နို့ဦးရည်နဲ့ ပတ်သက်တဲ့ အမှန်၊ အမှားများ အကြောင်း
နို့ဦးရည်နဲ့ ပတ်သက်ပြီး သိထားမိနိုင်တဲ့ အမှန်အမှားတွေကတော့ –
၁- နို့ဦးရည်ထွက်ဖို့၊ နို့တိုက်ဖို့ ဘာမှလုပ်စရာမလိုဘူး။ အလိုလိုတတ်သွားမှာပဲ။
နို့ဦးရည်အပါအဝင်က မိခင်နို့က အလိုလိုထွက်တာတော့ ဟုတ်ပေမဲ့ သေချာတိုက်တတ်ဖို့တော့ လိုပါတယ်။ မိခင်နို့က စို့လေ ထွက်လေ ဖြစ်တဲ့အတွက် ကလေး နို့စို့တတ်ဖို့၊ မိခင်နို့တိုက်တတ်ဖို့ လိုပါတယ်။ တချို့မိခင်တွေ ရက်ပိုင်းလောက်ပဲ နို့ထွက်ပြီး ရပ်သွားတာ၊ မွေးပြီးပြီးချင်းမှာ နို့တိုက်ရခက်တာတွေက နို့တိုက်ဖို့ ကြိုတင် မလေ့လာထားလို့ပါ။ မွေးစမှာ နို့ဦးရည်သေချာထွက်ဖို့၊ ကလေး နို့သေချာစို့နိုင်ဖို့ ကိုယ်ဝန်ဆောင်တည်းက လေ့လာထားဖို့ လိုပါတယ်။ ဒါမှ အဖိုးတန်တဲ့ နို့ဦးရည်ကို ကလေးကို စောစောတိုက်နိုင်မှာပါ။
၂- မွေးပြီးပြီးချင်းထွက်တဲ့ နို့ကို ညှစ်ပစ်ရတယ်။
မွေးပြီးပြီးချင်း ထွက်တဲ့ နို့က ပျစ်တယ်၊ ဝါတယ်။ ဒါကြောင့် ကလေးကို ချွဲကျပ်စေမယ်။ အသားဝါစေမယ်ဆိုပြီး ညှစ်ထုတ်ပစ်ကြပါတယ်။ မွေးပြီးပြီးချင်းမှာ ထွက်တဲ့ နို့က နို့ဦးရည်ပါ။ သူက သဘာဝအရကို ပျစ်ပြီး ဝါဖန့်ဖန့်အရောင် ရှိနေတာ ဖြစ်ပါတယ်။ ကလေးကို ကြီးထွားစေဖို့၊ ရောဂါပိုးတွေကို ခုခံနိုင်ဖို့ အာဟာရတွေသာ ပါဝင်တာဖြစ်ပြီး ကလေးကို မထိခိုက်စေပါဘူး။ ဒါကြောင့် စိတ်ချလက်ချ တိုက်လို့ရပါတယ်။ ညှစ်ထုတ်ပစ်ဖို့ မလိုပါဘူး။
၃ – နို့ဦးရည်က ကလေးကို ဝမ်းသွားစေတယ်။
မေမေ့ဗိုက်ထဲမှာ ဖွံ့ဖြိုးနေစဉ်က ဘေဘီလေးရဲ့ အစာခြေစနစ်က လှုပ်ရှားမှု မရှိထားတာကြောင့် အူလမ်းကြောင်းထဲမှာ ငယ်ချေးလေးတွေ စုနေတတ်ပါတယ်။ နို့စစို့လို့ မိခင်နို့ဦးရည် ဝမ်းထဲရောက်သွားချိန်မှာတော့ အူလမ်းကြောင်းတွေ စတင်လှုပ်ရှားလာပါတယ်။ ဒီလိုနဲ့ ဘေဘီလေး မိခင်ဝမ်းထဲမှာ နေတုန်းက အစာခြေစနစ်ထဲမှာ ရှိနေတဲ့ စွန့်ထုတ်ရမယ့် အရာတွေကို စပြီး စွန့်ထုတ်ပါတော့တယ်။
နို့ဦးရည် ကနေတဆင့် မိခင်နို့ ပြောင်းသွားတာနဲ့အမျှ ကလေးရဲ့ ဝမ်းက ပျစ်လာပြီး ဝမ်းအရောင်ကလည်း အမည်းရောင် ကနေ စိမ်းဖန့်ဖန့်၊ စိမ်းဖန့်ဖန့်ကနေ အဝါရောင် ပြောင်းလာပါတယ်။ ဒါကြောင့် ကလေးက နို့ဦးရည်ကြောင့် ဝမ်းသွားတာ မဟုတ်ပါဘူး။ အစာခြေစနစ်ရဲ့ စတင်လှုပ်ရှားမှုကြောင့်သာ စွန့်ထုတ်ရမယ့် အရာတွေကို စွန့်ထုတ်တာပါ။
၅ – နို့ဦးရည်က နည်းနည်းပဲ ထွက်တော့ နို့ဘူးကူရမယ်။
နို့ဦးရည်က ခပ်ပျစ်ပျစ်နဲ့ မီးဖွားပြီး အစောပိုင်းရက်တွေမှာ ထွက်တဲ့ နို့ရည်ပါ။ အစောပိုင်းရက် အနည်းငယ်မှာသာ ထွက်ပြီး ပမာဏအားဖြင့် တစ်နေ့ကို ၃၀ မီလီလီတာ ကနေ ၁၀၀ မီလီလီတာလောက် အထိပဲ ထွက်ပါတယ်။ ပမာဏ နည်းပေမယ့် ကလေးအတွက် လုံလောက်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ နို့ဦးရည်က နည်းနည်းပဲ ထွက်လည်း ကလေးအတွက်က လုံလောက်ပါတယ်။ ဒါကြောင့် နို့ဘူးကူစရာမလိုပါ။ ကလေးကို နို့ခဏခဏ တိုက်ဖို့သာ လိုပါတယ်။
၆ – မိခင် ရင်သားသေးရင် နို့ဦးရည် နည်းနည်းပဲ ထွက်မယ်
မိခင်ရင်သား ထွားတာ သေးတာက မိခင်နို့ ထွက်ရှိမှုအပေါ်ရော နို့ဦးရည် ထွက်ရှိမှု အပေါ်မှာပါ သက်ရောက်တာမျိုး မရှိပါဘူး။ မိခင်တစ်ယောက်က ကလေးမွေးဖွားပြီးချိန်မှာ လုံလောက်တဲ့ နို့ဦးရည်ကိုရော နို့ရည်ကိုပါ ထောက်ပံ့ပေးနိုင်မှာပါ။ ပြည့်ဝမျှတတဲ့ အာဟာရကို စားသုံးဖို့တော့ လိုတာပေါ့။
ဒါကြောင့် မိခင်နို့တိုက်နေချိန်မှာ မေမေ့အနေနဲ့ အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုသလို ရေလုံလောက်အောင် သောက်ဖို့လည်း လိုပါမယ်။ နောက်ထပ် သောက်ပေးလို့ရတာ တစ်ခုက နို့ဦးရည်ကိုရော မိခင်နို့ရည်ကိုပါ အာဟာရ ပြည့်ဝစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ကြက်ပေါင်းရည် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါ။ နောက်တစ်ခုကတော့ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ပါ။ ဒီလို နည်းလမ်းလေးတွေကို လိုက်နာပေးတာကလည်း ဘေဘီလေး ကြီးထွားဖွံ့ဖြိုးစေဖို့ လုံလောက်တဲ့ နို့ရည်ကိုရော နို့ဦးရည်ကိုပါ ထွက်ရှိစေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။