backup og meta

နေမကောင်းတဲ့ ကလေးကို ဘယ်လိုကျွေးမွေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 17/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေမကောင်းတဲ့ ကလေးကို ဘယ်လိုကျွေးမွေးမလဲ

    မိဘတွေက ဘယ်လိုပဲ ကလေးကို ဂရုတစိုက်စောင့်ရှောက်နေပါစေ တစ်ခါတစ်လေ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာနိုင်ပါဘူး။ ကလေးတွေက ဖျားတတ်ကြပါတယ်။ နေထိုင်မကောင်း ဖြစ်တတ်တဲ့ အချိန်ရှိပါတယ်။ ကလေး နေထိုင်မကောင်းတဲ့အခါ စိတ်အညစ်ရဆုံး အပူပန်ရဆုံးက မေမေတို့ပါ။ မေမေတို့အနေနဲ့ ကလေးနေမကောင်းချိန်မှာ စဉ်းစားရတဲ့ အရာလေး တစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ကလေးကို ဘာများ ပြင်ဆင် ကျွေးမွေးရမလဲလို့ပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ နေမကောင်းတဲ့ ကလေးကို ဘယ်လိုကျွေးမွေးမလဲ ဆိုတာလေး ပြောပြပေးချင်ပါတယ်။

    ကလေးက ဖျားနာတာ ဖြစ်တတ်ပါတယ်

    ဒါပေမယ့် အစိုးရိမ်လွန်စရာမလိုပါဘူး။ ပုံမှန်အဖျားတွေက သိပ်မကြာခင် ပျောက်ကင်းတတ်ကြပါတယ်။ ကလေးတိုင်းက တစ်နှစ်မှာ ၅ ကြိမ်ကနေ ၇ ကြိမ်လောက်တော့ ဖျားနိုင်ပါတယ်။ ဒီလို ဖျားနာတာက ပုံမှန် ဖျားနာတာဆိုရင်  ၂ ရက်ကနေ ၃ ရက်လောက်မှာ  သက်သာသွားတတ်ပါတယ်။ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ မိဘတွေလုပ်ပေးနိုင်တာက ကလေးကို အပြည့်အဝစောင့်ရှောက်ပြီး နေ့စဉ်စားသောက်မှုကို အနည်းငယ်ချိန်ညှိပေးဖို့ပါ။

    ကလေးတွေနေမကောင်းလို့ အစာကျွေးတဲ့အခါ မိဘတိုင်းသိထားသင့်တဲ့ အချက်တချို့ရှိပါတယ်။

    • နေမကောင်းတဲ့ကလေးကို နို့တိုက်သင့်သလား ဖြည့်စွက်စာကျွေးသင့်လား။

    နို့ချိုတိုက်ကျွေးခြင်းဟာ သင့်ကလေးရဲ့ခန္ဓာကိုယ်တွင်းရှိ ပဋိဇီဝဓာတ်၊ သက်စောင့်ဓာတ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ပေးဖို့အတွက် ကူညီပေးပါတယ်။

    ဖြည့်စွက်စာကိုလည်း ကျွေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်တည်းမှာ အများကြီးမကျွေးပါနဲ့။ နေမကောင်းတဲ့ ကလေးကို များများကျွေးရင် ပြန်အန်ထုတ်ပါလိမ့်မယ်။ နည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။

    နေမကောင်း ဖြစ်နေချိန်မှာ နို့တိုက်လက်စ ကလေးကိုလည်း နို့ဆက်တိုက်ပါ။ ဖြည့်စွက်စာ စားနေရင်လည်း ဆက်ကျွေးပါ။ ဘာပဲဖြစ်ဖြစ် အာဟာရပြည့်ဝနေဖို့ လိုပါတယ်။

    • နေမကောင်းတဲ့ကလေးကို အစာမာကျွေးသင့်သလား။

    အာဟာရကြွယ်ဝစွာပါဝင်ပြီး အစာကြေလွယ်တဲ့အစားအစာမျိုး၊ ကလေးက သိပ်မငြင်းတဲ့အစာမျိုးဆိုရင် ဆက်ကျွေးနိုင်ပါတယ်။

    • အစာမစားချင်ဘူးဆိုရင် ဘာလုပ်သင့်သလဲ။

    အတင်းဖိအားကျွေးပြီး မကျွေးပါနဲ့။ ဒါက သူတို့ရဲ့ ခန္ဓာကိုယ်က အရမ်းပင်ပန်းနေတယ်လို့ ဖော်ပြနေတာဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ အာဟာရဓာတ်မြင့်မားစွာပါဝင်ပြီး ရေဓာတ်ကောင်းကောင်းရနိုင်မယ့် သူတို့ခံတွင်းတွေ့မယ့် အစားအစာမျိုးဆိုရင် အဆင်ပြေပါတယ်။ နည်းနည်းစားရုံနဲ့ အာဟာရပြည့်နိုင်တဲ့ အစားအစာမျိုးပေါ့။

    သကြားဓာတ်ပါဝင်မှုများပြားသော ဆိုဒါနဲ့ အသီးဖျော်ရည်များကို တိုက်ကျွေးခြင်းဟာ ဝမ်းလျှောစေပါလိမ့်မယ်။

    • ဓာတ်ဆားရည်တိုက်သင့်သလား။

    အစားနည်းပြီး မကြာခဏ အန်တတ်တဲ့ ကလေးတွေဆိုရင် ရေဓာတ် ပြန်လည် ဖြည့်တင်းပေးဖို့ တိုက်ကျွေးသင့်ပါတယ်။ ဖျားနေတဲ့အချိန်မှာ အပူချိန်တက်‌နေတာ‌ကြောင့် ‌‌ရေနဲ့ ဓာတ်ဆားလည်း ဆုံးရှုံးနေပါတယ်။ ခံတွင်းပျက်ပြီး အစားလည်း နည်းနေတာကြောင့် တိုက်သင့်ပါတယ်။

    ဓာတ်ဆားရည်က ကလိုရိုက်၊ ပိုတက်ဆီယမ်၊ ကာဗွန်ဟိုက်ဒရိတ်တွေ ပါဝင်မှုကို တိကျ မှန်ကန်စေပြီး ကလေးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

    နေမကောင်းတဲ့ ကလေးကို ဘယ်လိုကျွေးမွေးမလဲ

    နေမကောင်းတဲ့ ကလေးကို ဘယ်လိုကျွေးမွေးမလဲ ဆိုတော့ ကလေးပေါ် မူတည်ပြီး ချိန်ညှိ ကျွေးရမှာပါ။

    ၁။ အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်း

    ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဗီတာမင် စီ ကြွယ်ဝသော အစားအစာများ ပိုကျွေးပါ။ ၁နှစ် သို့မဟုတ် ၁နှစ်ထက် ကြီးရင် ပျားရည် စစ်စစ်ကို ရေနွေးနဲ့ တိုက်နိုင်ပါတယ်။

    ၂။ ဝမ်းလျှောခြင်း

    အရည် များများ သောက်ခိုင်းပါ။ အစာကြေလွယ်တဲ့အစာမျိုးကျွေးပါ။ ငှက်ပျောသီး၊ ထမင်း၊ ပန်းသီး စသဖြင့် ဖြည့်စွက်စာတွေ ကျွေးနိုင်ပါတယ်။

    သူတို့လေးတွေ နေပြန်ကောင်းလာရင် ခံတွင်းလည်း ပြန်ကောင်းလာပါတယ်။ နာလန်ထလာပြီး ၂ပတ်လောက်ကြာတဲ့အထိ စားနေကျထက် တစ်ကြိမ်ပိုကျွေးပါ။ ကလေးက ဖျားပြီးသွားရင် ကိုယ်အလေးချိန် ကျသွားတတ်ပါတယ်။ ဒါကို ကာမိစေဖို့ နေပြန်ကောင်းလာရင်တောင် အာဟာရကို ဂရုစိုက်ဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 17/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement