backup og meta

နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ

နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ

နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ ဆိုတာကို မျှဝေပေးလိုက်ပါတယ်။

ထမင်းအတူစားနေရင်း ကိုယ့်မိသားစုဝင်တစ်ယောက်ယောက် ရုတ်တရက်အစာနင်ပြီးအသက်ရှူကျပ်နေရင် ဘာလုပ်ပေးရမလဲ။ရော့ရော့ရေသောက်လိုက် ဆိုပြီးရေခွက်ပဲထိုးပေးနေမှာလား။ကျောကနေပဲ တဖတ်ဖတ်ရိုက်ပေးမှာလား။ ရုတ်တရက်အခြေအနေမှာ ဒါမျိုးတွေပဲ လုပ်ပေးမိတာများပါတယ်။

ဒါမှမဟုတ် ကလေးတစ်ယောက်ပါးစပ်ထဲဆော့စရာတွေထည့်ရင်းနင်နေတယ်။ အသက်ရှူတွေကျပ်ပြီး ပြာနှမ်းလာတယ်ဆိုပါစို့။ ဘာလုပ်ပေးမှာလဲ။ ပတ်ဝန်းကျင်ကို ပြေးခေါ်မှာလား။ ဆေးရုံဆေးခန်းကိုအမြန်သွားမှာလား။

နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ

နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ ဆိုတော့ Choking ဖြစ်တယ်ဆိုတာကတော့ အသက်ရှူလမ်းကြောင်းအတွင်း အရာဝတ္ထုတစ်ခုခု တစ်ဆို့နေခြင်းဖြစ်ပါတယ်။ အစာလည်းဖြစ်နိုင်သလို တခြားအရာဝတ္ထုလည်းဖြစ်နိုင်ပါတယ်။ အစာနင်တာက လူကြီးတွေမှာအဖြစ်များပြီး ပါးစပ်ထဲတွေ့ကရာကောက်ထည့်တတ်တဲ့ ကလေးတွေမှာတော့ အရာဝတ္ထုသေးသေးလေးတွေတစ်နေတတ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့နေရင် ဦးနှောက်ကိုအောက်ဆီဂျင်ပို့လွှတ်မှုပြတ်တောက်နိုင်တဲ့အတွက် အမြန်ဆုံးအရေးပေါ်ကယ်နိုင်မှ အန္တရာယ်ကင်းနိုင်မှာပါ။ ဒီအချိန်မှာ တခြားလူတွေကိုပဲစောင့်နေရရင် ဆေးရုံဆေးခန်းသွားဖို့လုပ်နေရမယ်ဆိုရင်တော့ အသက်သေဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။

ဒီလိုဖြစ်နေပြီဆို အသက်ရှူမရတော့ဘဲ အသံလည်းမထွက်နိုင်တော့တဲ့အတွက် အကူအညီလှမ်းတောင်းနိုင်မှာမဟုတ်ပါဘူး။ ဘေးကနေ သူ့ရဲ့လက္ခဏာကိုပဲ သတိထားမိမှဖြစ်မှာပါ။ အသက်ရှူကျပ်နေသူဟာ –

  • စကားမပြောနိုင်တော့ဘူး
  • အသက်ရှူရခက်နေမယ်
  • တဟွတ်ဟွတ်နဲ့ချောင်းဆိုးမယ် (အစာသီးသလို)
  • နှုတ်ခမ်းနဲ့ လက်သည်းတွေပြာလာမယ်၊ မည်းလာမယ်
  • အရေပြားမှာ နီလာမယ်၊ဖျော့လာပြီးပြာနှမ်းလာမယ်
  • သတိလစ်သွားမယ် စတာတွေဖြစ်နိုင်ပါတယ်။

တကယ်လို့ သူကချောင်းဆိုးထုတ်လို့ရနိုင်သေးတဲ့အခြေအနေဆိုရင် ဆက်တိုက်ချောင်းဆိုးရင်း တစ်နေတဲ့အစာကိုပြန်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် သူကအရေးပေါ်အခြေအနေ အသက်ရှူကျပ်နေပြီဆိုရင်တော့ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ရှေးဦးသူနာပြုစုနည်းနှစ်နည်းကို သုံးရပါမယ်။

ပထမတစ်နည်းက –

အသက်ရှူကျပ်နေသူရဲ့အနောက်နားမှာရပ်ပါ။ သူ့ရဲ့ရင်ဘတ်ရှေ့မှာ လက်တစ်ဖက်နဲ့ထိန်းပေးထားပြီး သူ့ရဲ့ခန္ဓာကိုယ်ကို အရှေ့ဘက်ကိုင်းချပါ။ ပြီးမှ သူ့ရဲ့လက်ပြင်နှစ်ခုကြားကျောပြင်ကို နောက်လက်တစ်ဖက်ရဲ့ လက်ဖနောင့်နဲ့ ခပ်ဆတ်ဆတ် (၅) ချက်ရိုက်ပေးပါ။

ဒုတိယနည်းက –

Heimlich maneuver လို့ခေါ်တဲ့ အရေးပေါ်အသက်ကယ်နည်းကို သုံးပါ။ ဒီနည်းက အရေးပေါ်အတွက် ပိုမြန်ဆန်ထိရောက်တယ်လို့ ဆိုကြပါတယ်။

  • အသက်ရှူကျပ်နေသူရဲ့နောက်မှာ ရပ်ပါ။ အနောက်ကနေ သိုင်းပြီး သူ့ရဲ့ရင်ခေါင်းနားမှာ လက်နှစ်ဖက် ဆုပ်ပါ။ လက်သီး တစ်ဖက်ကို ကျန်လက်တစ်ဖက်က အုပ်ပြီးကိုင်တဲ့ အနေအထားနဲ့ တင်းတင်းဆုပ်ပြီး အပေါ်ကို ခပ်မြန်မြန် ဆတ်ခနဲ ပင့်ပင့်ပေးပါ။ တစ်ဆို့နေတဲ့အရာ မထွက်မချင်း (၆)ကြိမ်ကနေ (၁၀) ကြိမ်လုပ်လို့ရပါတယ်။

သတိလစ်နေတဲ့သူကို အသက်ရှူလမ်းကြောင်းဖွင့်ပေးဖို့အတွက်-

  • သူ့ကို ကြမ်းပြင်မှာ ဘေးတစောင်း လှဲစေပါ။
  • တစ်ဆို့နေတဲ့ အရာကို လည်ချောင်းထဲမှာ မြင်နေရရင် ပါးစပ်ထဲကို လက်ချောင်းတစ်ချောင်း ထိုးထည့်ပြီး အမြန်နှိုက်ထုတ်လိုက်ပါ။ မမြင်ရဘဲနဲ့တော့ အတင်းနှိုက်မထုတ်ပါနဲ့။ တစ်ဆို့နေတဲ့အရာက ပြန်ထွက်ဖို့မလွယ်လောက်တဲ့နေရာအထိ အတွင်းပိုရောက်သွားနိုင်ပါတယ်။
  • အထက်ပါနည်းတွေလုပ်ကြည့်လို့ ဆက်ပြီးတစ်ဆို့နေဆဲ ဒါမှမဟုတ် လူနာက သတိပြန်မလည်လာရင်၊ အသက်လည်း မရှူ၊ နှလုံးလည်းမခုန်တော့ရင်  အရေးပေါ်ရှေးဦးသူနာပြုစုနည်း (CPR) ကိုလုပ်သင့်ပါတယ်။ဆေးရုံမတင်ပို့နိုင်ခင် အရေးပေါ်အသက်ကယ်နိုင်ဖို့အရေးကြီးတဲ့အတွက် အမြန်လုပ်ပါ။ ရင်ဘတ်ကို ဖိရတဲ့CPRကိုလုပ်တဲ့အခါ တစ်ဆို့နေတဲ့အရာကိုပြန်အန်ထွက်လာစေနိုင်ပါတယ်။ သာမန်လူအနေနဲ့  ရင်ဘတ်ကိုပဲ ဖိပေးရင် လုံလောက်ပါတယ်။ တစ်မိနစ်ကို အကြိမ် ၁၀၀လောက်လုပ်ပေးပါ။

ကလေးငယ်တွေမှာ အသက်ရှူလမ်းကြောင်းတစ်ဆို့နေတဲ့အခါ –

  • ကိုယ်ကထိုင်ခုံမှာထိုင်ပြီး ကလေးကိုမှောက်လျက်အနေအထား လက်တစ်ဖက်နဲ့ပွေ့ပြီး ပေါင်ပေါ်မှာတင်ပါ။ ကလေးရဲ့ ဦးခေါင်းနဲ့လည်ပင်းကို လက်နဲ့ထိန်းပေးထားပြီး ဦးခေါင်းကိုနည်းနည်းနှိမ့်ထားပါ။
  • ကလေးရဲ့ကျောလယ်ကို လက်ဖနောင့်သုံးပြီး (၅)ကြိမ်လောက် အသာအယာဆောင့်ဖိပေးပါ။
  • CPRနည်းတွေသုံးလို့ရပေမယ့် ကလေးကငယ်သေးတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်စေမှာစိုးရတာကြောင့် အားသိပ်သုံးလို့မဖြစ်ပါဘူး။ ဒီနည်းက အရေးပေါ်အတွက်ဖြစ်ပေမယ့်ဖြစ်နိုင်ရင် အနီးဆုံးကျန်းမာရေးဌာနကိုပြေးပါ။

အရေးကြီးတဲ့ အချက်က ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် တစ်နေတာ ထွက်မလာရင် အတင်းအားမထုတ်ပါနဲ့။ ဆေးရုံကို အမြန်သွားပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/first-aid/choking-treatment

Accessed July 10, 2018.

https://www.mayoclinic.org/first-aid/first-aid-choking/basics/art-20056637

Accessed July 10, 2018.

https://www.healthline.com/health/foreign-object-inhaled-or-swallowed

Accessed July 10, 2018.

https://www.redcross.org.uk/first-aid/learn-first-aid/choking

Accessed July 10, 2018.

ယခုပုံစံ

08/02/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အတက်ရောဂါအတွက် ရှေးဦးသူနာပြုနည်းလမ်းများ

ရေနစ်သူကို ရှေးဦးသူနာ ပြုစုနည်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement