ကလေးတွေမှာဖြစ်တဲ့ အသားအရည် ခြောက်သွေ့ခြင်း

    ကလေးတွေမှာဖြစ်တဲ့ အသားအရည် ခြောက်သွေ့ခြင်း

    ကလေးများ(ရင်သွေးငယ်တွေမှာတောင်မှ) အကြောင်း အမျိုးမျိုးကြောင့် အသားအရေ ခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။ အဲလို ဖြစ်တာက သေစေနိုင်လောက်တဲ့ ပြသနာ မဟုတ်ပေမယ့် မကုသဘဲထားရင် မသက်မသာ နဲ့ ယားယံပြီး စိတ်အနှောက်အယှက်ဖြစ်တာတွေခံစားရမှာပါ။ အောက်မှာ ဖော်ပြမယ့် အချက်တွေက ကလေးတွေမှာ ဘာ့ကြောင့် အဲလိုဖြစ်ရတယ်၊ ဘယ်အချိန်မှာ ဆရာဝန်သွားပြပြီး သင့်ကလေး အရေပြား ပြန်ကောင်းလာအောင် ကုသမှုခံယူသင့်တယ် ဆိုတာတွေပဲဖြစ်ပါတယ်။

    အသား အရေခြောက်ခြင်း ကို ဖြစ်စေသော အကြောင်းအရင်းများ။

    ကလေးအများစု ( အထူးသဖြင့် အပတ်၄၀ကျော်မှ မွေးတဲ့ကလေးများ) မှာ မွေးပြီးတဲ့အချိန် ကတည်းက အသားအရေခြောက်သွေ့ခြင်းတွေ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရတာက ပုံမှန်ပါပဲ။ ပြီးတော့ အဲလိုဖြစ်တာက အချိန်တို အတွင်းပျောက်သွားနိုင်ပါတယ်။

    ကလေးရဲ့ ပုံမှန်ဖြစ်နေကျတွေကြောင့် မဟုတ်ဘဲ ရေအများကြီးချိုးခြင်း(သို့) ဆပ်ပြာ အလွန်အကျွံအသုံးပြုခြင်း တွေက လည်း ကလေးရဲ့ အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။ ကလေးလေးဟာ ဆပ်ပြာသုံးလိုက်တဲ့အခါ ဆပ်ပြာက ကလေးအရေပြားမှာ သဘာ၀ အတိုင်း ရှိနေတဲ့ အဆီတွေ၊ ရေဓါတ်တွေကို ဖယ်ရှားပစ်လိုက်တဲ့အတွက် ကလေးရဲ့ အရေပြားကို ခြောက်သွေ့သွားရတာဖြစ်ပါတယ်။

    ဒီလို ကလေးလေးရဲ့ အသားအရည်ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်တဲ့ အခြားအရေးကြီးတဲ့ အချက်တစ်ခုကတော့ ရာသီဥတုပဲဖြစ်ပါတယ်။ ပူလွန်းတာ၊ အေးလွန်းတာ (သို့) စိုစွတ်လွန်းတာတွေက ကလေး အရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။

    မျိုးရိုးဗီဇလိုက်တဲ့ရောဂါတွေ (နှင်းခူရောဂါ နဲ့ ichthyosis( အရေပြားခြောက်သွေ့ပြီး အကြေးခွံလိုဖြစ်နေသော ရောဂါ)ကဲ့သို့သော အခြားရှားပါး ရောဂါတွေ) ကလေးလေးရဲ့ အရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။

    အရေပြားခြောက်သွေ့ခြင်း နဲ့ပတ်သတ်ပြီး ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်သလဲ

    တကယ်လို့ သင့်ကလေးမှာ အောက်ပါ အခြေအနေတွေရှိလာပါက အရေပြားအထူးကုဆရာဝန်ကို ပြသင့်ပါတယ်။

    – သက်သာစေနိုင်မယ့် ဆေးတွေ ၊ ထုတ်ကုန်တွေ အသုံးပြုနေသော်လည်း မသက်သာရင်၊ မပျောက်ရင်။

    – အရေပြားခြောက်တဲ့ နေရာ အကွက်တွေက နီလာပြီး ယားယံလာရင်။

    – အဲဒီနေရာတွေက နာရင်၊ ယားပြီး စိတ်အနှောက်အယှက်ဖြစ်စေနိုင်ရင်။ အဲဒီ အချက်အလက်တွေကို သတိထားကြည့်ရှုရပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချက်တွေဖြစ်နေရင် ရောဂါပိုးဝင်ခြင်းကို ဖော်ပြနေလို့ပါ။

    ကလေး အရေပြားခြောက်သွေ့ခြင်း အတွက် ကုသမှုများ

    – ကလေးလေးကို ရေချိုးပေးတဲ့အခါ မြန်မြန်ချိုးပြီး ရေရဲ့ အပူချိန်ကိုလည်း သေချာ ညှိရပါမယ်။ ရေက မပူလွန်း မအေးလွန်း နွေးနွေးလေးပဲဖြစ်သင့်ပါတယ်။ ဆောင်းရာသီဆိုရင်တော့ စိုစွတ်မှုက နည်းတဲ့အတွက် ကလေးကို နေ့တိုင်း ရေချိုးပေးစရာ မလိုပါဘူး။

    – ကလေးလေးရဲ့ အရေပြားနဲ့ သင့်တော်မယ့် ရေဓါတ်ဖြည့်တင်းပေးနိုင်တဲ့ moisturizer လိုမျိုး သုံးပေးတာက အရေပြားခြောက်တာကို အကူညီပေးနိုင်ပါတယ်။ Dermeze တို့၊ Vaseline စတဲ့ ထုတ်ကုန်တွေကို အသုံးပြုနိုင်ပါတယ်။ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် သက်သာလာဖို့အတွက် အမြဲပုံမှန်လိမ်းပေးဖို့ မမေ့ပါနဲ့။

    – သင့်ကလေးနဲ့ တကယ် အဆင်ပြေမယ့် အရေဓါတ်ဖြည့်တင်းပေးတဲ့ moisturizer မရသေးခင်အထိတော့ ထုတ်ကုန်အမျိုးမျိုး၊ အမျိုးအစားအမျိုးမျိုးကို စိတ်ရှည်ရှည်နဲ့ စမ်းသုံးကြည့်ရပါမယ်။ သုံးလိုက်တဲ့အခါမှာ ကလေးရဲ့ အရေပြားနုနုလေးကို ထိခိုက်ပျက်စီးစေနိုင်မယ့် ပစ္စည်းတွေ မပါဘူးဆိုတာကို သေချာသိအောင်လို့ မဝယ်ခင်မှာ ကတည်းက ထုတ်ကုန်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကို သေချာ စစ်ဆေးရပါမယ်။

    – ကလေးလေး အရေပြားပုံမှန်ပြန်ဖြစ်သွားပြီဆိုရင်တောင်မှ ထပ်ပြီး ခြောက်သွေ့နိုင်ချေ တွေရှိပါတယ်။ အဲလို ဖြစ်တာက ပုံမှန်ပဲဖြစ်ပြီး မိဘတွေ အနေနဲ့ ကလေးလေးရဲ့ အရေပြားခြောက်သွေ့ခြင်းကို ဘာတွေက ဖြစ်စေသလဲ ၊ တစ်နှစ်မှာ ဘယ်အချိန်တွေ၊ ဘယ်နှကြိမ်ဖြစ်တယ်ဆိုတာတွေကို သိအောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒါက ထပ်ပြီး မဖြစ်အောင် ကာကွယ်နိုင်ဖို့ကူညီနိုင်ပါလိမ့်မယ်။

    – ကလိုရင်း နဲ့ အခြားဆားဓါတ်ပါတဲ့ ရေတွေကလည်း ကလေးရဲ့ အရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးလေး ပင်လယ်မှာ (သို့) ရေအိုင် ရေကန်တစ်ခုခုမှာ ဆော့ပြီးပြီဆိုရင် သေသေချာချာ သန့်စင်တဲ့ ရေ နဲ့ပြန်ပြီး စင်အောင်ပြန် ဆေးပေးရပါမယ်။ အဲဒီနောက်မှာ moisturizer လေးလိမ်းပေးဖို့ မမေ့ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement