backup og meta

ကလေးငယ်လေးတွေမှာ ကြီးထွားမှုနဲ့အတူ ဖြစ်လာတဲ့အရေပြားပြောင်းလဲမှုတွေအကြောင်း


Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားက လူတိုင်းရဲ့ရှင်သန်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းပါ။မြင်သာအောင်ပြောပြရမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ အပေါ်ယံအရေပြားက ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ကာကွယ်မှုပေးထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး၊ အရေပြားကပြင်ပက ဓါတ်မတည့်တဲ့အရာတွေကို ထိတွေ့မိတဲ့အခါမျိုးမှာ အချက်ပြပေးတဲ့ အရာတစ်ခုအနေနဲ့ တာဝန်ယူထားသလိုပြင်ပက ရာသီဥတုအခြေအနေတွေကိုလည်း ခံစားအချက်ပြပေးပါသေးတယ်။

    ဒီလိုမျိုးအရေးပါတဲ့ အရေပြားက ခန္ဓါကိုယ်ကြီးထွားလာတာနဲ့ အမျှပြောင်းလဲလာပါတယ်။ အသက်အရွယ်အလိုက်အရေပြားပြောင်းလဲလာတဲ့အခါ ကိုက်ညီမယ့်အရေပြားစောင့်ရှောက်မှုကိုလုပ်ဆောင်ဖို့ကလည်းမေ့ထားလို့မရပါဘူး။ လူကြီးတွေက ကိုယ်တိုင်အရေပြားထိန်းသိမ်းစောင့်ရှောက်နိုင်တာကြောင့် အရေးမကြီးပေမယ့်လို့ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးတွေကိုတော့ လူကြီးမိဘတွေကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။

    အရေပြားကို ဘယ်လိုဖွဲ့စည်းထားတာလဲ

    အရေပြားကို အလွှာ ၃ ခုနဲ့ဖွဲ့စည်းထားတာပါ။

    • epidermis

    အရေပြားရဲ့ အပေါ်ဆုံးအလွှာပါ။ ခန္ဓါကိုယ်ရဲ့ရေဓါတ်မဆုံးရှုံးအောင်ကာကွယ်ပေးသလို skin toneတွေကိုလည်းဖန်တီးပေးပါတယ်။

    • dermis

    အရေပြားရဲ့ အပေါ်ဆုံးလွှာ epidermis ရဲ့အောက်ဘက်မှာရှိတဲ့ အလွှာပါ။ ဒီအရေပြားအလွှာမှာ တွယ်ဆက်တစ်ရှုးတွေ၊မွှေးညှင်းအိတ်လေးတွေနဲ့ချွေးဂလင်းတွေပါဝင်ပါတယ်။

    • hypodermis

    အရေပြားအတွင်းဆုံးအလွှာပါ။ အရေပြားရဲ့ အနက်ရှိုင်းဆုံး တစ်ရှုးအလွှာတစ်ခုလည်းဖြစ်ပါတယ်။ အဆီတွေ၊ တွယ်ဆက်တစ်ရှုးတွေနဲ့ ဖွဲ့စည်းထားတဲ့ အလွှာတစ်ခုပါ။

    အရေပြားကဘယ်လိုတွေပြောင်းလဲလာတာလဲ

    အရေပြားက လူ့သက်တမ်းတလျှောက်မှာ အသက်အရွယ်အလိုက် တဖြည်းဖြည်းချင်းပြောင်းလဲလာပါတယ်။မွေးကင်းစအရွယ်မှာတော့ အသားအရေက အရမ်းကိုနူးညံ့ပြီး ထိခိုက်ခံနိုင်စွမ်းကလည်းတော်ေ်တာ်လေးနည်းပါသေးတယ်။ ဆယ်ကျော်သက်အရွယ်လောက်ရောက်လာပြီဆိုရင်တော့ ဝက်ခြံထွက်တာလိုမျိုး အရေပြားပြဿနာတွေဖြစ်လာပါတယ်။ အသက်အရွယ်အိုမင်းလာတဲ့အခါမှာတော့ အရေပြားတွန့်တာနဲ့ အရေအကြောင်းတွေဖြစ်လာပါတော့တယ်။ အသားအရေကျန်းမာနေစေဖို့က အသက်အရွယ်အလိုက်သင့်တော်တဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။

    မွေးကင်းစကလေးအသားအရေ

    ကလေးငယ်လေးတွေရဲ့ အသားအရေက လူကြီးတွေရဲ့ အသားအရေထက် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ပိုမိုပါးလွှာပါတယ်။ အရေပြားအလွှာ ၃ ခုစီရှိတာချင်းအတူတူဆိုပေမယ့် အရေပြားအလွှာတစ်ခုချင်းစီက လူကြီးတွေရဲ့ အရေပြားအလွှာတွေထက် ပိုပါးလွှာပါတယ်။ ထိခိုက်မှုကို ခံနိုင်စွမ်းလည်းနည်းပါတယ်။

    ကလေးငယ်လေးတွေရဲ့ အပေါ်ယံအရေပြားကတော်တော်လေးပါးလွှာပြီး ဆဲလ်တွေရဲ့ ဖွ့ဲစည်းမှုကလည်း ကျစ်ကျစ်လစ်လစ် သိပ်မရှိလှပါဘူး။ အဆီဂလင်းနဲ့ချွေးဂလင်းတွေကလည်းသေချာမဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးငယ်တွေရဲ့ အရေပြားက –

    • ခုခံနိုင်စွမ်းနည်းပါတယ်
    • ဓါတုပစ္စည်းတွေ၊ဖုန်မှုန့်တွေ၊ဘက်တီးရီးယားတွေနဲ့ထိတွေ့မိတဲ့အခါ တုံ့ပြန်လွယ်ပါတယ်
    • ခြောက်သွေ့လွယ်ပါတယ်
    • ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်စွမ်းနည်းပါးပါတယ်
    • ကလေးငယ်တွေရဲ့ အရေပြားက လူကြီးတွေအရေပြားထက် အပူချိန်ကို ထိန်းညှိနိုင်စွမ်းလည်း နည်းပါတယ်။

    လမ်းလျှောက်တတ်စ ကလေးငယ်အသားအရေ

    အသက် ၄ နှစ်လောက်ရောက်လာတဲ့အခါကလေးရဲ့ အသားအရေ၊ဆံသား၊ခြေသည်းလက်သည်းနဲ့ဂလင်းတွေကတော်တော်လေး ဖွံ့ဖြိုးလာပြီဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ထိလည်း ကလေးရဲ့ အသားအရေက ပါးလွှာနေဆဲပါ။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုလည်း သိပ်မခံနိုင်သေးပါဘူး။ အသက် ၁၂ နှစ်လောက်ရောက်မှ ကလေးရဲ့ အသားအရေက လူကြီးတွေရဲ့ အသားအရေနီးပါး ဖွံ့ဖြိုးလာတာဖြစ် ပါတယ်။

    ဆယ်ကျော်သက်အရွယ်

    ဒီအရွယ်မှာတော့ဟော်မုန်းပြောင်းလဲတာမျိုးတွေ ဖြစ်ပေါ်လာပြီပဲဖြစ်ပါတယ်။ မျက်နှာ၊ ပခုံး၊ ရင်ဘတ်နဲ့နောက်ကျောတွေမှာ စတင်ပြီးပြောင်းလဲမှုတွေဖြစ်လာပြီဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အရေပြားက အဆီထုတ်လုပ်မှုပိုများလာပြီး ဝက်ခြံဖြစ်တာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးဝက်ခြံဖြစ်တာက အရွယ်ရောက်လာတာနဲ့အမျှ သက်သာသွားတတ်ပေမယ့် မိန်းကလေးတွေမှာတော့ ဝက်ခြံထွက်တာက သက်လတ်ပိုင်းအထိတောင်မပျောက်တာမျိုးလည်းရှိနိုင်ပါတယ်။

    ပြောင်းလဲလာတဲ့အသားအရေကိုဘယ်လိုဂရုစိုက်ပေးမလဲ

    အသားအရေစောင့်ရှောက်မှုကိုမွေးကတည်းကနေ အသက်အရွယ်ရလာတဲ့အထိ တသမတ်တည်းလုပ်လို့မရပါဘူး။ အသက်အရွယ်အလိုက်ပြောင်းလဲလုပ်ဆောင်ပေးဖို့လိုပါမယ်။ ကလေးတွေကို ငယ်စဉ်မှာ သူတို့လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ရေချိုးဆပ်ပြာနဲ့ချိုးပေးတာ၊ Baby Oil လူးပေးတာ၊ Baby Lotion လူးပေးတာတွေလုပ်ပေးရင်လုံလောက်ပြီလို့ဆိုလို့ရပါမယ်။ ဒါပေမယ့် ကလေးက အရွယ်နည်းနည်းရလာတဲ့အခါမှာတော့ သူတို့လေးတွေနဲ့အသားအရေဖွံ့ဖြိုးလာမှုနဲ့ လိုက်ဖက်မယ့် skin careတွေကိုပြောင်းလဲအသုံးပြုပေးဖို့လိုမှာဖြစ်ပါတယ်။ ဥပမာနေရောင်ထဲထွက်ဆော့တတ်ပြီဆိုရင်နေလောင်ကာခရင်မ်လူးပေးတာ၊ အစိုဓါတ်ထိန်းခရင်မ်လူးပေးတာမျိုးပေါ့။ အသားအရေထိန်းသိမ်းတဲ့အခါမှာ အရေကြီးဆုံးအချက်က အသားအရေမခြောက်သွေ့အောင် ဂရုစိုက်ဖို့ပါ။ အသားအရေ မခြောက်သွေ့အောင်ဂရုစိုက်တာ အရွယ်သုံးပါးစလုံးအတွက် အရေးပါတာပါ။

    နောက်တစ်ခုက ကလေးတွေမှာဖြစ်နိုင်တဲ့အရေပြားပြဿနာတွေပါ။ ကလေးတွေရဲ့အရေပြားက အစိုဓါတ်ရှိနေမယ်ဆိုရင်တော့ အရေပြားခြောက်သွေ့တာ၊ အရေပြားအဖတ်လန်တာ၊ အရေပြားကွဲရှတာတွေကနေတဆင့် ပိုးဝင်တာ နဲ့ နှင်းခူလိုမျိုး အရေပြားပြဿနာတွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးက အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်မျိုးဖြစ်နေမယ်ဆိုရင်လည်း ကလေးကို အဆီပြန်စေနိုင်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေ အသုံးမပြုပေးမိအောင် သတိထားဖို့လိုပါမယ်။ အဆီပြန်တတ်တဲ့ ကလေးငယ်တွေမှာ ဝက်ခြံဖြစ်နိုင်ခြေများတာကြောင့်ပါ။ ငယ်ရွယ်စဉ်အရွယ်ကတည်းက ကလေးငယ်လေးတွေရဲ့ အသားအရေကိုသေချာဂရုစိုက်ပေးမှသာ အသားအရေကျန်းမာလှပတဲ့ ကလေးလေးတွေအဖြစ် ကြီးပြင်းလာမှာဖြစ်ပါတယ်။

    ကလေးငယ်လေးတွေရဲ့ အသားအရေကိုစောင့်ရှောက်နည်း

    ရေချိုးဆပ်ပြာ အပြင်းစားတွေမသုံးပါနဲ့

    ရေချိုးဆပ်ပြာ အပြင်းစားတွေနဲ့ ani-baterial ဆပ်ပြာတွေက ကလေးအသားအရေပေါ်က အဆီတွေကိုဖယ်ရှားလိုက်သလိုဖြစ်တဲ့အပြင် အသားအရေကိုခြောက်သွေ့စေနိုင်တာကြောင့်ပါ။

    ရေအကြာကြီးမချိုးပေးပါနဲ

    ရေပူနဲ့ ချိုးပေးတာ၊ရေအကြာကြီးချိုးပေးတာတွေက ကလေးအရေပြားပေါ်က အဆီဓါတ်တွေကိုကုန်ခမ်းစေပြီး အသားအရေကိုအစိုဓါတ်မရှိဖြစ်စေနိုင်တာကြောင့် ကလေးကိုရေခပ်နွေးနွေးလေးနဲ့ အချိန်နည်းနည်းလောက်ပဲချိုးပေးပါ။

    ဘယ်လိုစောင့်ရှောက်ပေးမလဲ

    ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေရွေးချယ်တဲ့အခါ အရင်ဆုံး ကလေးအသားအရေနဲ့ ကိုက်ညီမှုရှိ၊မရှိကို စမ်းသပ်သင့်ပါတယ်။ ကလေးက တုံ့ပြန်လွယ်တဲ့ အသားအရေပိုင်ရှင်မျိုးဖြစ်မယ်ဆိုရင်တော့ အသားအရေကို အစိုဓါတ်ထိန်းပေးဖို့လိုပါမယ်။

    ဘယ်လိုကာကွယ်ပေးမလဲ

    ကလေးငယ်လေးတွေရဲ့ အသားအရေကိုလည်း ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပေးဖို့လိုပါမယ်။ ကလေးတွေရဲ့ အသားအရေက ခရမ်းလွန်ကို ခံနိုင်ရည်တော်တော်လေးနည်းပါသေးတယ်။ ငယ်စဉ်ကတည်းက ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ပါများရင် အရွယ်ရောက်လာတဲ့အခါ ကလေးငယ်မှာ အရေပြားကင်ဆာလိုမျိုး အရေပြားပြဿနာတော်တော်များများကိုခံစားရနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement