backup og meta

ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်မလဲ။

    ဘေဘီလေးကို ရောဂါပိုးတွေ အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့အရာက ကာကွယ်ဆေးတွေပါ။ ဒါကြောင့်လည်း ဘေဘီလေးကို မွေးဖွားလာချိန်ကစပြီး အသက်အရွယ်အလိုက် ကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံပေးနေရတာပါ။ ဒီလို ကာကွယ်ဆေး ထိုးတဲ့အခါ တစ်ကြိမ်တည်းနဲ့ လုံလောက်တဲ့ ကာကွယ်မှုကို ပေးစွမ်းနိုင်တာမျိုး ရှိသလို ၂ ကြိမ် ၃ ကြိမ်ထိုးပြီးမှ လုံလောက်တဲ့ ကာကွယ်မှုကို ပေးနိုင်တဲ့ ကာကွယ်ဆေးတွေလည်း ရှိပါတယ်။

    ဒီတစ်ခေါက်တော့ ကာကွယ်ဆေးကို ဆေးပတ်လည်အောင် မထိုးရသေးတဲ့ ဘေဘီလေးတွေကို ကြောက်စရာ ရောဂါဆိုးကြီးတွေကနေ အကောင်းဆုံး ကာကွယ်နိုင်စေဖို့အတွက် ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ဘေဘီလေးကို ကာကွယ်ဆေး ထိုးပေးသင့်တဲ့ အကြောင်းအရင်း

    ကာကွယ်ဆေးတွေ အကြိမ်ရေ ပြည့်အောင်နဲ့ ကာကွယ်ဆေး စုံအောင် ထိုးနှံပေးခြင်းက ဘေဘီလေးကို ကြောက်စရာကောင်းတဲ့ ရောဂါဆိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့အရာဆိုတာကို လူတိုင်း သိထားပြီး ဖြစ်မှာပါ။ ဒီလို ကာကွယ်ဆေး ထိုးတဲ့အခါ ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးနှံရတာမျိုးလည်း ရှိနိုင်ပါတယ်။

    ကာကွယ်ဆေးတွေက ကုသဆေး မရှိသေးတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ဥပမာ – ဂျာမန်ဝက်သက်၊ ပါးချိတ်ရောင်၊ မေးခိုင်၊ ပိုလီယို၊ ဆုံဆို့နာလိုမျိုး ရောဂါတွေက ကာကွယ်ဆေးနဲ့ ထိထိရောက်ရောက် ကာကွယ်မှသာ ဘေဘီလေးတွေကို မလိုအပ်ဘဲ အသက်ဆုံးရှုံးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ အချို့သော ရောဂါတွေက ဘေဘီလေးကို အသက်ဆုံးရှုံးစေတာမျိုး မဖြစ်စေပေမယ့် မသန်စွမ်းတာလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ကာကွယ်ဆေး ထိုးပေးတာက အကောင်းဆုံးသော ကာကွယ်နည်း တစ်ရပ်ပါ။

    ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်မလဲ။

    ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်မလဲ။

    ကိုယ်ခံအား အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ ဘေဘီလေးက ကာကွယ်ဆေးလည်း မစုံသေးဘူးဆိုရင် ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ မိဘတွေက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒီတော့ ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ……

    ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ရောဂါပိုးတွေ ကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင်

    ဘေဘီလေးကို တတ်နိုင်သမျှ အိမ်ထဲမှာပဲ ထားပါ။

    ဘေဘီလေးက ကာကွယ်ဆေး မစုံသေးချိန်မှာ ပြင်ပကို ခေါ်သွားတာမျိုး အခြားသူတွေနဲ့ ထိတွေ့စေတာမျိုး မလုပ်တာက အကောင်းဆုံးပါ။ အထူးသဖြင့် ဖျားနာနေသူတွေနဲ့ပေါ့။

    ဘေဘီလေးက ကိုယ်ခံအား အပြည့်အဝ မဖွံ့ဖြိုးသေးသလို ကာကွယ်ဆေးကလည်း မစုံသေးတာကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့်ပါ။ အသက် ၃ လ  မပြည့်မချင်း မိသားစုဝင်တွေနဲ့ပဲ ထိတွေ့စေပါ။ မိသားစုဝင်တွေကလည်း သေချာ ပိုးသတ်သန့်စင်ပြီးမှ ဘေဘီလေးကို ချီတာမျိုး လုပ်ပေးပါ။

    မေမေက ကာကွယ်ဆေးတွေ စုံအောင် ထိုးပါ။

    မေမေက ကိုယ်ဝန်ဆောင်ချိန်မှာ ကာကွယ်ဆေးတွေ စုံနေအောင် ထိုးထားတာက ဘေဘီလေးကို ရောဂါပိုးတွေကနေ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း တစ်ရပ်ပါ။

    ဥပမာပြောပြရရင် မေမေက ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးထားမယ်ဆိုရင် ဘေဘီလေးကို မွေးဖွားပြီးချိန်ကနေ ၈ပတ်အထိ တုပ်ကွေး အန္တရာယ်ကနေ ကာကွယ်ပေးထားနိုင်မှာပဲ ဖြစ်ပါတယ်။

    မိသားစုဝင်တွေ ကာကွယ်ဆေး ထိုးပါ။

    ဘေဘီလေးက အချို့သော ကာကွယ်ဆေးတွေထိုးဖို့ ငယ်လွန်းသေးတာကြောင့် ဘေဘီလေးကို ကူးစက်နိုင်တဲ့ ရောဂါတွေကနေ ကာကွယ်ဖို့ဆိုရင် အိမ်သားတွေအားလုံး အထူးသဖြင့် ဘေဘီလေးနဲ့ အနီးကပ် ထိတွေ့နေသူတွေက ကာကွယ်ဆေးတွေကို သေချာ စုံလင်အောင် ထိုးထားဖို့ လိုပါမယ်။ ဒါမှ ဘေဘီလေးကို ရောဂါပိုးတွေကြောင့် ထိခိုက်မှု ကင်းစေမှာပါ။

    မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်ပါ။

    မေမေ့နို့ချိုက ဘေဘီလေးကို ကြီးထွားဖွံ့ဖြိုးစေဖို့ အာဟာရဓာတ်တွေ သတ္တုဓာတ်တွေကို ပံ့ပိုးပေးရုံတင်မကပါဘူး။ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ဘေဘီလေးကို ကျန်းမာစေသလို ကိုယ်ခံအား ဖွံ့ဖြိုးစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    မေမေ့ခန္ဓာကိုယ်က ထုတ်လုပ်လိုက်တဲ့ ဖျားနာမှုတွေကို တိုက်ထုတ်ပေးမယ့် antibodies တွေကိုလည်း မိခင်နို့ကနေတဆင့် ဘေဘီလေးရဲက ခန္ဓာကိုယ်ထဲကို ရောက်ရှိစေနိုင်ပါသေးတယ်။

    ဒါကြောင့် ဘေဘီလေးကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်ပါ။

    တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။

    တစ်ကိုယ်ရေ သန့်ရှင်းရေး သေချာ ဂရုစိုက်တာကလည်း ကာကွယ်ဆေးတွေလိုပဲ ရောဂါပိုးတွေ ကူးစက်ပြန့်ပွားမှုကို တားဆီးပေးနိုင်ပါတယ်။

    ဒါကြောင့် အပြင်က ပြန်လာတိုင်း၊ ညစ်ပတ်တဲ့ အရာတွေကို ထိတွေ့ပြီးတိုင်း၊ တစ်ခုခု မစားခင်နဲ့ ဘေဘီလေးကို မထိတွေ့ခင်အချိန်တွေမှာ လက်ကို သေချာလေး သင်္န့စင်ဆေးကြောပါ။ ဘေဘီလေးရဲ့ အသုံးအဆောင်တွေ နေအိမ်ပတ်ဝန်းကျင်တွေကို ပိုးသတ်သန့်စင်တာတွေ လုပ်ပါ။

    နှာချေချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို တစ်သျှူးနဲ့ သေချာအုပ်ပါ။ တစ်သျှူးစကို အမှိုက်ပုံးထဲ သေချာစွန့်ပစ်တာ လက်ဆေးတာတွေ လုပ်ပေးပါ။ အစားအစာတွေ သောက်စရာတွေကို ဝေမျှသောက်တာမျိုး မလုပ်ပါနဲ့။ လက်နဲ့ မျက်နှာကို ခဏခဏ ကိုင်တာမျိုး မလုပ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement