backup og meta

ကလေးကို ဘယ်အချိန်မှာ ဆားစကျွေး မှာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ဘယ်အချိန်မှာ ဆားစကျွေး မှာလဲ။

    အားလုံးသိကြတာက ဆား က ဟင်းတွေကို အရသာရှိအောင် လုပ်ပေးတဲ့ ဟင်းခတ်အမွှေးအကြိုင်ဆိုတာပါပဲ။ ဒါကြောင့် ဟင်းချက်တိုင်းမှာ ဆားက မပါမဖြစ်ပေါ့။ ဒါပေမယ့် ဒီဆားက အသက်တစ်နှစ်အောက် ကလေးတွေမှာတော့ စားဖို့ မသင့်တော်ဘူးဆိုတာ သိပါရဲ့လား။ မေမေတွေက တစ်ခါတစ်လေ သတိမထားမိဘဲ ကလေးစားမယ့် အစားအစာထဲကို ဆားထည့်ကျွေးမိတတ်ပါတယ်။ ဒါဟာ ကလေးအတွက် အန္တရာယ်များပါတယ်။ မေမေအများစုကလည်း ကလေးကို ဘယ်အချိန်မှာ ဆားစကျွေး ရမလဲဆိုတာ သေချာမသိကြပါဘူး။ ဒီနေ့ ဒီအကြောင်းလေးကို အသေးစိတ်ဆွေးနွေးကြည့်ရအောင်။

    ကလေးကို ဘယ်အချိန်မှာ ဆားစကျွေး မှာလဲ။

    ဘယ်အချိန်မှာ စကျွေးမှာလဲ ဆိုတာထက် ဘယ်အရွယ်မှာ မကျွေးရဘူးလဲလို့ ဖြေတာ ပိုရှင်းပါတယ်။ အသက်တစ်နှစ်အောက် ကလေးတွေကို ပြင်ပက ဆားတွေ လုံးဝမကျွေးပါနဲ့လို့ အကြံပေးချင်ပါတယ်။ ဒီလိုပြောရင် ကလေးက ဆားဓာတ်မလိုဘူးလားလို့ မေမေတွေက ပြန်မေးမှာပေါ့။ လိုတာပေါ့။ တစ်နှစ်အောက် ကလေးတွေလည်း ဆားဓာတ်လိုပါတယ်။ သူတို့လေးတွေက တစ်နေ့တာ လိုအပ်ချက်က တစ်နေ့လုံးနေမှ ၁ ဂရမ်တောင် မပြည့်ပါဘူး။ မြင်အောင်ပြောရင် လက်ဖက်စားဇွန်းရဲ့ ၅ပုံ ၁ပုံသာသာပဲ လိုပါတယ်။

    ဒီလိုအပ်ချက်ကလည်း ၆လအောက် အမေနို့စို့တဲ့ ကလေးဆိုရင် အမေနို့ကရတာနဲ့ လုံလောက်ပါတယ်။ Infant formulaတိုက်တဲ့သူတိုလည်း နာမည်အတိုင်း ဖော်မြူလာနဲ့ ထည့်ထားတာ မို့လို့ မလိုတော့ပါဘူး။ တကယ်တော့ ဒီနို့စို့တဲ့ အရွယ်မှာ မေမေတွေကလည်း ဆားမကျွေးပါဘူး။ ပြဿနာက ဖြည့်စွက်စာ စကျွေးတဲ့အချိန်မှာပါ။

    ၆လကျော်လို့ ဖြည့်စွက်စာ စကျွေးရော ထမင်းကို ဆီနဲ့ ဆားနဲ့ နယ်ကျွေးတယ်တို့၊ ဒီနေ့ အိမ်မှာ ချက်တဲ့ ကြက်သားကြော်လေးနဲ့ ကျွေးတယ်ဖြစ်ကုန်ရော။ ကလေးကို ဖြည့်စွက်စာကျွေးမယ်ဆို ကလေးအတွက် သက်သက်ပြင်ပြီး ချက်ကျွေးပါ။ အသက် တစ်နှစ် မပြည့်မချင်း လူကြီးစားတဲ့ထဲက မကျွေးရပါဘူး။ ခုနကပြောသလို လူကြီးဟင်းတွေမှာက ဆားပါတယ်လေ။ ဒီဆားတွေ ကလေးကို မစားစေချင်လို့ပါ။

    ဆားမပါတော့ ဟင်းတွေက ညှီမှာပေါ့လို့ တချို့မေမေတွေက စိုးရိမ်ကြပါတယ်။ လတ်လတ်ဆတ်ဆတ် ကျက်အောင် သေချာ ချက်ရင် မညှီပါဘူး။ နောက်ပြီး ဖြည့်စွက်စာ ကျွေးချိန်မှာ သူတို့လေးတွေရဲ့ ဆားလိုအပ်ချက်ကို သူတို့စားတဲ့ အသီးအနှံတွေ၊ အသား၊ ငါးတွေမှာပါတဲ့ ဆိုဒီယမ်ဓာတ်က ဖြည့်ဆည်းပေးတဲ့အတွက် မေမေတို့အနေနဲ့ ပြင်ပကဆားတွေ ထည့်ထပ်ပေးစရာ မလိုတော့ပါဘူး။

    နောက်တစ်ခုက မေမေတွေ သတိမထားမိဘဲ ကျွေးမိတာလေးတွေပါ။ ဖြည့်စွက်စာထမင်းမှာတော့ ဆားမထည့်ဘူး။ ဒါပေမယ့် ကလေးကို အပြင်က မုန့်တွေ ကျွေးမိမယ်။ ဥပမာ ဘီစကစ်တို့၊ အပြင်မှာ လုပ်ရောင်းတဲ့ အအေးတို့၊ ကလေးနေမကောင်းရင် ကျွေးမိတဲ့ အသင့်စား ခေါက်ဆွဲခြောက်တို့။ ဒါတွေက ဆားပါဝင်မှု များတဲ့အတွက် မကျွေးမိဖို့ သတိထားရမှာပါ။

    ကလေးငယ်ငယ် ဆားစားမိရင် ဘာဖြစ်မလဲ။

    တစ်နှစ်အောက် ကလေးတွေရဲ့ ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါဘူး။ သူ့ရဲ့ အလုပ်ဖြစ်တဲ့ ရေနဲ့ ဓာတ်ဆားတွေကို စွန့်ပစ်တဲ့အလုပ်ကို ကောင်းကောင်း မလုပ်နိုင်သေးတဲ့အတွက် ကိုယ်ထဲမှာ ဆားဓာတ်တွေ သိပ်များလွန်းရင် ကျောက်ကပ်ဝန်ပိပြီး ပျက်စီး တတ်ပါတယ်။

    နောက်တစ်ခုက အရသာ စွဲလမ်းတာပါ။ မေမေတို့ သိပါတယ်။ ၆လအရွယ် ဖြည့်စွက်စာ စားတဲ့ကလေးတွေက အရသာတွေကို မှတ်ထားတတ်တယ်ဆိုတာ။ ဒီအရွယ်မှာ ဆားတွေ ကျွေးမိမယ်ဆိုရင် ကလေးက နောက်ဆို ဆားမပါရင် မစားတော့ဘူး။ ဆားရဲ့ အရသာကို စွဲလမ်းလာပြီး အရသာ လေးလေးပင်ပင် မရှိရင် မစားတော့ပါဘူး။ တဖြည်းဖြည်း အကျင့်ပါလာပြီး ကြီးလာရင် အငန် အစားများပြီး အဝလွန်တာ၊ ငယ်ငယ်လေးနဲ့ သွေးတိုးတာ၊ နှလုံး ရောဂါတွေ ဖြစ်တတ်ပါတယ်။

    ဒီအရသာ မှတ်ထားတဲ့ ကိစ္စက ဘယ်လောက်ဆိုးသလဲဆို တချို့မေမေတွေ ပြောကြတယ်။ ကလေးက ငယ်ငယ်လေး ရှိသေးတာကို အိမ်က ထမင်းဟင်း မစားဘူး။ အပြင်စာပဲ စားနေတယ်ဆိုပြီးတော့လေ။ တကယ်တော့ မေမေတို့ အိမ်မှာ ဖြည့်စွက်စာ ကျွေးရင် ဆားမပါပေမယ့် ခုနကပြောသလို ဘီစကစ်တွေ၊ ကိတ်တွေ ကျွေးတဲ့အခါကျတော့ ကလေးက ဒီအရသာကို မှတ်ထားပြီး အိမ်က ကျွေးတာကို မစားတော့တာပါ။

    ဒါဆို ကလေးကို ဆား မစားမိအောင် ဘယ်လိုထိန်းကြမလဲ။

  • ၆လမတိုင်ခင်ဆိုရင် မိခင်နို့ပဲတိုက်ပါ။ နို့ဘူးတိုက်မယ့်သူတွေကလည်း ကလေးအရွယ်အလိုက် ထုတ်ထားတဲ့ formula milk တွေကိုပဲ တိုက်စေချင်ပါတယ်။
  • ဖြည့်စွက်စာ ကျွေးမယ်ဆိုရင် ကလေးအတွက် သီးသန့်ပြင်ပေးပါ။ အပြင်စာတွေ မကျွေးပါနဲ့။ အပြင်စာတွေ အစား လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဥတွေ၊ ကျက်အောင် ချက်ထားတဲ့ အသား၊ ငါး၊ အသီးအရွက်တွေပဲ ကျွေးပေးပါ။
  • အသက်တစ်နှစ်အောက် ကလေးကို ဆားလုံးဝမကျွေးမိပါစေနဲ့။
  • ဒါဆို တစ်နှစ်ကျော်သွားရင်ရော

    တစ်နှစ်ကျော်သွားရင် ဆားစကျွေးလို့ရပါပြီ။ ဒါပေမယ့် ပမာဏ ကန့်ကတ်ချက်နဲ့ပါ။ တစ်ရက်ကို ဘယ်လောက်ကျွေးရမလဲဆိုတော့

    • ၁နှစ်ကနေ ၃နှစ် – ၂ ဂရမ် (လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ)
    • ၄နှစ်ကနေ ၆နှစ် – ၃ ဂရမ် (လက်ဖက်ရည်ဇွန်း တစ်ဝက်စွန်းစွန်း)
    • ၇နှစ်ကနေ ၁၀နှစ် – ၅ ဂရမ် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)
    • ၁၁နှစ်နဲ့ အထက် – ၆ ဂရမ် (လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ ၅ပုံ ၁ပုံ)

    ဒါကြောင့် အိမ်မှာ ဟင်းချက်ရင်လည်း ဆားကို သတိထားပြီး ထည့်ပါ။ အပြင်မှာ ရယ်ဒီမိတ် မုန့်တွေ၊ ဖျော်ရည်တွေ ဝယ်ရင်လည်း ဆားပမာဏ (ဒါမှ ဆိုဒီယမ် ပမာဏ)ကို ကြည့်ပြီးမှ ကလေးကို ကျွေးပါလို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement