထုံးတွေ ရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ဆေးသောက်လို့ ဗိုက်ထဲက ကလေး တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်ဆိုရင် ဒီနည်းလမ်းတွေကို လိုက်နာကြည့်လို့ ရပါတယ်။

    ၁။ ဝမ်းသွားတဲ့အခါ အရမ်းညှစ်ပြီး မသွားဖို့ ဂရုစိုက်ပေးပါ။ ဝမ်းချုပ်နေရင် အရမ်းမညှစ်ပါနဲ့။ အိမ်သာမှာ အကြာကြီး မထိုင်ပါနဲ့။

    ၂။ နေ့စဉ် အစာအာဟာရမှာ အမျှင်ဓာတ်ကို မပါမဖြစ် စားသုံးပေးပါ။ အမျှင်ဓာတ်ဟာ အစာခြေစနစ်အတွက် အထူးကောင်းမွန်တာကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

    ၃။ ရေကိုလည်း များများ သောက်ပေးပါ။ ရေသောက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ အပူရှိန်ကို ကျစေသလို နီရဲရောင်ရမ်းနေတာကိုလည်း လျော့နည်းစေပါတယ်။ ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

    ၄။ ရောင်တာ၊ နာကျင်တာကို သက်သာစေဖို့ စအိုပတ်လည်ကို ရေခဲဝတ် ကပ်ထားပေးလို့ ရပါတယ်။ အသားနဲ့ ရေခဲ တိုက်ရိုက်ထိတာမျိုးထက် အဝတ် တစ်ခုခုနဲ့ ခံပြီးမှ ကပ်တာက ပိုအဆင်ပြေပါတယ်။

    ၅။ ရေချိုးတဲ့အခါ ရေနွေးလေးနဲ့ ချိုးပေးပါ။ ရေနွေးနဲ့ ရေစိမ်ချိုးတာမျိုး လုပ်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။

    ၆။ ဝမ်းသွားပြီးတဲ့အခါ တစ်သျှူး အခြောက်ထက် ရေနည်းနည်းစွတ်ပြီး သုတ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ အမွှေးရနံ့ ပါတဲ့ တစ်သျှူးတွေက ယားယံစေနိုင်တဲ့အတွက် အသုံးမပြုပါနဲ့။

    ၇။ တင်ပါးနဲ့ စအိုပတ်လည်ကို ခြောက်သွေ့ သန့်ရှင်းနေအောင် ထားပါ။

    ၈။ ဖြည့်စွက်အားဆေး အနေနဲ့ ဝမ်းပျော့ဆေး၊ အမျှင်ဓာတ် ပါဝင်တဲ့ အားဆေး၊ လိပ်ခေါင်း လိမ်းဆေး ခရင်မ် စတာတွေကို သုံးစွဲနိုင်ပါတယ်။ အားဆေးနဲ့ လိမ်းဆေးကိုတော့ ကိုယ်ပြနေတဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ မှီဝဲတာ အကောင်းဆုံးပါပဲ။

    များသောအားဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ နောက်ဆက်တွဲ လိပ်ခေါင်းရောဂါ ဖြစ်တတ်တာ သဘာဝပဲမို့ အရမ်းကြီးတော့ အစိုးရိမ်မလွန်ပါနဲ့နော်။ ကိုယ့်ကိုယ်ကိုယ် ရောဂါ ရှိတယ်လို့ သံသယဖြစ်ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး စစ်ဆေးကြည့်ဖို့၊ နာကျင်မှုဝေဒနာတွေ သက်သာစေဖို့ အပေါ်မှာ ပြောထားခဲ့တဲ့ နည်းလမ်းတွေကိုလည်း လိုက်နာကြည့်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement