backup og meta

အကြီးဆုံးလေးတွေက အငယ်လေးတွေအပေါ် မုန်းစိတ် မဝင်စေဖို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 4 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကြီးဆုံးလေးတွေက အငယ်လေးတွေအပေါ် မုန်းစိတ် မဝင်စေဖို့

    မွေးချင်း များတဲ့ ကလေးတွေက တစ်ဦးတည်းသောသာ ဖြစ်လိုက်ချင်တယ်လို့ ပြောရင် သူတို့လေးတွေက တစ်ကိုယ်ကောင်းဆန်လိုက်တာလို့ မတွေးလိုက်ပါနဲ့ မေမေဖေဖေတို့ရေ ….. သူတို့လေးတွေ ဒီလို ဖြစ်ရတာက အကြောင်းရင်းခံတွေ အများကြီး ရှိပါတယ်။ အငယ်လေးတွေကို မုန်းလိုက်တာလို့ တွေးတာ၊ ပြိုင်ဘက်လိုမျိုး တွေးတာတွေက အကြီးလေးတွေမှာ ဖြစ်တတ်ကြပါတယ်။ ဒါကို အကြီးစိတ် မရှိဘူးလို့ မဆိုစေချင်ပါဘူး။ ဒီလိုမျိုး အကြီးဆုံးလေးတွေက အငယ်လေးတွေအပေါ် မုန်းစိတ် ဝင်တဲ့အခါ ကလေးကို အပြစ်မတင်ခင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါလို့ အရင်ဆုံး ပြောချင်ပါတယ်။ 

    မောင်နှမ အချင်းချင်း၊ ညီအစ်မ အချင်းချင်း၊ ညီအစ်ကို အချင်းချင်းကြား ပြိုင်ဘက်တွေလို တွေးတာ မုန်းစရာလေးလို့ တွေးတာက မေမေဖေဖေတို့ရဲ့ အုပ်ထိန်းမှုနဲ့ အများကြီး ဆိုင်ပါတယ်။ အကြီးလေးတွေက သူ့နောက်က မွေးလာတဲ့ အငယ်လေးတွေကို မုန်းရတဲ့ အချက်က တစ်ခုတည်းတော့ မကဘူးပေါ့။ ဥပမာ – ကလေး အရမ်းနီးတာ၊ အငယ်လေးကိုပဲ ဦးစားပေးတာ၊ တစ်ခုခု ဖြစ်တိုင်း မှားမှားမှန်မှန် အကြီးတွေကိုပဲ ဆူတာမျိုးတွေပေါ့။ 

    ဒါကြောင့် အခုတစ်ခေါက်မှာတော့ အကြီးဆုံးလေးတွေက အငယ်လေးတွေအပေါ် မုန်းစိတ် မဝင်စေဖို့ ဖေဖေမေမေတို့အနေနဲ့ ဘယ်အချက်လေးတွေကို သတိထားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    အကြီးဆုံးလေးတွေက အငယ်လေးတွေအပေါ် မုန်းစိတ် မဝင်စေဖို့

    အကြီးဆုံးလေးတွေက အငယ်လေးတွေအပေါ် မုန်းစိတ် မဝင်စေဖို့ ဆိုရင် ဖေဖေမေမေတို့အနေနဲ့ – 

    အကြီးပဲ အလျော့ပေးရမှာပေါ့ ဆိုတာကို မေ့လိုက်ပါ

    မိသားစုတွေမှာ တော်တော်များများ ဖြစ်တတ်တာက အကြီးနဲ့ အငယ်ကြား တစ်ခုခု လုရင်ဖြစ်ဖြစ် ရန်ဖြစ်ကြရင် ဖြစ်ဖြစ် စကားများကြရင် ဖြစ်ဖြစ် နင်က အကြီးပဲ ကလေးကို အလျော့ပေးမှပေါ့ ဆိုတာမျိုးပါ။ တကယ်က ဒါက နည်းမှန် လမ်းမှန်တော့ မဟုတ်ပါဘူး။

    အရင်ဆုံး မွေးလာလို့ အကြီးဆုံး ဖြစ်နေရပေမယ့် သူကလည်း သားသမီး တစ်ယောက်ဖြစ်သလို ကလေးတစ်ယောက်ပဲ ဆိုတာကို မေမေဖေဖေတို့ မမေ့လိုက်ပါနဲ့။ 

    တစ်ခုခုဖြစ်တိုင်း အကြီးကိုပဲ မဆူပါနဲ့

    ကိစ္စ တစ်ခုခု ဖြစ်လာတိုင်း အကြီးလေးတွေကိုပဲ ဆူတာမျိုးက မသိမသာ ဘက်လိုက်လိုက်တာပါပဲ။ ကလေး ၂ ယောက် အတူတူ ဆော့လို့ ပန်းအိုးကျကွဲတာက အကြီးလေးကိုပဲ ဆူမယ်ဆိုရင် မတရားဘူးလေ။

    ဒီတော့ ကလေးရဲ့ စိတ်ထဲမှာ မိဘတွေက သူ့ကို မချစ်ဘူးဆိုတဲ့ စိတ်စွဲသွားပြီး ဒီလို မချစ်ရတာက အငယ်လေးကြောင့် ဆိုတဲ့ အတွေးဝင်သွားနိုင်ပါတယ်။ နားလည်အောင် ကလေး၂ ယောက်စလုံးကို ရှင်းပြတာက နည်းလမ်းကောင်းပါ။

    အငယ်ကိုပဲ ဂရုစိုက်တာမျိုး မလုပ်ပါနဲ့

    အငယ်ဆိုတာက အရမ်းငယ်သေးလို့ ဂရုစိုက်ပေးရမှာ မှန်ပေမယ့် နုနယ်သေးတဲ့ ကလေးအငယ်လေးကို ဂရုစိုက်နေချိန်မှာ အကြီးလေးအပေါ်မှာလည်း မလစ်ဟင်းမိပါစေနဲ့။ မေမေက အငယ်လေးကို ဂရုစိုက်နေရချိန်မှာ ဖေဖေက အကြီးလေးကို လိုလေသေး မရှိ ဂရုစိုက်ပေးတာမျိုး လုပ်ပေးပါ။

    ငယ်စဉ်မှာ တစ်ဖက်သတ် ဂရုစိုက်ခံရမှု ကင်းမဲ့တာမျိုး ခံစားရတဲ့ ကလေးက အရွယ်ရောက်လာချိန်မှာ ပေါင်းသင်းဆက်ဆံရေး မကောင်းတတ်ကြပါဘူး။ 

    တစ်ခုခု ဝယ်လာချိန်မှာ အငယ်ကို အရင်ပေးရွေးတာမျိုး မလုပ်မိပါစေနဲ့

    မုန့်ဖြစ်ဖြစ် အရုပ်ဖြစ်ဖြစ် အသုံးအဆောင် ဖြစ်ဖြစ် ဝယ်ပေးချိန်မှာ တတ်နိုင်သမျှ တူနေအောင်သာ ဝယ်ပေးပါ။ အရောင်လေးတောင် မကွဲစေပါနဲ့။ မှားမှာစိုးလို့ အရောင်ကွဲ ဝယ်ပေးချင်ရင် သူတို့ အနှစ်သက်ဆုံး အရောင်ကို အခြေခံပြီး ရွေးဝယ်ပေးပါ။ 

    မတူရာ နှစ်ခု ဝယ်လာပြီး အငယ်လေး ရွေးပြီးမှ အကြီးကို  ယူစေတာမျိုးက မသိစိတ်ထဲမှာ အမုန်းပွားစေဖို့ အစပျိုးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ 

    အငယ်ကို မျက်နှာသာပေးတာမျိုး မလုပ်မိပါစေနဲ့

    တစ်ခုခုသော အခြေအနေမှာ ဖြစ်ဖြစ် အပြောအဆိုမှာ ဖြစ်ဖြစ် ငါ့သမီး အငယ်လေးကတော့ဖြင့် နင်နဲ့ ကွာပါ့ ဆိုတာမျိုး အငယ်ကို မျက်နှာသာပေး ဆုံးဖြတ် ပြောဆိုတာမျိုး မလုပ်မိပါစေနဲ့။ ဒီလို လုပ်တာက မချစ်ဘူးလို့ အထင်ရောက်စေပြီး မောင်နှမ အချင်းချင်းကြား အမုန်းပွားစေနိုင်လို့ပါ။

    ကလေးတိုင်းကို နွေးနွေးထွေးထွေး ဆက်ဆံပါ

    အကြီးဆုံး အနေနဲ့ မွေးမွေး အငယ်ဆုံး အနေနဲ့ မွေးမွေး ဘယ်စီနီယာမှာရောက်ရောက် အားလုံးကတော့ မေမေဖေဖေတို့ရဲ့ သွေးသားရင်းချာ ကလေးလေးတွေပါပဲ။ ဒါကြောင့် အကြီးလေးမှာလည်း ခံစားချက် ရှိသလို အငယ်လေးမှာလည်း ခံစားချက် ရှိမယ်ဆိုတာကို သတိရပြီး ကလေးတိုင်းကို တန်းတူညီမျှ နွေးနွေးထွေးထွေး ဆက်ဆံပေးပါ။ 

    မိဘတွေအနေနဲ့ သားသမီးတွေကို ဘယ်သားသမီး‌ကိုတော့ဖြင့် ပိုချစ်တယ်ဆိုတာက ရှားပါတယ်။ ကလေးတိုင်းကို ချစ်ကြတာချည်းပါပဲ။ ကလေးတွေကို ပြုစုတဲ့အခါ မရည်ရွယ်ဘဲ တစ်ယောက်ယောက်ကို ပိုဂရုစိုက်မိတာမျိုး လုပ်မိတတ်ပါတယ်။ မိဘတွေက မရည်ရွယ်ပေမယ့် ကလေးတွေမှာ ခံစားရသွားနိုင်တာကြောင့် တတ်နိုင်သမျှ ကလေးတွေကို မျှမျှတတ အချိန်ပေးပါ။ ကလေးအားလုံးကို အတူတူပဲ ချစ်တယ်ဆိုတာကို စကားနဲ့ရော လုပ်ရပ်နဲ့ပါ ပြသလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 4 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement