backup og meta

အချင်းရှေ့ရောက် ခြင်း

အချင်းရှေ့ရောက် ခြင်း

အချင်းဆိုတာ ကိုယ်ဝန်ဆောင်စဥ်မှာ ကလေးလေးကို အာဟာရပေးဖို့အတွက်ရော ကလေးလေးဆီက အညစ်အကြေးတွေကို စွန့်ပစ်ဖို့ရော လုပ်ပေးပါတယ်။ လနုစဥ်မှာ အချင်းက သားအိမ်အောက်ခြေမှာရှိပါတယ်။ ဒါကပုံမှန်ပါ။ ဒါပေမယ့် ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အချင်းက အပေါ်ကို တက်လာပြီး သားအိမ်ထိပ် ဒါမှမဟုတ် ဘေးနံရံမှာ တွယ်ရပါတယ်။ ဒါမှကလေးက လွတ်လွတ်လပ်လပ်ကြီးထွားနိုင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ သားအိမ်အောက်ခြေမှာပဲ ရှိနေမယ်ဆိုရင်တော့ ဒါကို အချင်းရှေ့ရောက် တယ်လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင် ၂၀၀မှာ ၁ယောက်ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ ပြလိုက်လို့ အားလုံးကောင်းပါတယ်။ အချင်းရှေ့ရောက်နေတာတစ်ခုပဲလို့ပြောရင် နားမလည်တတ်ကြပါဘူး။ ဒါကဘာကိုပြောတာလဲဆိုတာကို လေ့လာရအောင်။

အချင်းရှေ့ရောက် တာက ဘယ်သူတွေဖြစ်နိုင်လဲ။

  • အရင်က ကိုယ်ဝန်ဆောင်ဖူးတဲ့သူတွေ
  • အရင်က သားအိမ်ခွဲစိတ်ဖူး၊ ခွဲမွေးဖူး၊ သားအိမ်ခြစ်ဖူးပြီး သားအိမ်မှာ အမာရွတ်ကျန်ခဲ့သူတွေ
  • အရင်ကိုယ်ဝန်မှာ အချင်းရှေ့ရောက်တဲ့သူတွေ
  • အမြွှာကိုယ်ဝန်ဆောင်သူတွေ
  • အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်တဲ့သူတွေ
  • ဆေးလိပ်သောက်သူတွေ
  • ကိုကင်းသုံးသူတွေ
  • အရင်က ကိုယ်ဝန်ပျက်ဖူးတဲ့သူတွေ
  • သားအိမ်ပုံစံမမှန်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

အချင်းရှေ့ရောက် ခြင်း ဘယ်နှမျိုး ရှိသလဲ။

အချင်းရှေ့ရောက်ခြင်း ၃မျိုးရှိပါတယ်။

  • Marginal placenta previa − အချင်းက သားအိမ်အဝနားမှာ ကပ်နေတာပါ။ ဒီအမျိုးအစားက နေရာမှန်ရောက်နိုင်ခြေများပါတယ်။
  • Partial placenta previa − အချင်းက သားအိမ်ဝကို တစ်ပိုင်းတစ်စ ပိတ်နေတာပါ။
  • Complete or total placenta previa − အချင်းက သားအိမ်ဝမှာ ပိတ်နေတာပါ။ ဒီတိုင်းဆိုရင်တော့ နေရာမှန်ရောက်ဖို့ ခက်ပါတယ်။

အချင်းရှေ့ရောက်တာက ဘယ်အမျိုးအစားပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်မှာ သွေးဆင်းတာ ဖြစ်တတ်ပါတယ်။ ဒီလိုသွေးဆင်းများနိုင်တဲ့အတွက် အချင်းရှေ့ရောက်တဲ့ ကိုယ်ဝန်ဆောင်အများစုက ခွဲမွေးရတတ်ပါတယ်။

အချင်းရှေ့ရောက် တဲ့အခါ ဘာလက္ခဏာပြမှာလဲ။

အဓိကလက္ခဏာက သွေးဆင်းတာပါ။ အချင်းကောင်းကောင်းဖွံ့ဖြိုးပြီးတဲ့အချိန်ဖြစ်တဲ့ ကိုယ်ဝန်လလယ်လောက်မှ သွေးဆင်းတာပါ။ ဒါ့ပြင်

  • ဗိုက်ထဲကဆွဲညစ်ထားသလို အောင့်တာ
  • သွေးဆင်းလိုက် ရပ်လိုက်ဖြစ်တာ
  • အတူနေပြီးတိုင်းသွေးဆင်းတာ စတာတွေဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲဘာတွေဖြစ်နိုင်မလဲ။

  • အချင်းကရှေ့မှာခံနေတဲ့အတွက် ကလေးကောင်းကောင်းမလှည့်နိုင်တာကြောင့် ကလေးအနေအထားမမှန်တာ
  • နောက်တစ်ခုက ကလေးမွေးဖို့ဆိုရင် သားအိမ်ပွင့်ရပါတယ်။ အဲ့ဒီအချိန်မှာ အချင်းကွာတဲ့အတွက် သွေးထွက်များတတ်ပါတယ်။ ဒါကြောင့် အရေးပေါ်ခွဲမွေးရတာမျိုး ရှိတတ်ပါတယ်။
  • သွေးဆင်းများတဲ့အတွက် စောမွေးရတာမျိုး၊ လမစေ့ ပေါင်မပြည့်ကလေးမွေးတာမျိုးဖြစ်တတ်ပါတယ်။

ဘာတွေရှောင်ရမလဲ။

အချင်းရှေ့ရောက်နေတဲ့ မိခင်က အခြေအနေသိပ်မဆိုးရင် အိမ်မှာနားနေလို့ ရပါတယ်။ တချို့တွေက လရင့်ရင် အလိုလိုနေရာပြန်မှန်သွားတတ်ပါတယ်။ အိမ်မှာနားနေတဲ့အချိန်အတွင်းမှာ အလေးအပင်မမပါနဲ့။ အတူမနေပါနဲ့။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။ အာဟာရပြည့်အောင် စားပြီး နားနားနေနေနေပါ။

အချင်းရှေ့ရောက် တာကို ဘယ်လိုသိနိုင်မလဲ။

အယ်ထွာဆောင်းရိုက်ပြီးတော့ သိနိုင်ပါတယ်။ လနုချိန်မှာတော့ အချင်းက နေရာမှန်ဦးမှာ မဟုတ်ပါဘူး။ လရင့်လာရင်တော့ မှန်ပါမယ်။ လရင့်လာတဲ့အထိ  အချင်းက ရှေ့ရောက်နေရင် သတိထားဖို့ လိုပါတယ်။

ဘယ်လိုမွေးရမှာလဲ။

အချင်းရှေ့ရောက်တာနဲ့ မဖြစ်မနေခွဲမွေးရမှာမဟုတ်ပါဘူး။ အချင်းက မွေးလမ်းကြောင်းနဲ့ လွတ်တယ်ဆိုရင် ရိုးရိုးမွေးလို့ရပါတယ်။ အမေအခြေအနေ၊ ကလေးအခြေအနေ၊ သွေးထွက်တဲ့ ပမာဏပေါ်မူတည်ပြီး အိပ်မှာပဲနားရမှာလား၊ ချက်ချင်းမွေးရမှာလား၊ အရေးပေါ်ခွဲစိတ်ရမှာလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

တကယ်လို့ လမစေ့ဘဲ မွေးရမယ့်ပုံဆိုရင်တော့

  • မိခင်ကို သွေးသွင်းခြင်း (အထူးသဖြင့် မိခင်က သွေးဆင်းများနေရင်)
  • ကိုယ်ဝန်ကို လစေ့တဲ့အထိ  ဆွဲဆန့်နိုင်အောင် ဆေးများမှီဝဲခြင်း
  • ကလေးငယ်ရဲ့ အဆုတ် ကောင်းကောင်းဖွံ့ဖြိုးစေဖို့ စတီးရွိုက်ဆေးများထိုးခြင်း စတာတွေ လုပ်ရနိုင်ပါတယ်။

နောက်ကိုယ်ဝန်တွေမှာ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

အချင်းရှေ့ရောက် တာကို လုံးဝမဖြစ်အောင်တော့ ကာကွယ်လို့ မရပါဘူး။ ဒါ့ပြင် တစ်ခါ အချင်းရှေ့ရောက်ဖူးရင် နောက်ကိုယ်ဝန်တွေမှာလည်း ထပ်ဖြစ်နိုင်ခြေ ရှိတဲ့အတွက် ဆရာဝန်နဲ့ ကိုယ်ဝန်သေချာအပ်ဖို့ လိုပါတယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Placenta praevia https://www.mayoclinic.org/diseases-conditions/placenta-previa/diagnosis-treatment/drc-20352773 Accessed date Feb 11, 2020

Placenta praevia types https://my.clevelandclinic.org/health/diseases/24211-placenta-previa Accessed date Feb 11, 2020

Placenta previa. https://medlineplus.gov/ency/article/000900.htm. Accessed date Feb 11, 2020

Placenta Previa. http://americanpregnancy.org/pregnancy-complications/placenta-previa/.Accessed date Feb 11, 2020

Placenta Previa https://emedicine.medscape.com/article/262063-overview Accessed date Feb 11, 2020

ယခုပုံစံ

09/02/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားအိမ်ပြင်ပသန္ဓေတည် ခြင်း

ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement