backup og meta

အိပ်၍မပျော်သော ညတစ်ည သံသရာလည်


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်၍မပျော်သော ညတစ်ည သံသရာလည်

    “လေသာပြတင်းဘေးဝယ် ဖွေရှာငေးမော ကြည့်နေစဉ်ဝယ်….ညတစ်ညရဲ့ ဉာဉ့်လယ်သံရာလည်” ဆိုတဲ့ ခေတ်ဟောင်း သီချင်းလေး ကြားဖူးကြလား။

    ညညဆို တွေးစရာတွေ၊ ပူပန်စရာတွေ၊ လုပ်ရမယ့်အလုပ်တွေ၊ ရှေ့ရေးတွေကို တွေးနေရတာနဲ့ အိပ်မပျော်နိုင်သူ တွေရှိသလို ဘာရယ်မဟုတ် ဘာလုပ်ရမှန်းမသိဘဲ မျက်စိကြောင်နေသူတွေလည်း ရှိတာပေါ့နော်။

    အိပ်မပျော်လို့ ရုပ်ရှင်ကြည့်၊ ဖုန်းကြည့်၊ ဂိမ်းဆော့ရင်း မျက်လုံးပိုကျယ်သွားရတာ၊ မနက်ကျ နိုးတဲ့အချိန်က နေ့လယ်ရောက်သွားတာ ကနေ နောက်ဆုံး နေ့နဲ့ည မှားလေတဲ့ ဇီးကွက်လေးတွေ ဖြစ်ကုန်ပါရောလား…

    ကြာလာရင် ဘာတွေ ဖြစ်လာမလဲ

    မှတ်ဉာဏ်ထိခိုက်လာတယ်။

    အိပ်စက်အနားယူခြင်းမှာ ပြဿနာရှိနေတဲ့အခါ အကြောင်းအရာတွေ ကို မှတ်သားနိုင်စွမ်း၊ စဉ်းစားနိုင်စွမ်း အားနည်းလာစေပါတယ်။ ညဘက် အိပ်ရေးတွေ ပျက်တာ ကြာလာရင် လူက ဟိုမေ့ဒီမေ့နဲ့ ပေါက်ကရတွေ ဖြစ်ပြီ။

    ဆက်ဆံရေးမှာပြဿနာရှိလာတယ်။

    အိပ်ရေးမဝတော့ စိတ်မရှည်၊ စိတ်ဆတ်လာမယ်။ စိတ်အပြောင်းအလဲ မြန်လာတော့ ပေါင်းသင်းဆက်ဆံရေး မှာ အဆင်မပြေ ဖြစ်လာနိုင်တယ်။

    ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေ နဲ့ ထင်မြင်ခံစားချက်တွေ ကွဲလွဲတာ ရှိလာမယ်

    ကိုယ်ကမှ စိတ်မကြည်ဘဲကိုး။ ကြာတော့ မျက်နှာလွှဲပြီး စကားသိပ်မပြောမိတော့တာမျိုး။

    နေထိုင်မှု ဘဝမှာ မသာယာတော့ဘူး။

    ကိုယ် ပုံမှန်လုပ်နေကျ အလုပ်တွေ၊ လှုပ်ရှားမှုတွေမှာ ဝင်မပါချင်တော့ဘူး။ တက်ကြွမှုလည်း မရှိတော့ဘူး။ အရာရာ စိတ်မပါတော့ဘူး။

    စွမ်းဆောင်ရည်ကျလာမယ်။

    လုပ်ဆောင်နိုင်စွမ်း၊ ဆန်းသစ်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းလာမယ်၊ ငါမလုပ်နိုင်တော့ပါဘူး ဆိုပြီး စိတ်ဓါတ်ခွန်အား လျော့တဲ့ အတွေးတွေဝင်လာနိုင်ပါတယ်။

    စိတ်စွမ်းအားတွေ လျော့ကျလာတယ်။

    ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေမှာလည်း အားနည်းလာနိုင်ပါတယ်။

    ထင်ယောင်ထင်မှားတွေ ဖြစ်လာတယ်။

    အအိပ်မမှန်တာ ကြာလာရင် တကယ်မရှိတာ၊ မဖြစ်တာတွေ ကို ရှိသယောင်၊ ကြားသယောင် ထင်ယောင်ထင်မှားတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီကနေ စိတ်ဝေဒနာ ကို ကူးပြောင်းနိုင်တဲ့အတွက် ဒီအခြေအနေ က အရေးကြီးပါတယ်။

    စိတ်ဓာတ်ကျလာမယ်။

    အထက်မှာ ပြောခဲ့သလို အဆင်မပြေမှုတွေ ဖြစ်လာတဲ့အခါ စိတ်ဓာတ်ကျ လာနိုင်ပါတယ်။ စိတ်ဓာတ်ကျတဲ့ အတွေးတွေ ဝင်လာရင်းကနောက်ဆုံ းမှာ အမှားတွေ လုပ်မိပြီး အဆုံးစီရင်တဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။

    ဒါ့ကြောင့် တဖြည်းဖြည်း နဲ့ ချူချာလာတဲ့ ညဇီးကွက်လေးတွေမဖြစ်ချင်ရင် –

    • နေရောင်ခြည်ခံယူပါ
    • ကဖင်းတွေအများကြီးမသောက်ပါနဲ့
    • ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
    • နေ့လယ်ခင်း တရေးအိပ်ပါ
    • အရက်မသောက်ပါနဲ့
    • ရေများများသောက်ပါ
    • အင်တာနက်ပဲ အသုံးမများပါနဲ့

    နောက်တစ်ချက်က ညက အိပ်ရေးပျက်ထားလို့ ဆိုပြီး နောက်တစ်နေ့ နေ့လည်ပိုင်းလောက်မှ အိပ်ရာကထတာမျိုး လုပ်တတ်ပါတယ်။ အိပ်ရေးပျက်ထားလို့၊ ခေါင်းမူးလို့ ဆက်အိပ်တယ် ဆိုပေမယ့် အဲဒါက ပိုဆိုးစေတယ် ဆိုတာ သိပါရဲ့လား။

    ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို မပျက်ယွင်းစေဖို့ကို နိုင်သလောက် ထိန်းပေးရပါမယ်။ အိပ်ရာဝင်ချိန်၊ အိပ်ချိန် နဲ့ အိပ်ရာထချိန် တွေက နေ့တိုင်း အချိန်မှန် နေသင့်ပါတယ်။ ညဘက်မှာ ပျက်လိုက်ပေမယ့် နောက်နေ့တွေ မှာ အဲဒီအချိန်တွေကို ပြန်ထိန်းရပါမယ်။ နောက်ကျတဲ့အထိ ပိုအိပ်လိုက်လို့ အိပ်ရေးပျက်ထားတာကို ပြန်မဖြည့်ဆည်းနိုင်ပါဘူး။ ခေါင်းထဲ အုံခဲနေတာပဲ အဖတ်တင်ပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement