မိဘရယ်လို့ ဖြစ်လာရင် ကိုယ်ချစ်တဲ့သားသမီးတွေကို ကျန်းမာပျော်ရွှင်စေချင်ကြတယ်။ တခြားကလေးတွေထက်လည်း ဉာဏ်ကောင်းထက်မြက်ပြီး ထူးချွန်စေကြတယ်မလား။ အဲ့လိုမျိုး ကိုယ့်ကလေးအနာဂတ်အတွက် ဖြစ်စေချင်တဲ့ စေတနာတွေ၊ ဆန္ဒတွေ များလွန်းတဲ့အခါ တစ်ခါတလေ ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ သူတို့တွေရဲ့ စိတ်ခံစားချက်တွေ၊ ထူးချွန်ထက်မြက်မှုကို အဟန့်အတားဖြစ်သွားစေနိုင်တဲ့ အမှားတွေ လုပ်မိတတ်ပါတယ်။ ဒီတော့ ကိုယ့်ကလေးကို ထူးချွန်စေချင်ကြတဲ့ မိဘတွေတိုင်း သိထားသင့်တဲ့ မလုပ်သင့်ဆုံးအမှားလေးတွေကို ခုဆောင်းပါးမှာ ဖတ်ကြည့်လိုက်ကြရအောင်လား။
၁။ ကလေးဘာလုပ်နေလဲဆိုတာ မျက်စိဒေါက်ထောက် လိုက်ကြည့်နေခြင်း
မိဘဆိုတာကတော့ ကိုယ့်ကလေးကို စိုးရိမ်ပူပန်တဲ့စိတ်နဲ့ သူတို့ဘာလုပ်နေလဲ၊ ဘာစားနေလဲ၊ စာမှလိုက်နိုင်ရဲ့လား အစရှိသဖြင့် အချိန်ပြည့် လိုက်ကြည့်တတ်ပါတယ်။ အဲ့ဒီအခါ ကလေးတွေအနေနဲ့ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်လို့မရတော့သလို သူတို့ ဘာလုပ်လုပ် အနောက်ကနေ စောင့်ကြည့်နေမယ့်၊ အပြစ်တင်နေမယ့်၊ ဝေဖန်နေမယ့် မိဘတွေ ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြီးက ကလေးရဲ့ ထူးချွန်ထက်မြက်ခြင်းကို အဟန့်အတားဖြစ်သွားစေပါတယ်။
၂။ မိဘတွေသာအမှန် ကလေးလုပ်တာ အမှားလို့ တစ်ယူသန်အတွေးများဝင်နေခြင်း
ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ဘာသာတရားရဲ့ လွှမ်းမိုးမှုအရမ်းလွန်ကဲလာတဲ့အခါ အသက်ကြီးတဲ့သူတွေ ဘာလုပ်လုပ် မှန်တယ်၊ ငယ်တဲ့သူဆို ဘာလုပ်လုပ် မှားတယ်၊ ကြီးတဲ့သူတွေ စကားမှ နားထောင်ရမယ်ဆိုတဲ့ အယူဝါဒတွေ ငယ်ငယ်ကတည်းက ကိန်းအောင်းနေတတ်ပါတယ်။ လူဆိုတာ မှန်တဲ့အခါလည်း ရှိသလို မှားတဲ့အခါဆိုတာဆိုတာလည်း ရှိမှာပါ။ မိဘမို့ အမြဲမှန်တယ်၊ ကလေးမို့လို့ အမြဲမှားတယ်ဆိုတာတွေဟာ မှားယွင်းတဲ့အတွေးအခေါ်သက်သက်ဖြစ်သလို ဒီလို ပြုစုပျိုးထောင်တဲ့ အလေ့အကျင့်ဟာ ကလေးရဲ့ စိတ်ထဲမှာ စွဲသွားတဲ့အခါ သူတို့တွေရဲ့ ဘဝတစ်ခုလုံးကို အမှောင်ဖုံးသွားသလို ဖြစ်စေနိုင်ပါတယ်။
၃။ အမှားကို လက်မခံခြင်း၊ အပြစ်တင်ခြင်း
အပေါ်မှာ ပြောထားခဲ့သလိုပါပဲ၊ လူတိုင်း အမှားနဲ့ မကင်းပါဘူး။ ကလေးဆိုတာ လူကြီးတွေလောက် သိထား၊ တတ်ထားတာ မများတဲ့အခါ သူတို့တွေလည်း ဘယ်လောက်တော်နေနေ၊ ထူးချွန်ထက်မြက်နေနေ မှားတတ်ပါတယ်။ ဒါကြောင့် ဘာကိစ္စနဲ့မဆို ကလေးအမှားလုပ်မိလိုက်တဲ့အခါ အပြစ်တင်တာ၊ ဝေဖန်တာ၊ ဆူဆဲအော်ဟစ်တာမျိုး မလုပ်ပါနဲ့။ အမှားကို မြင်အောင်ပြပြီး ဘယ်လိုအမှန်ပြင်လို့ ရမလဲဆိုတာ ပြောပြပါ သို့မဟုတ် သူတို့တွေ နားလည်ပြီး အမှန်ပြင်နိုင်အောင် နည်းလမ်းပြပေးပါ။
၄။ ကလေးကို ရိုက်နှက်ခြင်း၊ လူရှေ့မရှောင် အပြစ်ပေးခြင်း
အားလုံးကို မဆိုလိုပေမဲ့ တချို့သောမိဘတွေမှာ ကလေးကို လူရှေ့မရှောင် သူရှေ့မရှောင် အပြစ်ပေးရိုက်နှက်တာမျိုးတွေ ရှိပါတယ်။ ဒီလိုအပြုအမူဟာ ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ သိမ်ငယ်စိတ်၊ ဝမ်းနည်းစိတ်၊ ရှက်ရွံ့ခြင်းကို ပိုဖြစ်စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ တန်ဖိုးထားမှုကို ထိခိုက်သွားစေနိုင်ပါတယ်။
နောက်တစ်ချက်က ရိုက်နှက်ဆုံးမခြင်းပါ။ ကလေးဆိုတာ ရိုက်ပြီးဆုံးမမှ သဘောပေါက်တာ၊ မရိုက်ရင် အရမ်းဆိုးတာ၊ အမှားလုပ်တာ၊ အသားနာမှ အမှန်ပြင်တာဆိုတဲ့ အတွေးအခေါ်တွေက မြန်မာနိုင်ငံက မိဘတော်တော်များများမှာ အသည်းထဲထိအောင် စွဲနေတဲ့ အယူအဆမှားတစ်ခုပါပဲ။ ရိုက်နှက်လို့ ကလေးရဲ့ အသားမှာရော စိတ်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေ ရသွားရုံကလွဲပြီး ဘာမှမထူးပါဘူး။ အထူးသဖြင့် သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်ဆုံးမတာတွေ၊ ခေါင်းကို အသံမြည်တဲ့အထိ ခေါက်လိုက်တာ၊ သွေးခြေဥတဲ့အထိ နှိပ်စက်တာမျိုးတွေက ကလေးတစ်ယောက်ရဲ့ ဖြစ်တည်မှုအလုံးစုံကို ချေမွဖျက်ဆီးလိုက်တာနဲ့ အတူတူပါပဲ။
၅။ ခွဲခြားဆက်ဆံခြင်း၊ တခြားကလေးတွေနဲ့ နှိုင်းယှဉ်ခြင်း
“အတန်းထဲမှာ ဘယ်ကလေးက စာတော်လိုက်တာ၊ အဆင့် ၁ ရလိုက်တာ၊ လိမ္မာလိုက်တာ၊ ငါမွေးထားတဲ့ ကလေးကျမှ ဘာလို့ အဲ့လောက်ညံ့ရတာလဲ” ဒီလိုမျိုး နှိုင်းယှဉ်ပြီး ကိုယ့်ကလေးကို အပြစ်တင်တတ်တဲ့ စကားသံတွေက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ သိပ်ပြီး စိမ်းမနေတဲ့ စကားလေးတစ်ခွန်းပါ။ တစ်ခါတလေမှာ တခြားကလေးတွေမဟုတ်ဘဲ မောင်နှမအချင်းချင်း သို့မဟုတ် ဝမ်းကွဲဆွေမျိုးတွေနဲ့ပါ နှိုင်းယှဉ်ပြီး အပြစ်တင်ကဲ့ရဲ့တာမျိုးတွေလည်း ရှိတတ်ပါတယ်။ မိဘအနေနဲ့ ဖြစ်စေချင်တဲ့ ဆန္ဒတွေ၊ အားမလိုအားမရဖြစ်တဲ့ စိတ်တွေနဲ့ ပြောမိလိုက်ပေမယ့် ဒီလိုခွဲခြားဆက်ဆံလိုက်တဲ့ အပြုအမူက ကလေးတွေအတွက်တော့ ဒါဟာ စိတ်ဒဏ်ရာဖြစ်စေလောက်တဲ့ နာကျင်စရာ စကားတစ်ခွန်းပါပဲ။
ဒါကြောင့် ကိုယ့်ကလေးကို အခုထက် ပိုပြီး ကြိုးစားစေချင်တယ်၊ ထူးချွန်စေချင်တဲ့ မိဘတွေအနေနဲ့ တခြားကလေးတွေနဲ့ နှိုင်းယှဉ်တာ၊ အပြစ်တင်ဆူပူတာတွေ လုပ်မယ့်အစား ကိုယ့်ကလေးက ဘယ်အပိုင်းမှာ အားနည်းနေလဲ၊ မိဘတစ်ယောက်အနေနဲ့ သူတို့တွေအတွက် ဘာတွေ လုပ်ပေးသင့်လဲ၊ ဘယ်လိုဂရုစိုက်ပေးမလဲဆိုတာကို သေချာလေ့လာသင့်ပါတယ်။
၆။ ကလေးကို လိုတာထက်ပိုပြီး သည်းသည်းလှုပ်ဂရုစိုက်ခြင်း
တစ်ဦးတည်းသော ကလေးမို့၊ မောင်နှမတွေထဲ သားလေးတစ်ယောက်ထဲမို့ မိဘတွေရော ဆွေမျိုးတွေကပါ သည်းသည်းလှုပ်ချစ်ကြတယ်၊ ကလေးထိခိုက်မိမှာ၊ တစ်ခုခု အမှားအယွင်းဖြစ်သွားမှာ အရမ်းကြောက်တယ်၊ ဘာအလုပ်မှလည်း မခိုင်းသလို ကလေးပင်ပန်းလောက်မယ့် ကိစ္စတွေ တစ်ခုမှလည်း မလုပ်ခိုင်းတော့တာပါ။ မေတ္တာနဲ့ဆိုပေမယ့် တကယ်တမ်း ဒီလုပ်ရပ်ဟာလည်း ကလေးတစ်ယောက်ကို ထုံထိုင်းသွားစေပြီး သူတို့တွေရဲ့ ဦးနှောက်ဉာဏ်ရည် ထက်မြက်စေမှုကိုပါ ပိတ်ဆို့လိုက်သလို ဖြစ်သွားပါတယ်။ ချစ်တာက ချစ်ပါ၊ သူတို့တွေ တတ်နိုင်တဲ့အလုပ်လေးတွေကို လုပ်ခိုင်းပါ။ တာဝန်ယူတတ်စိတ်၊ အလုပ်လုပ်ချင်စိတ်ကို မွေးမြူခြင်းဟာ ကလေးတစ်ယောက်ကို ထူးချွန်ထက်မြက်စေဖို့ ခြေလှမ်းကောင်းတစ်ခုပါပဲ။
၇။ မိဘတွေကိုယ်တိုင်က ကလေးအတုယူချင်လောက်အောင် မနေထိုင်ခြင်း
ကိုယ့်ကလေးကိုတော့ အမှားတွေလုပ်တဲ့အခါ ဆူပူတယ်၊ အပြစ်တင်တယ်။ ကိုယ်တိုင်က လူကြီးဖြစ်ပြီး ကလေးအတုယူချင်စရာကောင်းလောက်တဲ့ စံနမူနာကောင်းအဖြစ် မနေထိုင်တာကလည်း အဆင်မပြေဘူးနော်။ အရာရာကို စူးစမ်းလေ့လာချင်စိတ်ရှိပြီး အတုမြင် အတတ်သင်တဲ့ ကလေးတွေအတွက်တော့ ဒီလိုလူကြီးတွေနဲ့ ကြီးပြင်းလာရတဲ့အခါ သူတို့တွေရဲ့ တီထွင်ကြံဆနိုင်စွမ်းကိုလည်း သွားပြီး ထိခိုက်စေနိုင်ပါတယ်။
ဒီအချက် ၇ချက်ကတော့ မိဘတွေအများစု လုပ်တတ်ကြတဲ့ အမှားလေးတွေပါပဲ။ ကိုယ်ကတော့ ဖြစ်စေချင်တဲ့ စေတနာ၊ မေတ္တာအမှားနဲ့ လုပ်မိလိုက်တယ်ဆိုပေမယ့် ကိုယ်တိုင်တောင် မသိလိုက်မိဘဲ ကလေးတွေရဲ့ ထူးချွန်ထက်မြက်မှုကို ဟန့်တားသလိုဖြစ်တာ၊ သူတို့တွေကို စိတ်ဒဏ်ရာရစေတာမျိုးကိုတော့ တတ်နိုင်သလောက် ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။ ကလေးတစ်ယောက် ထူးချွန်ထက်မြက်ဖို့ဆိုတာ မိဘတွေကိုယ်တိုင် လူအားနဲ့ဖြစ်စေ၊ စိတ်ခွန်အားနဲ့ဖြစ်စေ အရောင်သွေးပေးလို့ရပါတယ်။ ဒါကြောင့် ကိုယ့်ကလေးနဲ့ပတ်သက်လာရင် ဘယ်အရာကိုမှ သတိလက်လွတ်မလုပ်မိစေဖို့ ထပ်အကြံပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်နော်။
Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။
[embed-health-tool-vaccination-tool]