အရာအားလုံးဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆက်သွယ်မှုတွေရှိနေတတ်တယ်ဆိုတာ ကြားဖူးကြမှာပါ။ ကိုယ်တွင်းက ကလီစာတွေ၊ ခုခံအားစနစ်တွေကလည်း ဒီလိုပါပဲ။ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေကြပြီး ကိုယ့်တာဝန်ကိုယ်ယူကာ အပြန်အလှန်မှီခိုနေကြပါတယ်။ အဲ့ဒီထဲကမှ တစ်ခုခု ချွတ်ယွင်းသွားတာနဲ့ တခြား အရာတွေအားလုံး ဝန်ပိကုန်ပါတော့တယ်။ ကိုယ်တွင်းစစ်တပ်ကြီးကို ဦးဆောင်နေတာ ခုခံအား စနစ်ကြီးဆို အစာခြေစနစ်က စစ်တပ်ကြီးကို ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့ အုပ်စုတစ်ခုပါ။ သူတို့နှစ်ဦးဟာ တစ်ဦးအပေါ်တစ်ဦး မှီခိုနေကြပါတယ်။ သူတို့နှစ်ဦးရဲ့ ဆက်သွယ်မှုဟာ လူကြီးတွေမှာပဲ အရေးပါတာ မဟုတ်ပါဘူး။ ခုခံအားနည်းတတ်တဲ့ ကလေးတွေမှာဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ ဒါကြောင့် အစာခြေစနစ်က ခုခံအားစနစ်အပေါ် ဘယ်လို သက်ရောက်မှုတွေရှိလဲဆိုတာ ကြည့်ရအောင်။ ။