backup og meta

Lupus (သို့မဟုတ်) အမျိုးသမီးတွေ သတိထားသင့်တဲ့ နာတာရှည်ရောင်ရမ်းနာ


Ye Zon Aung မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Lupus (သို့မဟုတ်) အမျိုးသမီးတွေ သတိထားသင့်တဲ့ နာတာရှည်ရောင်ရမ်းနာ

    ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ နာတာရှည်ရောင်ရမ်းနာတစ်မျိုးကို Lupus လို့ ခေါ်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ထဲက ကိုယ်ခံအားစနစ်က ပြင်ပမှဝင်ရောက်သော အရာတွေ၊ ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ကျန်းမာသော ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်တာကြောင့် ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။

    Lupus ကြောင့် ရောင်ရမ်းခြင်းဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းအမျိုးမျိုးအပေါ် သက်ရောက်မှုရှိစေနိုင်ပါတယ်။ အဆစ်အမြစ်အရေပြား၊ ကျောက်ကပ်၊ မျက်လုံးဦးနှောက်အာရုံကြောစနစ်၊ နှလုံးနဲ့ အဆုတ်စတဲ့ နေရာမျိုးစုံပါပဲ။

    ပြီးတော့ Lupus ဟာ လိင်အမျိုးအစားအားလုံးနဲ့ လူကြီး၊ ကလေးအစုံမှာ ဖြစ်ပွားနိုင်ချေရှိတဲ့ ရောဂါတစ်မျိုးဖြစ်တယ်ဆိုပေမယ့် ရောဂါစွဲကပ်ခံရသူ စုစုပေါင်းရဲ့ ၉၀% ဟာ အမျိုးသမီးတွေဖြစ်ကြတာဟာ ထူးခြားချက်ဖြစ်ပါတယ်။

    အမျိုးသမီးတွေရဲ့ Lupus ဝေဒနာဖြစ်ပေါ်နိုင်ခြေက အမျိုးသားတွေထက် ၁၀ ဆ ပိုများပါတယ်။ ဒါကြောင့် ဒီဝေဒနာနဲ့ ပတ်သက်လာရင် အမျိုးသမီးတွေအနေနဲ့ ပိုမို သတိထားသင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အသက် ၁၅ နှစ်နဲ့ ၄၄ နှစ်အတွင်းမှာအများဆုံးဖြစ်လေ့ရှိပါတယ်။

    လူမျိုးအားဖြင့်ဆိုရင်တော့ အာဖရိကန်-အမေရိကန်၊ စပိန်စကားပြော ဟစ်ပန်းနစ်နဲ့ အာရှနွယ်ဖွားလူမျိုးတွေမှာ ပိုအဖြစ်များပါတယ်။

    သတိထားသင့်တဲ့ ရောဂါလက္ခဏာများ

    Lupus ကို ယျေဘုယျအားဖြင့် ၅ မျိုးခွဲခြားလို့ရပါတယ်။

    • Systemic lupus erythematosus – အရေပြား၊ ကိုယ်တွင်း အစိတ်အပိုင်းတွေနဲ့ အဆစ်အမြစ်တွေကို ထိခိုက်စေတဲ့ Lupus
    • Discoid lupus – အရေပြားတွေ ထိခိုက်စေတဲ့ ထိခိုက်စေတဲ့ Lupus
    • Sub-acute cutaneous lupus erythematosus – အရေပြားပေါ်မှာဖြစ်ပေါ်ပြီး ထူးခြားကာ အသေးစိတ်နိုင်လှတဲ့ ထိခိုက်စေတဲ့ Lupus
    • Drug-induced lupus – ဆေးဝါးတစ်မျိုးမျိုးနဲ့ မတည့်တာကြောင့် ဖြစ်ပေါ်တဲ့ ထိခိုက်စေတဲ့ Lupus
    • Neonatal lupus – မွေးကင်းစကလေးတွေမှာ ဖြစ်ပေါ်တတ်တဲ့ Lupus စသဖြင့်ပါပဲ။

    Lupus ဟာ အမြဲတမ်းခံစားရတာ၊ မကြာခဏ ခံစားရတာနဲ့ တစ်ခါတစ်လေမှ ခံစားရတာဆိုပြီး ရောဂါလက္ခဏာ သဘောသဘာဝ ၃ မျိုးရှိပါတယ်။ ရောဂါမျိုးကွဲတွေ ရှိသလိုပဲ ဒီဝေဒနာရဲ့ လက္ခဏာတွေဟာလည်း ထိခိုက်ခံရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

    ယျေဘုယျ လက္ခဏာတွေကတော့

    • ပင်ပန်းနွမ်းနယ်ခြင်း
    • ဖျားခြင်း
    • အဆစ်အမြစ်နာခြင်း၊
    • တောင့်တင်းခြင်း၊
    • ရောင်ရမ်းခြင်း၊
    • ပါးစပါ၊ နှာခေါင်းနဲ့ လျှာတို့ နာကျင်ခြင်း၊
    • မျက်နှာတွင် ပါးနှင့်နှာခေါင်းကိုဖုံးသော လိပ်ပြာသဏ္ဍာန် အနီကွက်ပေါ်လာခြင်း
    • နေရောင်နဲ့ ထိတွေ့မိချိန်မျိုးမှာ အရေပြားပြဿနာ ပိုဆိုးရွားလာခြင်း
    • အေးသောအခါ၊ ဖိအားများသောအခါ လက်ချောင်းခြေချောင်းများ ဖြူခြင်း ပြာခြင်း
    • အသက်ရှူမြန်ခြင်း
    • ရင်ဘတ်အောင့်ခြင်း
    • မျက်လုံးခြောက်သွေ့ခြင်း
    • ခေါင်းကိုက်ခြင်း၊
    • စိတ်ရှုပ်ထွေးခြင်း၊
    • မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စတာတွေပါပဲ။

    Lupus ဝေဒနာရှင်တွေဟာ ကိုယ်ခံအားစနစ်ပျက်ယွင်းတာ၊ ကျောက်ကပ်၊ အာရုံကြောဆိုင်ရာ ပြဿနာတွေနဲ့ သွေးတွင်း သွေးဖြူဥပမာဏ ကျဆင်းတာမျိုးတွေကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။

    Lupus ဟာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ Lupus ဖြစ်ခြင်းကို လှုံ့ဆော်ပေးတဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့ရင် ဖြစ်နိုင်ပါတယ်။ အချို့သောကူးစက်ရောဂါပိုးတွေဟာ Lupus ကို အစပျိုးစေပြီး သက်သာပြီးသား ဝေဒနာသည်ဟောင်းတွေကို ပြန်ဖြစ်စေနိုင်ပါတယ်။

    ဘာကြောင့် Lupus ကို သတိထားသင့်တာလဲ

    Lupus ဟာ ပျောက်ကင်းအောင် ကုသလို့မရနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီးတော့ အစားအသောက် မှီဝဲမှုနဲ့လည်း ယျဘုယျအားဖြင့် သက်ဆိုင်မှုမရှိတတ်ပါဘူး။ ကုသမှုတွေဟာ ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်ပြီး ကျန်းမာစွာနေနိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပေမယ့် လုံးဝအရှင်းပျောက်ကင်းအောင်တော့ ကုသလို့ မရနိုင်ပါဘူး။

    ဒါ့အပြင် Lupus ရောဂါရဲ့ လက္ခဏာအများစုဟာ တခြားသောရောဂါတွေနဲ့ မှားယွင်းနိုင်တာမို့ လူနာအနေနဲ့ ရောဂါရာဇဝင်ကို တိတိကျကျမပြောပြနိုင်တဲ့အခါ ကုသမှုလမ်းကြောင်း လွဲချော်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအချက်ဟာ အရေးကြီးတဲ့ အချက်တစ်ခုပါ။

    Lupus ကို အကိုက်အခဲပျောက်ဆေးတွေ၊ ငှက်ဖျားပျောက်ဆေးတွေနဲ့ စတီးရွိုက် ပါဝင်တဲ့ဆေးတွေနဲ့ ကုသကြလေ့ရှိသလို စိတ်ဖိစီးမှု လျှော့ချတာ၊ အာဟာရမျှတစေတာ၊ အိပ်ရေးဝဝ အိပ်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ နေရောင်ထိတွေ့မှုကို ရှောင်ကြဉ်တာမျိုးတွေပြုလုပ်ပြီးတော့လည်း ဂရုစိုက်ပေးနိုင်ပါတယ်။

    Lupus Organization ကတော့ ကိုယ့်မှာ ဝေဒနာရှိနေပြီဆိုတာကို သိရှိထားရပြီဆိုရင် အဆီများတဲ့ ငါး၊ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ၊ သိုမှီးဖန်တီးထားတဲ့ အသားငါးမျိုးတွေ၊ ကြက်သွန်ဖြူနဲ့ ဆားတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ဖို့ တိုက်တွန်းထားပါတယ်။ နောက်ပြီး အရက်သောက်သုံးတတ်ရင်လည်း ရပ်တန့်လိုက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

    Lupus ဝေဒနာသည်တွေအနေနဲ့ မှန်ကန်တဲ့ ကုထုံးတွေကို အသုံးပြုကုသပြီး ကျန်းမာအောင် နေထိုင်ရင် ပုံမှန်လူတစ်ယောက်လို့ နေထိုင်ရှင်သန်ခွင့်ရှိနေတာမို့ မိမိမှာ ဒီရောဂါလက္ခဏာ တစ်စုံတစ်ရာရှိနေရင် ကုသမှုပြုလုပ်ဖို့ အလျင်အမြန် စတင်ကြိုးပမ်းသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement