backup og meta

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်ရာမှာ မိဘတွေသိသင့်တဲ့ အချက် ၅ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်ရာမှာ မိဘတွေသိသင့်တဲ့ အချက် ၅ ချက်

    ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံဖြိုးမှုလို့ဆိုလိုက်တာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ကြီးထွားဖွံဖြိုးမှု ကို ကြီးထွားမှု နဲ့ ဖွံ့ဖြိုးမှုဆိုပြီး အပိုင်းနှစ်ပိုင်းခွဲလို့ ရပါတယ်။ ကြီးထွားမှုအပိုင်းက ကိုယ်ခန္ဓါကို ကိုယ်စားပြုတာဖြစ်ပြီး ဖွံ့ဖြိုးမှု ကတော့ ညဏ်ရည်ပိုင်းကို ကိုယ်စားပြုပါတယ်။ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဆိုလိုက်တာနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံး အတွက် မိဘတွေ ပံ့ပိုးပေးရမှာပါ။ ဒါကြောင့် ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာရော တိုးတက်ဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ အတွက် ဘယ်လိုပုံစံမျိုးနဲ့ မိဘတွေဘက်က ပြုစုပျိုးထောင်ပေးရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်ရာမှာ မိဘတွေသိသင့်တဲ့ အချက် တွေက ဘာတွေဖြစ်မလဲ!

    ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်ရာမှာ မိဘတွေသိသင့်တဲ့ အချက် ၅ ချက်

    ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်ရာမှာ မိဘတွေသိသင့်တဲ့ အချက် ၅ ချက် တွေကတော့ –

    ၁။ အာဟာရသည်သာ နံပါတ် တစ် အရေးအကြီးဆုံးပါ။ ။

    အစာအာဟာရက ကလေးရဲ့ ကိုယ်ခန္ဓါအတွက်သာမက ဉာဏ်ရည်ဖွံ့ဖြိုးမှု အတွက်ပါ အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ ပင်မရင်းမြစ်ကြီးပါ။ ကလေးတစ်ယောက် ပြည့်ဝမျှတတဲ့ အာဟာရတွေ လုံလုံလောက်လောက်ရနေရင် ကိုယ်ခန္ဓါ ကျန်းမာကြီးထွားလာပြီး ဦးနှောက်နဲ့ ဉာဏ်ရည်ပိုင်းလည်း ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။ ပြည့်ဝမျှတတဲ့ အာဟာရကို ကလေးတွေ ရဖို့ဆိုတာ မေမေတို့မှာ တာဝန် အပြည့်အဝရှိတာမို့ ကလေးတွေအစာအုပ်စုကြီး ၃ ခုလုံးပါအောင်စားဖို့၊ နဲ့ အစားကို အချိန်မှန်စားဖို့ အတွက် မေမေတို့ ပြင်ဆင်သင့်ပါတယ်။

    ၂ ။ ကလေးကို လွတ်လပ်စွာဆော့ခွင့်ပေးပါ။ ။

    တစ်ချို့ မိဘတွေရှိပါတယ်။ ကလေးကို ချစ်လွန်းလို့ အပြင်ထွက်မကစားခိုင်းဘဲ အိမ်ထဲမှာပဲ ထည့်ထားပြီး ဖုန်းဂိမ်းတွေကစားခိုင်းတတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ အင်မတန်မှားတဲ့အရာတစ်ခုပါ။ အပြင်ထွက်ဆော့တဲ့ ကလေးတစ်ယောက်က တစ်ခြားပတ်ဝန်းကျင်က အရာတွေကို လေ့လာသင်ယူနိုင်မယ်။ သူငယ်ချင်းအသစ်တွေတိုးပြီး ပေါင်းသင်းဆက်ဆံရေးအကြောင်းနားလည်လာမယ်။ လှုပ်ရှားမှုတွေ လုပ်ရတဲ့အတွက် ကိုယ်ခန္ဓါ ကျန်းမာသန်စွမ်းလာမယ်။ စိတ်လည်းပျော်ရွှင်လာမယ်။ ဒါကြောင့် ကလေးကို ချစ်ရင် အတိုင်းအတာတစ်ခု အထိ လွတ်လပ်ခွင့်ပေးပါ။

    ၃။ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်ပါစေ။ ။

    စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့က မိဘတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ ရှေ့ ကလူက ဖြောင့်ဖြောင့်သွားမှ နောက်ကလူတွေကလည်း ဖြောင့်ဖြောင့်တန်းတန်း ဆက်လျှောက်ကြမှာပါ။ ကလေးတွေကို ဆုံးမတဲ့နေရာမှာ အပြောနဲ့ပဲ ပြီးနေလို့မဖြစ်ပါဘူး။ ကိုယ်ကိုတိုင်ကလည်း ကောင်းတာတွေ ရှေ့ကလုပ်ပြရပါမယ်။ ကလေးအရွယ်ဆိုတာ အတုမြင်အတတ်သင်ကြတဲ့ အရွယ်ဖြစ်တဲ့အတွက် အနီးဆုံးဖြစ်တဲ့ မိဘတွေရဲ့ အပြုအမူ အပြောအဆိုတွေကို အတုယူကြတော့မှာပါ။ ဒါကြောင့် ကိုယ့်ကလေးကို လူတော်လူကောင်းတစ်ယောက်ဖြစ်စေချင်ရင် ကိုယ်ကိုယ်တိုင် အရင် လူကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပါ။

    ၄။ သင် ကလေးကို ချစ်ကြောင်းပြပါ။

    တစ်ချို့မိဘတွေရှိပါတယ်။ ကလေးကို ချစ်ပေမယ့် ချစ်ကြောင်းမပြကြတာပါ။ အထူးသဖြင့် အဖေတွေပါ။ မိဘတိုင်းက ကိုယ့်ကလေးကို ချစ်ကြပေမယ့် ဘယ်လောက်ချစ်ကြောင်း ပြတဲ့ အဖေတွေ ရှားပါတယ်။ ကလေးတွေနဲ့ အရမ်းရောရင် ကိုယ့်ကို မကြောက်ကြတော့မှာ စိုးရိမ်ကြတဲ့ မိဘတွေရှိပါတယ်။ ဒီလိုမျိုးလုပ်တာကြာလာရင် ကလေးနဲ့ သင်နဲ့ တဖြည်းဖြည်းဝေးသွားနိုင်ပြီး သင့်ကလေးဟာလည်း မာကြော ခက်ထန်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အချစ်တွေပေးပါ။ မကြာခဏပွေ့ဖက်ပေးပါ။ ကလေးနဲ့ အတူ အချိန်ဖြုန်းပြီး သူပြောချင်တာတွေ နားထောင်ပါ။ ၊မေးတာတွေကို စိတ်ရှည်ရှည်ပြန်ဖြေပေးပါ။ ဒါဆို ချစ်ခြင်းတရား၊ မေတ္တာတရားက ဘယ်လောက် အရေးကြီးကြောင်း သင့်ကလေးတွေ နားလည်လာပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေတတ်လာမှာပါ။

    ၅။ ကလေးတွေ အတွက် အမြဲရှေ့က ကာကွယ်ပေးပါ။

    သင့်ကလေးတွေ အတွက်ဆို သင်အမြဲ ရှေ့ကနေ ကာကွယ်ပေးမယ့် သူရဲကောင်းကြီးဖြစ်ကြောင်း သက်သေပြပါ။ သူတို့ လိုအပ်နေတာတွေကို သင်ဖြည့်ဆည်းပေးနိုင်ကြောင်း ၊ အန ္တရာယ်တစ်ခုခုနဲ့ ကြုံလာရင် အမြဲရှေ့ကကာကွယ်ေပးနိုင်ကြောင်း သူတို့သိပါစေ။ ဒါကြောင့် ကလေး အပြစ်တစ်ခုခုလုပ်မိရင် အပြစ်တင် ရိုက်နှက်ပြီးဆုံးမမယ့်အစား ဒါမျိုးတွေက မကောင်းကြောင်း မလုပ်သင့်ကြောင်း ကလေးနားဝင်အောင် ချော့မော့ ပြောဆိုပါ။ ဖြစ်လာမယ့် ပြဿနာတွေ အတွက်လည်း သင်ရှေ့ကနေ ဖြေရှင်းပေးနိုင်ကြောင်း ကလေးသိပါစေ။ ကလေးတွေရဲ့စိတ်ထဲ မိဘရိပ်ဆိုတာ အေးမြတဲ့ နေရာတစ်ခု၊ လုံခြုံတဲ့နေရာတစ်ခုဖြစ်နေရပါမယ်။ နူးညံ့တဲ့ ကလေးရဲ့ စိတ်ထဲကို ခက်ထန်ခြင်းတွေ ထည့်မပေးလိုက်ပါနဲ့။ ဒါမှ သင့်ကလေး တစ်နေ့ကြီးလာရင်လည်း မိဘကောင်း တစ်ယောက်ဖြစ်လာမှာပါ။

    ဒါတွေကတော့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ နေရာမှာ ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့အတွက် မိဘတွေဘက်က လုပ်ပေးသင့်တဲ့ အချက်လေးတွေပါ။ ကိုယ်ရောစိတ်ပါ ကျန်းမာ ဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့က ကလေးတွေထက်စာရင် မိဘတွေနဲ့ အများကြီး ပိုသက်ဆိုင်ပါတယ်။ ကိုယ့်ကလေးက ထူးချွန်ပြီး အကျင့်စာရိတ္တ ကောင်းဖို့အတွက် မိဘတွေက ရှေ့ဆောင်လမ်းပြဖြစ်နေမှ ရမှာပါ။ ဒါကြောင့် ကလေးတွေကို ဂရုစိုက်ပေးပါ၊ စိတ်ရှည်ပေးပါ။ ချစ်ကြောင်း ပြသပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement