backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ

ကလေးတစ်ယောက် ဘဝထဲရောက်လာရင် သူကျန်းမာပျော်ရွှင်နေစေဖို့အတွက်က အရေးကြီးဆုံးကိစ္စဖြစ်လာပါပြီ။ ကလေးကို ပြုစုတဲ့အခါ ဘေးပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် ဖိုးဖိုးဖွားဖွားတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ ပြောသမျှကို လိုက်လုပ်မိတတ်ကြပါတယ်။ အတွေ့အကြုံမရှိတော့ အတွေ့အကြုံရှိသူတွေရဲ့ အကြံဉာဏ်ကိုယူရတယ်ဆိုတဲ့သဘောပေါ့။ ဒီလိုအတွေ့အကြုံတွေထဲမှာ အကြံဉာဏ်ပေးသူကိုယ်တိုင်က အသိမှားထားတာလေးတွေရှိနေတတ်ပါတယ်။ ကဲ …. ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ အကြောင်း လေ့လာလိုက်ရအောင်နော်။

ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ

ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ ကတော့

အလွဲ (၁) – ကလေးက မိခင်နို့နဲ့ ဓာတ်မတည့်ဖြစ်နိုင်တယ်

ဒါက အင်မတန်ရှားတဲ့အခြေအနေပါ။ ကလေးတွေက မိခင်နို့နဲ့ ဓာတ်မတည့်ဘူးဆိုတာ ရှားပါတယ်။ ကလေးက မေမေ့ဆီက နို့တွေကို အငမ်းမရစို့တာကြောင့် နို့ပြန်အန်တာမျိုး၊ အရမ်းဆာနေတာကြောင့် နို့တွေကို အများကြီးသောက်မိရာကနေ အန်တာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ဒါက မိခင်နို့နဲ့ မတည့်လို့ မဟုတ်ပါဘူး။ ကလေးက နို့စို့ပြီးတိုင်း  အရေပြားမှာ အနီဖုတွေ ထွက်လာရင်၊ မျက်နှာအမ်းလာရင်တော့ သတိထားပါ။

အလွဲ (၂) – ကလေးကို အစာစကျွေးချိန်မှာ Cereal ပဲကျွေးသင့်တယ်

ကလေးကို ဘာစကျွေးရမယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။ ကလေးက အစားစစားချိန်မှာ သူနဲ့တည့်တာ၊ သူခံတွင်းတွေ့တာလေးတွေကို ကျွေးပေးလို့ရပါတယ်။ Cereal ပဲကျွေးရမယ်လို့ တသမတ်တည်း သတ်မှတ်ထားတာမျိုးမရှိပါဘူး။  ထမင်း၊ အသား၊ အသီးအရွက်၊ သစ်သီးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးစားလို့ အဆင်ပြေအောင် ပြင်ဆင်ကျွေးမွေးလို့ရပါတယ်။

အလွဲ (၃) – ကလေးတစ်နှစ်ပြည့်မှ ဒိန်ချဉ်ကျွေးရမယ်

နွားနို့ဆိုရင်တော့ ကလေးအသက် တစ်နှစ်ကျော်မှ တိုက်ရမှာပါ။ ဒါပေမဲ့ နွားနို့က ရတဲ့ ဒိန်ချဉ်ကတော့ အသက် တစ်နှစ်မပြည့်လည်း ကျွေးလို့ ရပါတယ်။ ဖြည့်စွက်စာစစားပြီဆိုတာနဲ့ ကျွေးလို့ ရပါပြီ။ ဒိန်ချဉ်က ကလေးကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ်ပရိုတင်း နဲ့ ဗီတာမင်တို့ကို ထောက်ပံ့ပေးနိုင်မှာပါ။ ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် ကလေးရဲ့ အစာခြေစနစ်ကို ကျန်းမာစေမှာပါ။

အလွဲ (၄) – ကလေးကို အစားစစားနိုင်ချိန်မှာ သစ်သီးကျွေးပေးရင် ငယ်သွားမြန်မြန်ထွက်တယ်

ကလေးတွေက သူ့အရွယ်နဲ့သူ ဖွံ့ဖြိုးမှုတွေ ဖြစ်လာတာပါ။ ဒါကြောင့် သစ်သီးစကျွေးတာနဲ့ ငယ်သွားကမြန်မြန်ထွက်လာမှာတော့ မဟုတ်ပါဘူး။ ကလေးကို အရသာအစုံစားတတ်စေချင်တာကြောင့် သစ်သီးကျွေးတာမျိုးက အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် ကလေးကို လိုအပ်တဲ့အာဟာရတွေပြည့်စုံဖို့ကို ပဲအဓိကထား ကျွေးစေချင်ပါတယ်။ ကလေးက အစားစစားတတ်ပြီဆိုတာနဲ့ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစုံလင်အောင်ကျွေးပေးပါ။

အလွဲ (၅) – ကလေးကို ဓာတ်မတည့်မှုမဖြစ်အောင် မြေပဲမကျွေးသင့်ဘူး 

မြေပဲက ဓာတ်မတည့်မှုဖြစ်စေတဲ့ အစားအစာတစ်မျိုးပါ။ ဒါကြောင့် လူကြီးတွေက ကလေးကို ဓာတ်မတည့်မှုဖြစ်မှာစိုးလို့ ကလေးကြီးလာမှ ‌ကျွေးလို့ ပြောတာ ကြားဖူးမှာပါ။ ခုနောက်ပိုင်း လေ့လာချက်တွေကတော့ ပြောင်းပြန်ပါပဲ။ ငယ်စဉ်တည်းက ‌မြေပဲကို ကျွေးထားတာက ဓာတ်မတည့်ဖြစ်နိုင်ခြေကို နည်းစေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဓာတ်မတည့် မဖြစ်အောင်ဆိုပြီး ကလေးကို မြေပဲအတင်းကျွေးတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဖြည့်စွက်စာစစားတဲ့အချိန်မှာ မြေပဲအပါအဝင် အစေ့အဆန်တွေကို ကျွေးတာက ကလေးမှာ သီးစေ၊ နင်စေနိုင်ပါတယ်။ ဒါကြောင့် မြေပဲကို ‌မြေပဲထောပတ်ကျွေးတာ၊ မြေပဲကို သေးသေးလေးတွေ ဖြစ်အောင် ကြိတ်ပြီး ဒိန်ချဉ်နဲ့ ရောကျွေးတာတွေ လုပ်ပေးနိုင်ပါတယ်။

ဒါလေးဖတ်ပြီး အလွဲလေးတွေကိုပြင်လိုက်ပါနော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement