ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း (Morning sickness)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း (Morning sickness)

    ကိုယ်ဝန် ရှိခါစ လနုစဉ်မှာ မူး‌ဝေပျို့အန်ခြင်းကို ရုပ်ရှင် ဇာတ်လမ်းတွေမှာရော လက်တွေ့ဘဝမှာပါ ကိုယ်ဝန်ဆောင် အမျိုးသမီးတော်တော်များများ ခံစားရတတ်ပါတယ်။ အဲ့ဒါကို Morning sickness လို့ ခေါ်ပါတယ်။

    ပုံမှန်အားဖြင့်တော့ Morning sickness က မိခင်အတွက်ရော သန္ဓေသားအတွက်ပါ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုမဟုတ်တဲ့အတွက် သိပ်စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် အလွန်အမင်း အန်ခဲ့မယ်၊ ဘာအစာမှလည်း စားမဝင်တော့ဘူးဆိုရင်တော့ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးပြီး အာဟာရ မမျှတတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကို သေချာမကုသရင် မိခင်ရော ကလေးပါ အန္တရာယ်ရှိနိုင်ပါတယ်။

    ကိုယ်ဝန်ဘယ်အပတ်မှာ မူးဝေပျို့အန်တာကို ခံစားရတတ်သလဲ။

    Morning sickness သို့မဟုတ် ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း က အများအားဖြင့်တော့ ကိုယ်ဝန်ဆောင် ပထမ ၃ လ အတွင်းမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန် ၆ပတ်ဝန်းကျင်မှာ စပျို့အန်တတ်ပြီး ကိုယ်ဝန် ၉ပတ် မှ ၁၀ ပတ်ကြားကာလကတော့ ပျို့အန်ခြင်း လက္ခဏာ အပြင်းထန်ဆုံးကာလဖြစ်ပါတယ်။ သကိုယ်ဝန် ၁၂ ပတ်မှ ၁၄ ပတ်ကြားကာလမှာတော့ ဒီလက္ခဏာတွေ ပျောက်သွားတတ်ပါတယ်။ တချို့တွေကတော့ ကိုယ်ဝန်ဆောင်စဉ်ကာလတလျှောက်လုံး ပျို့အန်နေကြတတ်ပါတယ်။

    Morning sickness လို့ ခေါ်ပေမယ့် တကယ်တမ်းကတော့ မနက်ပိုင်းမှာတင် မဟုတ်ဘဲ တစ်နေကုန် ပျို့အန်နေတတ်ပါတယ်။

    ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း ရဲ့ လက္ခဏာများ

    ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း ရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

    • မူးဝေခြင်း
    • ပျို့ခြင်း
    • အစားအသောက်ပျက်ခြင်း
    • အန်ခြင်း
    • စိတ်ဓာတ်ကျခြင်း၊ ဒေါသဖြစ်ခြင်းစတဲ့ စိတ်ဝေဒနာခံစားရခြင်းပဲ ဖြစ်ပါတယ်။

    ဒီကနေမှ အလွန်အမင်းအန်လာပြီး Hyperemesis gravidarumလို့ ခေါ်တဲ့ အခြေအနေဖြစ်လာရင်တော့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့

    • ခန္ဓာကိုယ်တွင်း ရေနဲ့ ဓာတ်ဆားချို့တဲ့ခြင်း
    • အာဟာရချို့တဲ့ခြင်း
    • အလွန်အမင်း စိတ်ဓာတ်ကျခြင်းနဲ့ ဒေါသဖြစ်ခြင်း
    • အသည်း၊ နှလုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်လိုမျိုး အရေးကြီးကိုယ်တွင်းအင်္ဂါများအပေါ် ဝန်ပိခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

    Morning sickness က ရုပ်ပိုင်းဆိုင်ရာ ပြဿနာတင်မဟုတ်ဘဲ မိခင်ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး နေ့စဉ်ဘဝမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။

    ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း ဖြစ်ရတဲ့ အကြောင်းရင်းများ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့်ပျို့အန်လဲဆိုတာကို အတိအကျမသိရသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လို့ ယူဆကြပါတယ်။ အထူးသဖြင့်တော့ ပရိုဂျက်စတီရုန်းနဲ့ hCGဟော်မုန်းတွေပါ။

    အချို့တွေကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတွေကြောင့် ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်း (Morning sickness) ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါတွေကတော့

    • Oestrogen ခေါ် မ ဟော်မုန်း များလာခြင်း
    • သွေးပေါင်ချိန်ကျခြင်း
    • ကာဗိုဟိုက်ဒရိုက် အသုံးပြုမှု ပြောင်းလဲခြင်း
    • ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဘယ်သူတွေက ကိုယ်ဝန်ဆောင်စဉ် ပျို့အန်တာမျိုး ဖြစ်တတ်သလဲ။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ၈၀%လောက်က ကိုယ်ဝန် လနုစဉ် ပျို့အန်ခြင်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့်

    • အရင်ကိုယ်ဝန်တွေမှာ ပျို့အန်မူးဝေခဲ့ဖူးရင်
    • အမျိုးထဲမှာ ကိုယ်ဝန်ဆောင်စဉ် ပျို့အန်မူးဝေတတ်တဲ့ ရာဇဝင်ရှိရင်
    • ကားမူးတတ်တဲ့ အကျင့်ရှိရင်
    • မ ဟော်မုန်း (oestrogen) ပါသော သန္ဓေတားဆေး သောက်ဖူးရင်
    • အဝလွန်နေရင် (BMI ၃၀နဲ့ အထက်)
    • စိတ်ဖိစီးရင်
    • အမြွာကိုယ်ဝန်ဆောင်ထားရင်
    • သားဦးကိုယ်ဝန်ဆောင်ထားရင် ပိုပြီးဖြစ်နိုင်ခြေများပါတယ်။

    ကိုယ်ဝန် လနုစဉ်ကို ပျို့အန်ခြင်းကို ဘယ်လိုကုသပါသလဲ။

    ကိုယ်ဝန် လနုစဉ် ပျို့အန်ခြင်းကို သက်သာစေဖို့ ဆရာဝန်က အအန်ပျောက်ဆေးတွေ၊ ဗီတာမင် B6တွေ ပေးပါလိမ့်မယ်။ ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်တာ အကောင်းဆုံးပါ။

    ကိုယ်ကိုယ်တိုင် သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့

    • အစားကို နည်းနည်းနဲ့ ခဏခဏ စားပေးပါ။ အနံ့ပြင်းတဲ့ အစားအစာတွေကို ရှောင်ပါ။ အအေးခံပြီးမှ စားပါ။ အအေးခံထားရင် အနံ့သိပ်မထွက်တော့ပါဘူး။
    • ပရိုတင်း ကြွယ်ဝတဲ့ အစေ့အဆန်တွေ၊ အသီးအရွက်၊ သစ်သီးတွေနဲ့ ကာဘိုဟိုက်ဒရိတ်တွေ စားပေးပါ။
    • အဆီအစိမ့်များပြီး စပ်လွန်းတဲ့ အစားအစာတွေကို ရှောင်ပါ။
    • ရေများများသောက်ပေးပါ။ အသီးဖျော်ရည်၊ အသီးလေးတွေ စိတ်ထည့်ထားတဲ့ ရေအေးအေးလေးတွေ သောက်ပေးပါ။
    • လှုပ်လှုပ်ရှားရှားနေပါ။
    • ကောင်းကောင်းအနားယူပြီး အိပ်ရေးဝဝအိပ်ပါ။
    • အနံ့ပြင်းတဲ့ ရေမွှေး၊ အမွှေးတိုင် စတာတွေကို ရှောင်ပါ။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ။ အမူးသက်သာစေတဲ့ သံပုရာသီး၊ ချင်း အနံ့လေးတွေ ရှူပေးပါ။
    • အိပ်ရာထရင် ဖြည်းဖြည်းချင်းထပါ။ ဆတ်ခနဲ မထပါနဲ့။
    • အစာစားပြီးပြီးချင်း မလှဲပါနဲ့။
    • အဝတ်အစားတွေကို ချောင်ချောင်ချိချိ ဝတ်ပါ။

    ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေ

    ကိုယ်ဝန် လနုစဉ် ပျို့အန်တာက သာမန်အားဖြင့်တော့ ပြဿနာမရှိပါဘူး။ အများစုကလည်း လပိုင်းလောက်နေရင် သက်သာသွားပါတယ်။ ဒါပေမယ့် ရက်အတော်ကြာ ပျို့အန်နေတာ၊ အစားမဝင်တာတွေ ဖြစ်လာရင် ရေနဲ့ ဓာတ်ဆားဆုံးရှုံးတာ၊ အာဟာရချို့တဲ့တာတွေ ဖြစ်လာပြီး ကလေးပါ ထိခိုက်လာနိုင်ပါတယ်။

    ဒီလိုလက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

    • ဆီးရောင်ရင့်ပြီး ၈ နာရီအထက် ဆီးမသွားရင်
    • ၂၄ နာရီအတွင်း အစာနဲ့ ရေမဝင်နိုင်အောင် အန်ရင်
    • နုံးပြီး မတ်မတ်မရပ်နိုင်လောက်အောင် အားပြတ်နေရင်
    • ဗိုက်အောင့်လာရင်
    • 38 Cအထက် ဖျားလာရင်
    • အန်ရင်းနဲ့ သွေးပါပါလာရင်
    • ကိုယ်ဝန် ၁၂ပတ် ကျော်တဲ့အထိ မူးဝေပျို့အန်နေရင် သတိထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement