backup og meta

သားသားမီးမီးတို့ ဘယ်အချိန်မှာ စာစရေးလို့ ရပြီလဲ!

သားသားမီးမီးတို့ ဘယ်အချိန်မှာ စာစရေးလို့ ရပြီလဲ!

မေမေဖေဖေတွေမှာ သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေချင်တဲ့ စိတ်ကူး အပြင် နောက်ထပ် စိတ်ကူးလေး တစ်ခု ရှိကြပါသေးတယ်။ ဒါကတော့ သားသားမီးမီးတို့ကို ပညာတတ်ကြီး ဖြစ်စေချင်တာပါ။ ဒီစိတ်ကူးလေး အထမြောက်စေဖို့ ကြိုးပမ်းကြရာမှာ လွဲမှားနေတဲ့ အချက်လေးတစ်ခု ရှိနေပါတယ်။ ဒါကတော့ ကလေးကို လက်ချောင်းကြွက်သားလေးတွေ လုံလောက်အောင် မသန်မာသေးတဲ့အချိန်မှာ စာရေးတတ်အောင် သင်တာပါ။ ကလေးကို အခြားကလေးတွေထက် နောက်ကျနေတာမျိုး မဖြစ်စေဖို့ စာကို စောစောစီးစီး ရေးတတ်အောင် သင်ပေးတာက ကလေးကို တကယ်ပဲ ကောင်းကျိုး များစေမလား။ ကလေးအတွက် ဘယ်အချိန်က စာရေးတတ်အောင် သင်ပေးဖို့ အကောင်းဆုံးဖြစ်မလဲ။ သားသားမီးမီးတို့ ဘယ်အချိန်မှာ စာစရေးလို့ ရပြီလဲ! ဆိုတာကို မေမေတို့ သိရှိနိုင်စေဖို့ ဝေမျှပေးလိုက်ရပါတယ်။ 

သားသားမီးမီးတို့ရဲ့ စာရေးစာဖတ်စွမ်းရည် ဘယ်လိုများ တိုးတက်လာသလဲ!

သားသားမီးမီးတို့က အသက် ၂ နှစ် ပြည့်ပြီး ၃ နှစ်ထဲ ဝင်လာချိန်မှာ စာလုံးလေးတွေကို စသတိထားမိတတ်ပါပြီ။ ဒါပေမယ့် အမြင်နဲ့ပဲ မှတ်တတ်သေးတာဖြစ်ပြီး ရေးဖို့တော့ မဖြစ်နိုင်သေးပါဘူး။ သူတို့လေးတွေက ဒီကာလမှာ ခဲတံ ဒါမှမဟုတ် ဖယောင်းရောင်စုံလေးတွေနဲ့ မျဉ်းတွေဆွဲတာ၊ စက်ဝိုင်းတွေ ဆွဲတာမျိုးတော့ လုပ်နေပြီပေါ့။ 

စာလုံးကို တိတိကျကျ ရေးတတ်တာမျိုး မရှိသေးသလို စာလုံးဝိုင်းဝိုင်းလေးတွေ ရေးဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ ဒီလိုကနေပဲ ကလေးက အသက်လေး ရလာလေလေ စာရေးနိုင်စွမ်းလေးကလည်း တိုးတက်လာမှာပါ။ ကလေး အများစုကတော့ အသက် ၃ နှစ်ခွဲလောက် ရောက်တဲ့အထိ စာရေးတာကို စိတ်ဝင်စားတဲ့ အရိပ်အယောင် ပြမှာ မဟုတ်ပါဘူး။ နောက်တစ်ခု ရှိတာက ကလေးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ စာရေးမှုအပေါ် စိတ်ဝင်စားတာတွေ မတူနိုင်သလို လက်ချောင်းကြွက်သားလေးတွေရဲ့ သန်မာမှုကလည်း မတူနိုင်ဘူးဆိုတာပါ။

ကလေးက အသက် ၃ နှစ်ခွဲလောက်မှာ စာရေးတယ် မဟုတ်ပေမယ့် စာလုံးလေးတွေကို ပုံတူ ကူးဆွဲသလိုမျိုးတော့ ဆွဲတတ်စ ရေးတတ်စပြုလာပါပြီ။ ကလေးက ၃ နှစ်ကျော်လို့ ၄ နှစ်ထဲ ရောက်လာပြီဆိုရင်တော့ အင်္ဂလိပ် အက္ခရာ အကြီးတွေကို ရေးတတ်စပြုလာပြီ ဖြစ်သလို မြန်မာစာမှာလည်း ဝလုံး ထဆင်ထူး ဓအောက်ချိုက် စလုံး စတာလေးတွေကို ရေးတတ်လာပါပြီ။ လှတော့ မလှသေးဘူးပေါ့။ 

၄ နှစ်ကျော်လို့ ၅ နှစ်ထဲ ရောက်လာချိန်မှာတော့ သိတဲ့အက္ခရာလေးတွေလည်း များလာပြီး စာလုံးလေးတွေကိုလည်း အရင်ကထက် ပိုပြီး သေသေသပ်သပ် ရေးတတ်လာမှာပါ။ ဒါပေမဲ့ ကလေးက စာအုပ်ရဲ့ ဘယ်ဘက်ထိပ်ကစလို့ စရေးရမယ်ဆိုတာမျိုးကိုတော့ သိဦးမှာ မဟုတ်သေးပါဘူး။ 

စာလုံးလေးတွေကို စဝိုင်းတတ် ဆွဲတတ်လာတယ် ဆိုရုံပါ။ ဒီအချိန်မှာ စာရေးနည်း မှန်မှန်လေးကို မေမေတို့ဘက်က သင်ပေးဖို့တော့ လိုပါမယ်။

သားသားမီးမီးတို့ ဘယ်အချိန်မှာ စာစရေးလို့ ရပြီလဲ!

သားသားမီးမီးတို့ ဘယ်အချိန်မှာ စာစရေးလို့ ရပြီလဲ!  ဆိုတော့ တိတိကျကျ ပြောရရင် ကလေးက အက္ခရာတွေကို တော်တော်လေး သိပြီ။ လက်ချောင်းလေးတွေကလည်း ခဲတံကို ကိုင်နိုင်လောက်အောင် သန်မာပြီဆိုရင် စာစရေးလို့ ရပါပြီ။ အသက်ကတော့ ၃-၄နှစ်ပေါ့။ အသက်ထက်စာရင် ကလေးရဲ့ ကြွက်သားတွေ ဘယ်လောက်ဖွံ့ဖြိုးနေလဲဆိုတာက ပိုပြီး အရေးကြီးပါတယ်။ 

ကလေးက ကောင်းကောင်း အာရုံစူးစိုက်နိုင်ဖို့လည်း လိုပါမယ်။ ကလေးက စာရေးဖို့ကို စိတ်ဝင်စားဖို့လည်း လိုတာပေါ့။ ဒီအချိန်မှာ သတိထားရမှာ တစ်ခုက ကလေးကို စာဘယ်နှမျက်နှာ ပြီးရမယ်လို့ အတင်းအကျပ် ရေးခိုင်းတာမျိုး မလုပ်ဖို့ပါ။ ဒီလို လုပ်တာက ကလေးရဲ့ စာသင်ပျော်တဲ့ စိတ်ကလေးကို  ထိခိုက်သွားစေနိုင်သလို ကလေးရဲ့ လက်ချောင်း ကြွက်သားလေးတွေကိုလည်း ဝန်ပိစေနိုင်ပါတယ်။ 

သားသားမီးမီးတို့ စာရေးလို့ရအောင် ဘယ်လိုလေ့ကျင့်ပေးမလဲ။

စာရေးဖို့ဆိုရင် လက်ချောင်းတွေက ခဲတံကိုင်နိုင်လောက်အောင် သန်မာနေမှ ရမှာပါ။ ဒါကို fine motor skill လို့ခေါ်ပါတယ်။ ဒါကြောင့် ခဲတံ မကိုင်ခင် လက်ချောင်းလေးတွေ သန်မာအောင် ကြယ်သီးတပ်တာ၊ အစေစ့သေးသေးလေးတွေကို လက်ချောင်းလက်မ အသုံးပြုပြီး ရွေ့တာ၊ စာရွက်လှန်ခိုင်းတာ၊ အရာဝတ္ထုတွေကို လက်ချောင်းလေးတွေနဲ့ ဖိညှစ်စေတာ စတာတွေ လေ့ကျင့်ပေးလို့ ရပါတယ်။

နောက်တစ်ခုက hand-eye- coordinationပါ။ ကလေးက မျက်လုံးနဲ့ လက်နဲ့ ဆက်သွယ်ပြီး အလုပ်လုပ်တတ်ရပါမယ်။ ဒါကို လေ့ကျင့်ဖို့ မုန့်ကို လက်နဲ့ကိုင်ပြီး ပါးစပ်ထဲထည့်တာ၊ လက်နဲ့ မျက်လုံးနဲ့ ချိတ်ဆက်ပြီး ကစားရတဲ့ ကစားနည်းတွေ ဆော့ပေးပါ။

ကလေးကို စာရေးဖို့ မသင်ခင် စာရွက်နဲ့ ခဲတံနဲ့ ရင်းနှီးအောင် လေ့ကျင့်ပေးပါ။ စာရွက်အလွတ်တစ်ရွက်ပေးပြီး ‌ရောင်စုံခဲတံနဲ့ စိတ်ကြိုက်လျှောက်ခြစ်နေပါစေ။ ဒီပစ္စည်းတွေကို ရင်းနှီးနေမှ နောက်ပိုင်း စာရေးခိုင်းရတာာ လွယ်မှာပါ။

# အမှာစကား 

ကလေးကို စာစမရေးခိုင်းခင်မှာ ကလေးက ခဲတံကို မြဲမြဲမြံမြံ ကိုင်တတ်ပြီလား ဆိုတာကို သေချာ ကြည့်ပါ။ နောက်တစ်ခုက ကလေးက စာရေးဖို့ စိတ်ဝင်စားရဲ့လား။ ကလေးက စာလုံးလေးတွေကို မှတ်မိပြီလားဆိုတာလေး တွေကို သေချာအောင် လေ့လာပြီးမှ ကလေးကို စာစရေးစေပါ။ ကလေးကို ညောင်းအောင် ရေးခိုင်းတာမျိုး၊ မပြီးရင် မကစားရဘူး။ ဘယ်နှမျက်နှာ အပြီးရေးရမယ် ဆိုတာမျိုးတွေနဲ့ ကန့်သတ်ပြီး အတင်းအကျပ် ရေးခိုင်းတာမျိုး မလုပ်မိဖို့ လိုပါမယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Writing skills at different ages https://www.understood.org/en/articles/writing-skills-what-to-expect-at-different-ages Accessed Date 26 July 2023

At What Age Should a Child Know the Alphabet? https://smallerscholarshouston.com/at-what-age-should-a-child-know-the-alphabet/#:~:text=By%20ages%20four%20to%20five%2C%20children%20will%20start%20writing%20letters.&text=Most%20children%20at%20this%20age,is%20to%20begin%20tracing%20them. Accessed Date 26 July 2023

When Do Kids Learn to Write? https://www.momnewsdaily.com/preschools/when-do-kids-learn-to-write/ Accessed Date 26 July 2023

At What Age Should Kids Start Writing the Alphabet? https://howtoadult.com/age-should-kids-start-writing-alphabet-4222.html Accessed Date 26 July 2023

When Should I Teach My Child to Write? https://www.growinghandsonkids.com/when-should-i-teach-my-child-to-write.html Accessed Date 26 July 2023

ယခုပုံစံ

02/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေရဲ့ ထူးဆန်းတဲ့ မေးခွန်းတွေကို ဘယ်လိုပြန်ဖြေကြမလဲ။

အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement