backup og meta

ကလေးကို ဘယ်လို နို့ဖြတ် ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ဘယ်လို နို့ဖြတ် ကြမလဲ။

    ကလေး နို့ဖြတ် တယ်ဆိုတာ မေမေတို့ ကြုံရမယ့် ကိစ္စပါ။ တချို့ကလေးတွေက သူ့အလိုလို နို့မစို့ဘဲ ပြတ်သွားတာမျိုး ရှိပေမယ့် တချို့ကျတော့လည်း ရက်အတော်ကြာအချိန်ယူပြီး ဖြတ်ရပါတယ်။ ကလေးနို့ဖြတ်တဲ့အခါ ကလေးစိတ်ထိခိုက်မှု မရှိအောင် ဖြတ်တတ်ဖို့လည်း လိုပါတယ်။

    ဘယ်အရွယ်မှာ နို့ဖြတ် ကြမလဲ။

    ဘယ်အရွယ်ရယ်လို့ အတိအကျမရှိပေမယ့် မိခင်နို့ကို ၆လအထိ တိုက်ဖို့တော့ လိုပါတယ်။ ကြာကြာတိုက်နိုင်ရင် ကောင်းတယ်ဆိုပေမယ့် ခုခေတ်မေမေတွေက working momတွေ ဖြစ်တာကြောင့် အချိန်တန်ရင် အလုပ်ပြန်ဝင်ရမှာပါ။ မဖြတ်ဘဲနဲ့ နို့ကို ညှစ်ပြီး အိမ်မှာ ထားခဲ့လည်း ရတယ်ဆိုပေမယ့် ဖြတ်မယ်ဆိုရင်လည်း ဖြတ်နိုင်ပါပြီ။

    ၆လကျော်ရင်တော့ ကလေးက မိခင်နို့ တစ်မျိုးတည်းနဲ့ မလုံလောက်တော့ပါဘူး။ ဒါကြောင့် မိခင်နို့ တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ ဖြည့်စွက်စာကို စကျွေးသင့်ပါပြီ။ နောက်ပိုင်းကြီးလာတဲ့အခါ အစားချေးမများစေဖို့ အစားမျိုးစုံကို စတင်မိတ်ဆက်ပေးဖို့ အချိန်ရောက်ပါပြီ။ ဒီအရွယ်ဆိုရင်တော့ ဖြည့်စွက်စာကအရင် မိခင်နို့ကနောက် ဖြစ်သွားပါပြီ။

    နို့ဖြတ် တဲ့အခါမှာ သတိထားရမယ့် အချက်တွေ

    နို့ဖြတ် တာက အမေရော ကလေးရောအတွက် စိန်ခေါ်မှုတစ်ခုပါ။ ဖြည်းဖြည်းချင်း ဖြတ်ဖို့ လိုပါတယ်။ ဒီနေ့တိုက်ပြီး နောက်ရက်မှာ တိခနဲဖြတ်လိုက်ရင်

  • ကလေး စိတ်ထိခိုက်တတ်ပါတယ်။
  • အမေရင်သားမှာ နို့တွေတင်းပြီး နို့အုံရောင်တာ ဖြစ်တတ်ပါတယ်။
  • ဒါကြောင့် သေချာကိုင်တွယ်ဖို့ လိုပါတယ်။

    ကလေးကို နို့ဘယ်လိုဖြတ်ကြမလဲ။

    အရင်ကတော့ ကလေးနို့မစို့အောင် နို့သီးခေါင်းထိပ်မှာ ဆေးခါးကြီးတို့ထားတာတို့၊ နနွင်းလူးတာတို့၊ ဆေးနီတို့တာတို့ လုပ်ကြပါတယ်။ ဒါလည်း အလုပ်ဖြစ်သလောက် ဖြစ်ပါတယ်။ အရေးကြီးတာက ခုနကပြောခဲ့သလို ကလေးစိတ်မထိခိုက်အောင် လုပ်ဖို့ လိုပါတယ်။ ကလေးက နို့မစို့ရတဲ့အခါ ဂျီကျတတ်ပါတယ်။ ထမင်းကလည်း ကောင်းကောင်းမစားတတ်သေးတဲ့အချိန်မှာ နို့ကိုပါ ဖြတ်လိုက်ရင် စိတ်ညစ်ပြီး တစ်နေကုန် ဂျီနေပါလိမ့်မယ်။

    ဒါကြောင့် နို့ဖြတ်မယ်ဆို ဒီနည်းလမ်းတွေ သုံးကြည့်ပါ။

    • ဖြည်းဖြည်းချင်း အချိန်ယူပါ။

    တချို့ဆို လဝက်၊ တစ်လလောက် ကြာတတ်ပါတယ်။ နို့ဖြတ်ရင် ဒီလောက်ကြာနိုင်တယ်လို့ မျှော်လင့်ထားတာက မေမေ့ကို စိတ်ဓာတ်ကျစေမှာ မဟုတ်ပါဘူး။

    • နို့တိုက်တဲ့ အကြိမ်ကို လျှော့ချပါ။

    တစ်နေ့ကို ၈ခါလောက်တိုက်တယ်ဆိုရင် ခုဖြည်းဖြည်းချင်း လျှော့ကြည့်ပါ။ တချို့ကလေးတွေက အိပ်ချိန်တို့၊ နိုးနိုးချင်းတို့ဆို နို့စို့တတ်တဲ့ အကျင့်ရှိပါတယ်။ ဒါတွေကို နောက်ဆုံးမှ လျှော့ပါ။

    • ဖြည့်စွက်စာကို အရင်ကျွေးပါ။

    နို့တိုက်တဲ့ ပုံစံကို ပြောင်းပြီး ထမင်းအရင်ကျွေးပြီးမှ နို့တိုက်ပါ။ ကလေးက ဗိုက်ဝနေတဲ့အခါ နို့သိပ်မစို့နိုင်ပါဘူး။ နောက်ပြီး ဖြည့်စွက်စာကို စားချင်အောင် ပြင်ဆင်ပေးပါ။ အသီးအရွက်လေးတွေ၊ အသားငါးလေးတွေ၊ ဥလေးတွေ အရသာစုံစားရတဲ့အခါ နို့အရသာကို သိပ်မကြိုက်တော့ပါဘူး။

    တစ်နှစ်ကျော်ကလေးဆိုရင်တော့ ကလေးအာဟာရဖြည့် နို့မှုန့်တွေလည်း တိုက်လို့ရပါတယ်။ ဒီနို့မှုန့်တွေကို နို့ဗူး ဒါမှမဟုတ် ခွက်နဲ့ ဖျော်ပြီး နို့စို့တဲ့အချိန်မှာ အစားထိုးတိုက်ပေးနိုင်ပါတယ်။

    • ကလေးကို နားလည်အောင် ပြောပြပါ။

    ကလေးတွေက ဒီအရွယ်ဆို ကောင်းကောင်းနားလည်နေပါပြီ။ သူဘာလို့ နို့စို့လို့ မရတော့ဘူးလည်း ဆိုတာကို သေချာရှင်းပြပါ။ နို့စို့ဖို့ ကြိုးစားတိုင်းမှာ ပြောပြပေးရပါမယ်။

    ကလေးက နို့တောင်းတိုင်း တိုက်ဖို့ မလိုသလို အမြဲလည်း ငြင်းဖို့ မလိုပါဘူး။ နို့တောင်းတိုင်းမှာ နို့ဖြတ်တဲ့အကြောင်းကို သေချာပြောပြပါ။ သူနားလည်သွားရင် မစို့တော့ပါဘူး။ အတင်းဂျီကျရင်တော့ တိုက်လိုက်ပါ။ အရေးကြီးတာက တောင်းမှတိုက်ပါ။ ကိုယ်ကစပြီး မတိုက်ပါနဲ့။

    • အာရုံပြောင်းပါ။

    ခုနကပြောသလိုမျိုး တောင်းမှ တိုက်ဖို့ဆိုရင် ကလေးမတောင်းအောင် အာရုံပြောင်းဖို့ လိုပါတယ်။ သူနဲ့ ကစားပေးပါ။ စကားပြောပေးပါ။ ဖြည့်စွက်စာလေးတွေ နည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။ ကလေးက နို့မစို့ရလို့ စိတ်ညစ်နေနိုင်တာကြောင့် ဒီအတောအတွင်းတော့ အလိုလိုက်ပြီး ပိုပြီး ဂရုစိုက်ပေးပါ။

    • အိပ်ချိန် နိုးချိန်တွေ နို့ဖြတ် ရင် သတိထားပါ။

    နောက်ဆုံးတော့ တခြားအချိန်တွေ နို့မစို့တော့ဘဲ အိပ်ချိန်၊ နိုးချိန်ကျမှ နို့စို့တာပဲ ကျန်ပါတော့တယ်။ ဒါက တခြားအချိန်တွေထက် နို့ဖြတ်ရ ခက်ပါတယ်။ ကလေးတွေက အိပ်ချိန်ဆို အမေနို့စို့ရင်းနဲ့မှ အိပ်ပျော်သလို၊ နိုးလာရင်လည်း နို့ငုံရင်း ပြန်မှေးတတ်ကြလို့ပါ။ ဒီတော့ ရက်အစပိုင်းတွေမှာ ကလေးက ညဆို မအိပ်ဘဲ ဂျီကျနေတတ်ပါတယ်။ ညတိုင်း မတိုက်ဘဲ တစ်ညခြား စဖြတ်ကြည့်ပါ။ မအိပ်ခင်မှာ တခြား activityတစ်ခုခု လုပ်ကြည့်ပါ။ ဥပမာ သီချင်းဖွင့်ပြတာ၊ ပုံပြောပြတာ။

    မနက်ဆိုရင်လည်း နို့မစို့ရလို့ တစ်နေကုန် စိတ်မကြည်ဘဲ ဂျီကျတတ်ပါတယ်။ အခြေအနေကြည့်ပြိး သူဖြစ်ချင်တာတွေ လိုက်လျောပေးလိုက်ပါ။

    နို့ဖြတ် တဲ့အခါ ကလေးတင်မဟုတ် မေမေတို့မှာလည်း နို့တင်းတာ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့် စိတ်အတက်အကျ ဖြစ်နိုင်ပါတယ်။ နို့ဖြတ်တာက အချိန်ယူရတာကြောင့် မေမေရော ကလေးရော စိတ်ရှည်ဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement