ရာသီအကူးအပြောင်း ဆိုရင် လူကြီးတွေတောင် ဖျားနာတတ်ကြတာ နုနယ်တဲ့ကလေးတွေက ပိုပြီး ဖျားနာနိုင်ခြေ များပါတယ်။ ရာသီဥတုအကူးအပြောင်းမှာ အပူချိန်၊ လေထုစိုထိုင်းဆ စတာတွေ ပြောင်းသွားတဲ့အတွက် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ ပိုပွားတာ၊ ကူးစက်တတ်တာတွေ ဖြစ်တတ်ပါတယ်။ ရာသီအကူးအပြောင်းမှာ သားသားမီးမီးတို့ ကျန်းမာစေဖို့ မိဘတွေက ဒီလိုဂရုစိုက်ပေးဖို့ လိုပါတယ်။
ရာသီအကူးအပြောင်း မှာ ဖြစ်တတ်တဲ့ ရောဂါများ
မိုးအကုန် ဆောင်းအကူးပဲဖြစ်ဖြစ်၊ နွေအကုန် မိုးအကူးပဲဖြစ်ဖြစ် ဥတုအလိုက် ဖြစ်တတ်တဲ့ ရောဂါတွေက နောက်ကနေ ကပ်ပါလာတတ်ပါတယ်။ ဒါတွေကခုခံအား နည်းတဲ့ ကလေးတွေမှာ ကောင်းကောင်းကြီး ဒုက္ခပေးတတ်ပါတယ်။ ဖြစ်တတ်တဲ့ ရောဂါတွေကတော့
- မိုးအကုန် ဆောင်းအကူးဆိုရင်
–ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော
–အအေးမိတာ
-တုပ်ကွေးဖြစ်တာ
-ပန်းနာရင်ကျပ် စတာတွေ ဖြစ်တတ်ပါတယ်။
- ဆောင်းအကုန် နွေအကူးဆိုရင်တော့
-အပူနဲ့ ပတ်သက်တဲ့ ရောဂါတွေ
-အရေပြားရောဂါတွေ ဖြစ်တတ်ပါတယ်။
- နွေအကုန် မိုးအကူးဆိုရင်တော့
–သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ
-အအေးမိတာ
–ရာသီတုပ်ကွေး စတာတွေကို သတိထားဖို့ လိုပါတယ်။
ရာသီအကူးအပြောင်းမှာ ကလေးတွေ ကျန်းမာနေစေဖို့
ရာသီဥတု အကူးအပြောင်းမှာ သားသားမီးမီးတို့ ကျန်းမာစေဖို့ အောက်ပါ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာဖို့ လိုပါတယ်။
ဆောင်ရန်အချက်များ
- အာဟာရပြည့်ဝအောင် ကျွေးမွေးပါ။
ကလေးတွေ အစားချေးများကြတာ သဘာဝပါ။ ဒါပေမယ့် ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းနေဖို့ လိုပါတယ်။ ထမင်းအပြင် အသီးအရွက်၊ အသားငါးတွေကို မျှတအောင် ကျွေးပါ။ အသီးအနှံတွေကိုလည်း နေ့စဉ် ထည့်ကျွေးပါ။ ဆောင်းတွင်းမှာဆိုရင် နို့ပူပူလေး သောက်ပေးတာက ကလေးတွေ အအေးမိတာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။
- ရေများများသောက်ပါစေ။
နွေရာသီမှ မဟုတ်ပါဘူး။ ဘယ်ရာသီမှာမဆို ရေများများသောက်ဖို့၊ တစ်နေ့တာ လိုအပ်တဲ့ ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ အအေးတွေ၊ အချိုရည်တွေထက်စာရင် ရေ၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ် စတာတွေကို များများတိုက်ပေးပါ။
- တစ်ကိုယ်ရည်သန့်ရှင်းရေးကို သတိပြုပါ။
အထူးသဖြင့် လက်သန့်ရှင်းရေးပါ။ လက်ကနေတဆင့် ပိုးမွှားအများစုက ကူးစက်တာဖြစ်တဲ့အတွက် ကလေးတွေကို လက်ဆေးတတ်ဖို့ သင်ထားပေးရပါမယ်။ ဒါ့ပြင် မိမိဆီကနေ သူများကို မကူးစေဖို့ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ အုပ်ဆိုးဖို့လည်း သင်ထားပေးရပါမယ်။
- ရေချိုးတာကို သတိထားပါ။
နွေရာသီဆို တစ်နေ့ ၂ခါချိုးတာက ပြဿနာ မရှိပါဘူး။ ချွေးတွေနဲ့ အတူကပ်ပါလာတဲ့ ပိုးမွှားတွေပါ သန့်စင်ပြီးသား ဖြစ်တာကြောင့် ပိုပြီးတောင် ကောင်းပါသေးတယ်။ မိုးတို့၊ ဆောင်းတို့ဆိုရင်တော့ ရေချိုးတာကို သတိထားရပါမယ်။ ခန္ဓာကိုယ် အပူချိန်ကျနေတဲ့အခါ ကိုယ်ခံအားလည်း ကျနေနိုင်တာကြောင့်ပါ။ ရေကျက်နွေးလေးနဲ့ တစ်နေ့တစ်ခါ ချိုးပေးတာ၊ ခေါင်းလျှော်ရင်လည်း ခပ်မြန်မြန်လျှော်ပြီး သေချာခြောက်အောင် သုတ်ပေးဖို့ လိုပါတယ်။
- အပြင်ထွက်ဆော့ပါစေ။
မနက်ခင်း နေသိပ်မပူသေးတဲ့ အချိန်မှ ကလေးတွေကို အပြင်ထွက်ဆော့ခွင့်ပြုသင့်ပါတယ်။ ကစားတာက ကလေးတွေအတွက် လေ့ကျင့်ခန်းလုပ်နည်း တစ်မျိုးပါပဲ။ ကစားတာရော၊ မနက်ခင်း နေရောင်ခြည်က ဗီတာမင် ဒီရတာရော၊ လေကောင်းလေသန့်ရတာရောက ကလေးတွေကို ကျန်းမာစေပါတယ်။
- အိပ်ရေးဝဝ အိပ်ခိုင်းပါ။
ကလေးတွေက တစ်နေ့ကို အနည်းဆုံး ၈နာရီ အိပ်သင့်ပါတယ်။ ဒါက ညဘက်မှာပါ။ နေ့လယ်ဘက်တွေမှာလည်း ကြီးထွားဟော်မုန်းထွက်အောင် တစ်ရေးတစ်မော အိပ်ခိုင်းသင့်ပါတယ်။
- ကာကွယ်ဆေးတွေ အပြည့်အဝထိုးထားပါ။
ကလေးတွေကို အရွယ်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးတွေကို အကြိမ်ပြည့်အောင် ထိုးထားဖို့ လိုပါတယ်။ ဒါ့ပြင် မိုးတွင်းရောက်ခါနီး၊ ဆောင်းတွင်းရောက်ခါနီးတွေဆို ရာသီတုပ်ကွေးကာကွယ်ဆေးတွေ ထိုးထားသင့်ပါတယ်။
ရှောင်ရန်အချက်များ
- အသင့်စား အစားအစာတွေ လျှော့ကျွေးပါ။
အသင့်စား အစားအစာတွေ၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေက အာဟာရတန်ဖိုး နည်းပါတယ်။ ဒါပေမယ့် ကလေးတွေက ကြိုက်ပါတယ်။ ကြိုက်လို့ ဒါပဲစားပြီး ထမင်းမစားတော့ရင် အာဟာရချို့တဲ့ပြီး ခုခံအား ကျလာပါလိမ့်မယ်။
- ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ။
အထူးသဖြင့် မိုးတွင်းရောက်တော့မယ်ဆိုရင် သွေးလွန်တုပ်ကွေးအပါအဝင် ခြင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအဖြစ်များလာနိုင်ပါတယ်။ ကလေးကို ခြင်မကိုက်အောင် လုံလုံခြုံခြုံဝတ်ပေးပါ။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးထားပါ။
- ငြိမ်မနေပါစေနဲ့။
ငြိမ်နေတာက မိဘတွေ အကြိုက်ဆိုပေမယ့် ကလေးအတွက်တော့ မကောင်းပါဘူး။ ကလေးသဘာဝ လှုပ်ရှားပြီး ဆော့ကစားနေမှ အရပ်ရှည်ပြီး အဝလွန်တာတွေ မဖြစ်မှာပါ။ ဒါ့ပြင် လူကြီးတွေ လေ့ကျင့်ခန်း လုပ်တာနဲ့ တူတဲ့အတွက် ကိုယ်ခံအားလည်း ကောင်းစေပါတယ်။
- ဓာတ်မတည့်တာတွေကို ရှောင်ကြဉ်ပါ။
ကလေးမှာ ဓာတ်မတည့် ပန်းနာရင်ကျပ်၊ နှင်းခူစတာတွေ ရှိတယ်ဆိုရင် သူနဲ့ ဓာတ်မတည့်တာတွေကို သတိထားပေးပါ။ အထူးသဖြင့် ရာသီအကူးအပြောင်းမှာ ပန်းပွင့်တာကြောင့် ဝတ်မှုန်တွေ လွင့်လာတာ၊ စိုထိုင်းဆ အပြောင်းအလဲကြောင့် ဖုန်၊ အမှုန်၊ မှိုတွေ ရှိတတ်ပါတယ်။
- လူအများနဲ့ ထိတွေ့တာကို ရှောင်ကြဉ်ပါ။
အထူးသဖြင့် ရာသီတုပ်ကွေးဖြစ်တတ်တဲ့ မိုးဦးကျ၊ ဆောင်းဦးကျအချိန်ဆို ကလေးတွေကို လူထူထပ်တဲ့နေရာ ခေါ်မသွားသင့်ပါဘူး။ အိမ်မှာ နေမကောင်းတဲ့သူ ရှိနေရင်လည်း ဝေးဝေးနေခိုင်းသင့်ပါတယ်။
ရာသီအကူးအပြောင်းဆိုတာ နှစ်တိုင်း ကြုံရမယ့် ကိစ္စပါ။ ဒီဆောင်ရန် ရှောင်ရန် အချက်တွေနဲ့ ကလေးတွေကို ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။ တစ်ဖက်မှာလည်း ကလေးကို နေမထိ လေမထိ မထားပါနဲ့။ တစ်ခါတလေမှာ ပြင်ပပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ပေးလိုက်တာက ခုခံအားကို လေ့ကျင့်ပြီးသား ဖြစ်စေပါတယ်။
[embed-health-tool-vaccination-tool]