backup og meta

သင့်ရင်သွေး ဘာလို့ ကောင်းကောင်း အိပ်မပျော်တာလဲ


Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရင်သွေး ဘာလို့ ကောင်းကောင်း အိပ်မပျော်တာလဲ

    အိပ်မပျော်တဲ့ဝေဒနာဟာ ပူပင်သောကတွေနဲ့ ရုံးကန်လှုပ်ရှားနေရတဲ့ လူကြီးတွေမှာသာမကပါဘူး ငယ်ရွယ်နုနယ်လှတဲ့ ကလေးတွေမှာလည်း ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပါတယ်။

    သားသားမီးမီးလေးတွေဟာ တစ်နေ့ကို အနည်းဆုံး ၉ နာရီ အိပ်စက်ပေးဖို့ လိုအပ်ပြီး ဒီလိုအိပ်စက်ပေးမှသာ သူတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုနဲ့ စိတ်ပျော်ရွှင်မှုကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ကြွက်သား၊ နှလုံးနဲ့ ဦးနှောက်တို့ ဖွံ့ဖြိုးလာစေဖို့ အိပ်စက်မှုက အထောက်အကူဖြစ်စေပါတယ်။

    အိပ်စက်ခြင်းဟာ ရင်သွေးတွေရဲ့ အစာစားချင်စိတ်ကိုလည်း မျှတအောင်ထိမ်းချုပ်ပေးတာမို့ ငယ်ရွယ်စဉ်မှာတင် ကိုယ်အလေးချိန်မြင့်မားနေတဲ့ ပြဿနာကိုလည်း တားဆီးပေးနိုင်ပါသေးတယ်။

    ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ရင်သွေးလေးတွေ ကောင်းမွန်စွာ မအိပ်စက်နိုင်ကြတာကို မိဘတိုင်း ကြုံဖူးကြမှာပါ။ ဘာကြောင့် ရင်သွေးလေးတွေ ခုလို မအိပ်ပျော်နိုင်ဖြစ်နေကြတာပါလိမ့်နော်။

    သားသားမီးမီးတွေ ဘာလို့ အိပ်မပျော်ဖြစ်နေတာလဲ

    ငယ်ရွယ်စဉ်အချိန်မှာ ရင်သွေးငယ်တွေဟာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အိပ်မပျော်တာတွေကို ခံစားနေရတဲ့ ကလေးတွေဟာ နေ့စဉ်လူနေမှုဘဝနဲ့ ကျောင်း၊ လူမှုပတ်ဝန်းကျင်တွေမှာ ပြဿနာတွေရှိလာမှာဖြစ်သလို ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေလည်း ကြုံလာရမှာဖြစ်ပါတယ်။

    ဒါကြောင့်လည်း ကလေးတွေဟာ တစ်နေ့ကို အနည်းဆုံး ၉ နာရီ အိပ်စက်ဖြစ်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက အကြံပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သောအခြေအနေတွေမှာ သားသားမီးမီးလေးတွေဟာ အိပ်မပျော်တဲ့ ဝေဒနာနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။

    ကလေးတွေကို အိပ်မပျော်စေတဲ့အကြောင်းအရင်းများစွာရှိပါတယ်။ ဖေဖေမေမေတွေအနေနဲ့ ရင်သွေးတွေ ဘာကြောင့် အိပ်မပျော်ကြတာလဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ကလေးတွေ အိပ်မပျော်မှုဖြစ်စေတဲ့ အခြေခံအကျဆုံး အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • မတော်တဆ ထိခိုက်ဒါဏ်ရာ ရရှိထားတာကြောင့်
    • အမူအကျင့်ဆိုင်ရာ ပြဿနာတွေ ရှိနေသောကြောင့်
    • စိတ်ခံစားချက်ဆိုင်ရာ ပြဿနာတွေ ရှိနေသောကြောင့်
    • မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနဲ့ လေ့လာမှုှဆိုင်ရာ ပြဿနာတွေ ရှိနေသောကြောင့်
    • စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်
    • တုန့်ပြန်မှုနှေးကွေးခြင်း၊
    • အစေားအသောက်ကို လွန်ကဲစွာစားသောက်ခြင်း၊

    စတာတွေကြောင့်ပါပဲ။

    ဒါ့အပြင် စိတ်ဖိစီးမှု၊ ကဖိန်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို ပမာဏအများအပြား စားသောက်ဖြစ်နေမှု၊ မှီဝဲနေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးများနဲ့ မူလအခံ ကျန်းမာရေးပြဿနာတွေကြောင့်လည်း အိပ်မပျော်ခြင်းဖြစ်နိုင်ပါသေးတယ်။

    အိပ်စက်မှုပိုင်းဆိုင်ရာ ပြဿနာရှိနေသည့် ကလေးများ၏ လက္ခဏာများ

    တကယ်လို့ မိမိတို့ရဲ့ ရင်သွေးမှာ အောက်ပါ လက္ခဏာတွေရှိနေပြီဆိုရင် အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေရှိနေပြီလို့ မှတ်ယူလို့ရပြီးတော့ ကျန်းမာရေးစစ်ဆေးပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

    ဒါတွေကတော့

  • အလွန်အမင်း ဟောက်ခြင်း
  • အိပ်နေစဉ် အသက်ရှူရပ်ခြင်း
  • နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ခက်ခြင်း
  • ညအချိန် အိပ်ပျော်ဖို့ခက်ခြင်း
  • နေ့အချိန်တွင် နိုးထဖို့ခက်ခြင်း
  • နေ့အချိန်များတွင် ကိုယ်လက်လှုပ်ရှား စွမ်းဆောင်ရည်ကျဆင်းလာခြင်း
  • အိပ်မက်ဆိုးမက်ခြင်းနဲ့ အိပ်ပျော်ျက်လမ်းလျှောက်ခြင်းကဲ့သို့ ပုံမှန်မဟုတ်သည့် မကြာခန ကိစ္စများဖြစ်ပေါ်လာခြင်းတွေပါပဲ။
  • ရင်သွေး ကောင်းကောင်းအိပ်စက်နိုင်စေဖို့ဆိုရင်

    အိပ်စက်ခြင်းဟာ ရင်သွေးတွေရဲ့ ဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အိပ်မပျော်တာ၊ အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေရှိနေတာဟာ ရင်သွေးဖွံ့ဖြိုးရေးကို တားဆီးနှောင့်ယှက်နေတာနဲ့ အတူတူပါပဲ။

    ဒါကြောင့် ဒီလိုပြဿနာတွေဖြစ်မလာအောင် တားဆီးကာကွယ်ထားဖို့ လိုအပ်ပါတယ်။ မိမိတို့ရဲ့ ရင်သွေးလေးတွေ ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

    • ပုံမှန် အိပ်ချိန် သတ်မှတ်ပြီး သိပ်ပါ။ အိပ်ယာထချိန်ကိုတော့ ကျောင်းတက်ရက်နဲ့ ကျောင်းပိတ်ရက်တွေမှာ သင့်လျော်သလို ချိန်ညှိစီမံနိုင်ပါတယ်။
    • အိပ်ယာဝင်ခါနီးမှာ ပုံပြင်စာအုပ် ဖတ်ပြတာလိုမျိုး ကလေး သက်သောင့်သက်သာ အိပ်စက်နိုင်စေမယ့် အပြုအမူမျိုးတွေ ပုံမှန်ပြုလုပ်ပေးပါ။
    • အိပ်ယာဝင်ဖို့ ၆ နာရီအလိုကနေစပြီး ကဖင်းဓာတ်ပါဝင်တဲ့ အစားအစာနဲ့ ဖျော်ရည်တွေကို မှီဝဲစေခြင်းကနေ ရှောင်ကျဉ်ပါ။
    • အိပ်ခန်းရဲ့ အပူချိန်နဲ့ အလင်းအမှောင်ကို ပုံမှန်စစ်ဆေးနေပြီး ရင်သွေးသက်သောင့်သက်သာအိပ်စက်နိုင်စေမယ့် အခြေအနေမျိုးဖြစ်အောင် စီမံပေးပါ။
    • ဆူညံသံတွေကင်းဝေးအောင် စီမံပါ။
    • အိပ်ယာဝင်ခါနီးမှာ အစားအသောက်အများအပြား ကျွေးမွေးခြင်းမျိုး မပြုလုပ်ပါနဲ့။
    • ညစာစားပြီးချိန်နဲ့ အိပ်ယာဝင်ခါနီးအကြားမှာ ပြင်းထန်စွာခုန်ပေါက်ဆော့ကစားတာမျိုး၊ လေ့ကျင့်ခန်းပြုလုပ်တာမျိုးကို တားဆီးပါ။ သက်သောင့်သက်သာ ဆော့ကစားတာမျိုးပဲ ပြုလုပ်ပါစေ။
    • ရင်သွေးရဲ့ အိပ်ခန်းထဲမှာရှိတဲ့ တီဗီ၊ ကွန်ပျူတာ၊ ဂိမ်းစက်၊ ဖုန်း၊ ရေဒီယိုစတာတွေကို ကလေးအိပ်စက်နေချိန်မှာ ပိတ်ထားပါ။

    ခုဖော်ပြခဲ့တဲ့အချက်တွေကို လိုက်နာပြီး ဆောင်ရွက်ကြည့်မယ်ဆိုရင် မိမိတို့ရဲ့ ရင်သွေးတွေ ကောင်းစွာအိပ်စက်အနားယူနိုင်အောင် အထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့ ကျန်းမာရေးကို အကျိုးပြုမှာဖြစ်တဲ့အပြင် စိတ်ရောကိုယ်ပါ ဖွံ့ဖြိုးမှုကိုလည်း ပံ့ပိုးနိုင်မှာဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement