Baby-led weaning (BLW) ဆိုတာ ကလေးက ဦးဆောင်ပြီး အစာစားတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဖြည့်စွက်စာ စစားတဲ့အရွယ်မှာ ကလေးတွေကို လူကြီးက ဇွန်းနဲ့ ခွံ့ပေမယ့် BLWမှာတော့ ကလေးက ကိုယ့်ဟာကိုယ် ကိုင်စားတာ ဖြစ်ပါတယ်။ Baby-led weaning ရဲ့ ကောင်းကျိုးဆိုးကျိုး တွေက အများကြီး ရှိတာကြောင့် ဖြည့်စွက်စာ မကျွေးခင်မှာ ဒါကို လေ့လာထားသင့်ပါတယ်။
Baby-led weaning ဆိုတာ
Baby-led weaning ဆိုတာ ကလေးကို ကိုယ့်အားကိုယ်ကိုးပြီး စားစေတဲ့ သဘောပါပဲ။ စားပွဲမှာထိုင် ကိုင်စား၊ ကလေးပီပီ ဖွချင်လည်းဖွ၊ ဆော့ချင်လည်းဆော့ဆိုပြီး လွတ်လပ်ခွင့်ပေးထားတဲ့ သဘောပါ။ ကလေးနဲ့ အစားအစာကို ရင်းနှီးသွားအောင် လုပ်ပေးတဲ့သဘောဆိုလည်း ဟုတ်ပါတယ်။
အစားအစာတစ်ခု ကလေးပါးစပ်ထဲရောက်ဖို့ မိခင်က တိုက်ရိုက်မထည့်ပေးဘဲ ကလေးကို ဘေးကနေ ကူပေးတဲ့ သဘောပါပဲ။ မြင်သာအောင် ပြောရရင် နိုင်ငံခြားဗီဒီယိုတွေထဲမှာ ကလေးတွေ ထိုင်ခုံမှာထိုင်ပြီး ပေပွအောင် စားသောက်နေတာ မြင်ဖူးမှာပါ။ အဲ့တာ Baby-led weaning နဲ့ ကျွေးနေတာ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ စကျွေးမလဲ
BLWကို အများစုက ၆လမှာ စကျွေးကြပေမယ့် တချို့ကလည်း ကလေးရဲ့ ဖွံ့ဖြိုးမှုပေါ် လိုက်ပြီး ၄လလောက်နဲ့ ကျွေးကြတာ ရှိပါတယ်။ တချို့ကျတော့လည်း ၈လလောက်မှ စကျွေးကြတာ ရှိပါတယ်။
အသက်ထက်စာရင် ကလေးရဲ့ ဖွံ့ဖြိုးမှုက ပိုပြီး အရေးကြီးပါတယ်။ BLWနဲ့ ကျွေးမယ်ဆိုရင် ကလေးက
- အမှီမပါဘဲ ထိုင်နိုင်ရပါမယ်
- ဇက်ခိုင်ရပါမယ်
- အစားအစာတွေကို ကောင်းကောင်းမျိုချတတ်ရပါမယ်
- အစားအစာတွေကို လျှာနဲ့ တွန်းထုတ်တာ၊ လျှာကို အသုံးပြုတာ လုပ်တတ်ရပါမယ်။
- ပစ္စည်းတွေကို လက်နဲ့ ကိုင်တတ်ရပါမယ်
- ပစ္စည်းတွေကို လက်နဲ့ကိုင်ပြီး ပါးစပ်ထဲ ထည့်တတ်ရပါမယ်
ဒါတွေ လုပ်တတ်ပြီဆိုမှပဲ Baby-led weaning ကို စသင့်ပါတယ်။
Baby-led weaning မှာ ဘာတွေစကျွေးကြမလဲ
ဖြည့်စွက်စာစကျွေးစမှာတော့ တစ်ကြိမ်ကို အစားအစာ တစ်မျိုးလောက်ပဲ စတင်မိတ်ဆက်ပေးဖို့ အကြံပြုထားကြပါတယ်။ BLW စကျွေးတဲ့အခါ ကလေးကိုင်ရလွယ်၊ စားရမျိုချရလွယ်တာလေးတွေ စပြီး မိတ်ဆက်ပေးတတ်ပါတယ်။ Finger foodsလေးတွေပေါ့။
ဥပမာ သစ်သီးလေးတွေကို လှီးပေးတာ၊ အသီးအရွက်လေးတွေ ပေါင်းပေးတာ၊ အသားချောင်းလေးတွေ၊ အာလူးပြုတ်အချောင်းလေးတွေ ကျွေးနိုင်ပါတယ်။ နောက်ပိုင်းမှာ ကလေးက ပစ္စည်းသေးသေးလေးတွေ ကိုင်နိုင်ရင်တော့ ခေါက်ဆွဲတို့၊ ကြာဆန်တို့လို အမျှင်တွေလည်း ကျွေးလို့ ရပါတယ်။
ထမင်းကြီးစားချိန်မှာရော၊ သွားရေစာစားတဲ့အချိန်မှာရော Baby-led weaning နဲ့ ကျွေးလို့ ရပါတယ်။
Baby-led weaning ရဲ့ ကောင်းကျိုးဆိုးကျိုး
Baby-led weaning က ဒီနှစ်ပိုင်းတွေမှာ ခေတ်စားလာတဲ့ ဖြည့်စွက်စာကျွေးနည်းတစ်ခုပါ။ Baby-led weaning ရဲ့ ကောင်းကျိုးဆိုးကျိုး နဲ့ ပတ်သက်ပြီး မိဘတွေမှာ အမြင်အမျိုးမျိုး ရှိနေပါတယ်။
ကောင်းကျိုးအနေနဲ့ ပြောရမယ်ဆိုရင်
- အချိန်ကုန် ငွေကုန် သက်သာစေပါတယ်။
လူကြီးစားဖို့ ချက်ပြုတ်ဖို့ ဖယ်ထားတဲ့ အသားငါး အသီးအရွက်တွေကို အသုံးပြုပြီး ကလေးအတွက် ပြင်ပေးလို့ ရပါတယ်။ ကလေးက သူ့ဟာသူ စားနေတဲ့အတွက် ကိုယ်က ဘေးကနေ မသီးအောင် ကြည့်ပေးနေရုံပါပဲ။ ဒီတော့ လူကြီးအတွက် အချိန်ကုန်သက်သာပါတယ်။ ငယ်ငယ်တုန်းကလို လက်တစ်ညောင်း ထမင်းလိုက်ခွံ့စရာ မလိုတော့ဘူးပေါ့။
ဒီလို BLWနဲ့ စားလေ့ရှိတဲ့ ကလေးတွေက နောက်ပိုင်းမှာ လူကြီးတွေနဲ့ တစ်ဝိုင်းထဲ သက်သောင့်သက်သာ စားနိုင်တာ၊ အပြင်သွားရင်လည်း အေးအေးဆေးဆေး ခုံမှာ ထိုင်စားနိုင်တာကို တွေ့ရပါတယ်။
- ကလေးတွေအနေနဲ့လည်း အပြန်အလှန် ဆက်သွယ်ရေး ကောင်းစေပါတယ်။
ကလေးကို Baby-led weaning နဲ့ ကျွေးထားတဲ့အချိန်မှာ မေမေကလည်း သူနဲ့ အတူတူ ထမင်းစားလို့ ရပါတယ်။ ထမင်းစားရင်းနဲ့ သူဒီနေ့ စားတဲ့ ဟင်းတွေအကြောင်းပြောပြတာ၊ သူနဲ့ အဖော်လုပ်ပြီး ထမင်းစားပေးတာက ကလေးရဲ့ ပြောဆိုဆက်ဆံရေးကို ကောင်းစေပါတယ်။
အစားအစာလေးတွေနဲ့ ဆော့လိုက်၊ စကားပြောလိုက် လုပ်တာကြောင့် ထမင်းစားချိန်ကို ကြောက်စရာလို့ မတွေးမိတော့ပါဘူး။
- ကလေးကို အစားအစာအမျိုးမျိုးနဲ့ ထိတွေ့မိစေပါတယ်။
ကလေးက သူ့ဟာသူ ကိုင်စားရတဲ့အတွက် မတူညီတဲ့ အထိအတွေ့ အပျော့အမာ၊ အရောင်၊ အရသာတွေကို ခံစားတတ်လာပါတယ်။ သူစိတ်ဝင်စားတဲ့ အစားအစာလေးတွေကို ယူပြီး ပါးစပ်ထဲ ထည့်မြည်းတတ်လာပါတယ်။ ဒါက သူရဲ့ ခံစားမှုအာရုံကို ကောင်းစေသလို နောက်ပိုင်းမှာ အစားကြေးများတာကိုလည်း နည်းစေပါတယ်။
- အစားအစာတွေကို ရွေးချယ်တတ်လာတယ်။
ကလေးက စားရင်း၊ စားရင်းနဲ့ ဘယ်အစားအစာကိုတော့ သူကြိုက်တယ်၊ ဘယ်ဟာကိုတော့ သူမကြိုက်ဘူးဆိုတာကို ခွဲခြားသိလာပါတယ်။ ပိုကောင်းတဲ့အချက်က ဘယ်အချိန်မှာ ဗိုက်ပြည့်ပြီး ဘယ်အချိန်မှာ ဗိုက်ဆာတယ်ဆိုတာကို နားလည်လာတာပဲ ဖြစ်ပါတယ်။
ဗိုက်ဆာရင် မေမေ့ကို ထမင်းတောင်းရမယ်၊ ဗိုက်ပြည့်ရင် စားတာကို ရပ်လိုက်ရမယ်ဆိုတာကို နားလည်ထားတာက နောက်ပိုင်းမှာ အဝမလွန်အောင် သူ့ကိုယ်သူ ထိန်းတတ်စေပါတယ်။
- ကြွက်သားတွေရဲ့ လုပ်နိုင်စွမ်းကို ကောင်းစေပါတယ်။
အစာကို လက်ဖဝါးကြီးနဲ့ ကောက်ယူမယ်၊ လက်ကို ပါးစပ်ထဲထည့်မယ်၊ ဝါးမယ်၊ မျိုချမယ် စတဲ့ အဆင့်တွေ အားလုံးမှာ ကြွက်သားနဲ့ အာရုံကြောစနစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ကလေးကို သူ့ဟာသူ အစာစားစေတာက ဒီကြွက်သားတွေကို လေ့ကျင့်ပြီး ဖြစ်သွားပါတယ်။
နောက်ပိုင်းမှာ fine motor movementလို့ ခေါ်တဲ့ ထမင်းစေ့လေးတွေ လက်ချောင်းလေးတွေနဲ့ ကောက်တာ၊ ရေဗူးအဖုံးဖွင့်တာ စတာတွေမှာပါ သန်မာလာပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ တူတွေ၊ ဇွန်းတွေကို အခက်အခဲမရှိ ကိုင်တွယ်လာနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ ပြောရမယ်ဆိုရင်
- မေမေ သန့်ရှင်းရေး လုပ်ရတဲ့ အလုပ်ပိုပါတယ်။
သိတဲ့အတိုင်းပဲ ကလေးက အစားအစာနဲ့ ဆော့စား စားတာဆိုတော့ စစချင်းမှာ စားတာနည်းနည်း ဆော့တာများများပါ။ ဒီတော့ ထမင်းတစ်ခါကျွေးပြီးရင် ကလေးကိုရော၊ ထမင်းစားခုံကိုရော သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။
- ကလေး နင်နိုင်၊ သီးနိုင် ပါတယ်။
ကလေးက အစာကို ကြေညက်အောင် မဝါးနိုင်၊ မမျိုနိုင်သေးရင် အစာနင်တာ၊ သီးတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးကို သူစားနိုင်တဲ့ အရွယ်ပဲ လှီးဖြတ်ပေးရမှာ ဖြစ်သလို၊ ကလေးထမင်းစားချိန်မှာ ဘေးကနေ စောင့်ကြည့်နေဖို့ လိုပါတယ်။
- အာဟာရချို့တဲ့တာမျိုး ဖြစ်တတ်ပါတယ်။
စစချင်း ကျွေးတဲ့အခါ ကလေးက ကောင်းကောင်းမစားတတ်တာကြောင့် ကလေးက တစ်နေ့တာ လိုအပ်တဲ့ အာဟာရမရတာ၊ BLW စတဲ့ လတွေမှာ ပေါင်ချိန်ကျသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးစားတဲ့ ပမာဏကို သေချာစောင့်ကြည့်နေဖို့ လိုပါတယ်။
ဒါကြောင့် တချို့မေမေတွေက ဖြည့်စွက်စာ စကျွေးစအရွယ်မှာ Baby-led weaning ကိုပဲ အားမကိုးဘဲ Spoon feedingနဲ့ပါ တွဲကျွေးတာ ဖြစ်ပါတယ်။ ဥပမာ တစ်ရက်ကို ၆ကြိမ် ကျွေးတယ်ဆိုရင် Baby-led weaningကို ၂ကြိမ်၊ ၃ကြိမ်လောက် စမ်းပြီး ကျန်တဲ့ အချိန်တွေမှာ ခွံ့ကျွေးကြတာ ဖြစ်ပါတယ်။
အကြံပြုချက်
မေမေတို့အနေနဲ့ Baby-led weaningနဲ့ပဲ ကျွေးကျွေး၊ ခွံ့ပဲကျွေးကျွေး အဆင်ပြေသလို ရွေးချယ်နိုင်ပါတယ်။ BLWကို ကျွေးမှ ကလေးက အစားကြေးမများမှာ၊ ခွံ့ကျွေးမှ ကလေးက ပေါင်တက်မှာရယ်လို့ မဟုတ်ပါဘူး။ ကိုယ့်ကလေးရဲ့ အမူအကျင့်၊ မေမေတို့ရဲ့ အနေအထားပေါ် မူတည်ပြီး နှစ်သက်ရာနည်းလမ်းနဲ့ ကျွေးနိုင်ပါတယ်။ နောက်ဆုံးမှာ ကလေးက အာဟာရပြည့်ပြည့်နဲ့ ကျန်းကျန်းမာမာကြီးလာဖို့က လိုရင်းပါပဲ။
[embed-health-tool-vaccination-tool]