backup og meta

မိခင်နို့ တိုက်ကျွေးခြင်းအကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့ တိုက်ကျွေးခြင်းအကြောင်း သိကောင်းစရာ

    မေမေ တစ်ယောက်ဖြစ်လာပြီဆိုရင် ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ရတဲ့ အချိန် တစ်ချိန် ရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ မိခင်နို့ တိုက်ကျွေးမလား ဆိုတာပါ။ ကိုယ်ဝန်ဆောင်တာလိုပဲ မိခင်နို့ တိုက်ကျွေးတာက သဘာဝဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် လွယ်ကုလှတဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး။ ဒီတစ်ခေါက်တော့ မိခင်နို့ တိုက်ကျွေးခြင်းအကြောင်း သိကောင်းစရာ အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

    မိခင်နို့ တိုက်ကျွေးခြင်းအကြောင်း သိကောင်းစရာ

    မိခင်နို့ တိုက်ကျွေးခြင်းအကြောင်း ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    မိခင်နို့ တိုက်ကျွေးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲ

    မိခင်နို့ တိုက်ကျွေးပေးတာက မေမေရော ဘေဘီလေးမှာပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ မိခင်နို့ လုံလောက်စွာ သောက်ရတဲ့ ဘေဘီလေးတွေဟာ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နည်းသလို သွားနဲ့ခံတွင်း ပြဿနာတွေလည်း ကင်းကြပါတယ်။ မေးရိုးနဲ့ သွားတွေ ကောင်းစွာ ဖွံ့ဖြိုးသလို စကားပြောဆိုမှုမှာလည်း တိုးတက်မှုတွေရရှိစေနိုင်ပါတယ်။ မျက်နှာပေါ်က ကြွက်သားလေးတွေ ကောင်းစွာဖွံ့ဖြိုးပြီး အခုလို ကျန်းမာရေးပြဿနာတွေလည်း ကင်းဝေးကြပါတယ်။

    • နားပိုးဝင်လို့ နားနာတာ
    • အသက်ရှူလမ်းကြောင်း အထက်ပိုင်း နဲ့ အောက်ပိုင်း ပိုးဝင်ကူးစက်တာ
    • အအေးမိတာ
    • လည်ချောင်းနာတာ
    • E.coli ပိုးကူးစက်ခံရတာ
    • ဓာတ်မတည့်တာ
    • အစာအိမ် နဲ့ အူလမ်းကြောင်း ပြဿနာတွေ
    • အမျိုးအစား -၂ ဆီးချို
    • ကလေးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာတွေ ဖြစ်ပွားနိုင်ခြေ နည်းစေပါတယ်။

    မိခင်နို့ဆိုတာ 

    မိခင်နို့ဆိုတာက ဘေဘီလေးကို မွေးဖွားပြီချိန်မှာ အမျိုးသမီးတွေမှာ အလိုလျောက် ဖြစ်ပေါ်လာတဲ့ အရာပါ။ ဘေဘီလေးရဲ့ ပထမဆုံးသော လတွေအတွက် အာဟာရဖြည့်တင်းပေးမယ့် အရာပေါ့။ မိခင်နို့က ဘေဘီလေးအတွက် လိုအပ်တဲ့ အခြေခံအကျဆုံး အာဟာရတွေကို ထောက်ပံ့ပေးပါတယ်။ ဘေဘီလေး ကြီးဖွားဖွံ့ဖြိုးလာစေဖို့အတွက် မရှိမဖြစ် လိုအပ်မယ့် အာဟာရတွေကို ထောက်ပံ့ပေးပါတယ်။

    မိခင်နို့ရည်ကို အဆင့် ၃ ဆင့် ခွဲခြားနိုင်ပါတယ်။ ဒါတွေကတော့

  • နို့ဦးရည် [colostrum]၊
  • ကြားကာလနို့ရည် [transitional milk]၊
  • ရင့်သန်ချိန် နို့ရည် [mature milk] တို့ပဲ ဖြစ်ပါတယ်။
  • နို့ဦးရည် [colostrum]

    နို့ဦးရည်ဆိုတာက ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ ပထမဆုံး ထွက်လာတဲ့ နို့ရည်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ထွက်နိုင်ပါတယ်။ အရောင်အားဖြင့် ဝါကျင့်ကျင့်ရှိပြီး နို့ရည်က ခပ်ပျစ်ပျစ်ပါ။ ပရိုတင်း နဲ့ အဆီဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် နဲ့ သတ္တုဓာတ်တွေအပြင် immunoglobulins လို့ခေါ်တဲ့ ဘေဘီလေးကို ကိုယ်ခံအားရစေမယ့် antibodies တွေလည်း ပါဝင်နေပါတယ်။

    နို့ဦးရည်ကနေ ရရှိတဲ့ ကိုယ်ခံအားက ဘေဘီလေးကို ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကြောင့် ဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နို့ဦးရည်က ဘေဘီလေးကို မွေးဖွားပြီး ၂ ရက်ကနေ ၄ ရက်အတွင်း ထွက်ပါတယ်။

    ကြားကာလနို့ရည် [transitional milk]

    ကြားကာလနို့ရည်က ဘေဘီလေးကို မွေးဖွားပြီး ၅ ရက်လောက်မှာ စထွက်ပါတယ်။ နို့ဦးရည်နေရာကို အစားထိုးယူလာတဲ့ သဘောပါ။ ၂ ပတ်လောက်အထိ ထွက်ပါတယ်။ အဆီဓာတ် ကြွယ်ဝသလို ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေပါဝင်ပါတယ်။ နို့ဦးရည်ထက် ကယ်လ်လိုရီ ပါဝင်မှု များပါတယ်။

    ရင့်သန်ချိန် နို့ရည် [mature milk]

    ရင့်သန်ချိန်နို့ဆိုတာက ရှေ့အဆင့် ၂ ခုကို ကျော်ပြီးချိန်မှာ ထွက်လာတဲ့ နို့ရည်ပါ။ ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်နေပြီး ဘေဘီလေးကို ရေဓာတ်ဖြည့်ပေးပါတယ်။ နောက်ထပ် ၁၀ ရာခိုင်နှုန်းကတော့ ဘေဘီလေး အားအင်ပြည့်ဝပြီး ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ထောက်ကူပေးမယ့် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီဓာတ်တွေပါ။
    ရင့်သန်ချိန် နို့ရည် [mature milk] မှာမှ ၂ မျိုး ကွဲပါသေးတယ်။ ဒါကတော့
    • Fore-milk – ဒီနို့ရည် အမျိုးအစားကို ရင့်သန်ချိန် နို့ရည် ထွက်ကာစမှာ တွေ့ရနိုင်ပြီး ရေဓာတ်၊ ဗီတာမင် နဲ့ ပရိုတင်းတို့ ပါဝင်နေပါတယ်။
    • Hind-milk – ဒီနို့ရည် အမျိုးအစားကို Fore-milk ထွက်ပြီးချိန်မှာ တွေ့ရနိုင်ပါတယ်။ ဘေဘီလေးလေးကို ကိုယ်အလေးချိန် တက်စေဖို့ လိုအပ်တဲ့ အဆီဓာတ် ပြည့်ဝစွာ ပါဝင်နေပါတယ်။

    ဘေဘီလေးက မိခင်နို့ သောက်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ ဘယ်လို သိနိုင်မလဲ

    မိခင်နို့ တိုက်ကျွေးခြင်းအကြောင်း သိကောင်းစရာ

    ဘေဘီလေးက မိခင်နို့သောက်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာကို ဒီအချက်လေးတွေ ကြည့်ပြီး သိနိုင်ပါတယ်။

    • ကလေးက မျက်လုံးစဉ်းလာပြီ၊ မျက်နှာကို လက်တွေနဲ့ ပွတ်မယ်။ ပါးစပ်ပြင်မယ်။
    • ရင်ဘတ်နားကို တိုးမယ်။
    • မေမေ့နို့ကို ဟပ်မယ်။
    • အသက်ရှူတာ မြန်လာပြီး ငိုမယ်။
    • ဒီလို အပြုအမူလေးတွေ မပြလည်းဘဲ မေမေက ဘေဘီလေးကို နို့တိုက်ပေးလို့ ရပါတယ်။ ဘေဘီလေးက အရမ်းငယ်သေးချိန်မှာတော့ နို့ အများကြီး သောက်နိုင်ဦးမှာ မဟုတ်သေးပါဘူး။ နည်းနည်းနဲ့ အကြိမ်ရေ များများ သောက်မှာပါ။

    မွေးစ တစ်လအတွင်းမှာတော့ တစ်နေ့ကို ၈ခါကနေ ၁၂ခါလောက် တိုက်ပေးပါ။ အလွယ်ပြောရင် ၂နာရီခြားတစ်ခါပေါ့။ မိခင်နို့က အစာကြေလွယ်တဲ့အတွက် တချို့ကလေးတွေက ခဏခဏ နို့တောင်းတာမျိုးလည်း ရှိတတ်ပါတယ်။ တချို့က ၁နာရီခွဲ တစ်ခါ၊ တချို့ကလည်း ၃နာရီတစ်ခါလောက် နို့တောင်းတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေး ဆာတိုင်း တိုက်ပေးဖို့ မမေ့ပါနဲ့။

    တကယ်လို့ ကလေးက ဘာကြောင့်မှန်း မသိ နို့ကောင်းကောင်း မစို့တော့ရင်၊ နို့တိုက်ရခက်ရင်၊ ၂၄နာရီအတွင်းမှာ ၅ကြိမ်အောက်နည်းရင် အရေးပေါ်လက္ခဏာပါ။ ဆေးရုံသွားဖို့ လိုပါတယ်။

    မိခင်နို့ တိုက်ကျွေးတဲ့အခါ ဘယ်လို တိုက်မလဲ

    မိခင်နို့ တိုက်ကျွေးတဲ့အခါ ပုံစံမှန်မှန်လေး တိုက်ပေးဖို့ လိုပါမယ်။ ဘယ်လို တိုက်ရမလဲဆိုတော့

    • နို့တိုက်တဲ့ အချိန်မှာ ဘေဘီလေးရဲ့ ဦးခေါင်းနဲ့၊ ခန္ဓာကိုယ်နဲ့ က တစ်ဖြောင့်တည်း ဖြစ်နေအောင်ထားရပါမယ်။
    • ဘေဘီလေးရဲ့ ဦးခေါင်းက အမေရဲ့ တံတောင်ခွက်ထဲမှာ ရှိနေပြီး ကလေး တစ်ကိုယ်လုံးကို မိခင်က ပင့်မထားရပါမယ်။ ပွေ့ချီထားပေးပါ။
    • ဘေဘီလေးရဲ့ ပါးစပ်ဟာ မိခင်ရဲ့နို့နဲ့ မျက်နှာချင်းဆိုင် အနေအထား ရှိနေရပါမယ်။
    • နို့စို့တဲ့ အခါမှာ ကလေးလေးရဲ့ ပါးစပ်လေးက ကျယ်ကျယ်ဟနေပြီး မိခင်ရဲ့ နို့သီးခေါင်း အရေပြားမည်းနေတဲ့နေရာ (နို့သီးကွင်း) တစ်ခုလုံးကို ငုံထားတာမျိုး ဖြစ်နေရပါမယ်။ နို့စို့နေတဲ့ အခါမှဘေဘီလေးရဲ့ ပါးလေးတွေက ဖောင်းလိုက်၊ ပိန်လိုက်ဖြစ်နေရပါမယ်။ မျိုချရပါမယ်။
    • ဒီလို ပုံစံမှန်မှန် နို့တိုက်မယ်ဆိုရင်တော့ ဘေဘီလေးလည်း မြန်မြန်နို့ဝမှာ ဖြစ်သလို ကလေးနို့မဝတာ၊ နို့သေချာ မရတာကြောင့် အသားဝါ ဝင်တာ၊ ဝမ်းပျက်တာ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာ၊ မှတ်ဉာဏ် အားနည်းတာလိုမျိုး ထိခိုက်မှုတွေ ကင်းစေမှာဖြစ်ပါတယ်။

    မိခင်နို့တိုက်ကျွေးတာက မေမေတွေကို ကျန်းမာစေသလား

    မိခင်နို့တိုက်ကျွေးတာက မေမေတွေကို အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေပေးနိုင်ပါတယ်။

  •         ရင်သား ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်
  •         သားအိမ်ကင်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  •         လိပ်ခေါင်း ဖြစ်နိုင်ခြေ နည်းစေတယ်
  •         အဆစ်ရောင်တာ မဖြစ်စေဖို့ ကာကွယ်ပေးတယ်
  •         ဟော်မုန်းပြဿနာတွေ ကင်းစေတယ်
  •         အသက်အရွယ်ကြောင့် အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်
  •         ဆီးချို မဖြစ်အောင် ကာကွယ်ပေးတယ်
  •         သွေးပေါင်ထိန်းညှိပေးပြီး သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်
  •         နှလုံးကျန်းမာစေတယ်
  •         နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကင်းစေတယ်
  •         အိပ်ပျော်စေတယ်
  •         ကိုယ်အလေးချိန် ထိန်းပေးတယ်။
  • ဒါတွေအပြင် ဘေဘီလေးကို မိခင်နို့တိုက်ကျွေးတာက သဘာဝ သားဆက်ခြားနည်း တစ်မျိုးပါ။ နေ မိခင်နို့တိုက်ကျွေးတာက သွေးတွင်းအဆီကျစေပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    အသည်းကို ကျန်းမာစေသလို Multiple sclerosis (MS) လိုမျိုး ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေနိုင်တဲ့  autoimmune diseaseတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဘေဘီလေးကို မိခင်နို့တိုက်တဲ့အချိန်မှာ မေမေကလည်း လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင် စားသုံးပေးဖို့ မမေ့ပါနဲ့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement