စားမယ်ဝါးမယ် ဘေဘီလေးရေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စားမယ်ဝါးမယ် ဘေဘီလေးရေ

    မွေးကင်းစကလေးလေးတွေက စက်ရုံကနေ အသစ်စက်စက်ထုတ်လိုက်တဲ့ ဖုန်းလေးတွေနဲ့တူပါတယ်နော်။ အက်ပလီကေးရှင်းလေးတွေပါလာပေမယ့် နည်းနည်းလေးတောင်မသုံးရသေးပါဘူး။ ဖုန်းတွေမှာသုံးချင်တဲ့ အက်ပ်ကို install လုပ်ရသလိုဘေဘီလေးတွေမှာလည်း သိစေချင်တတ်စေချင်တာလေးတွေကို မိဘတွေဘက်ကဖြည်ဖြည်းချင်းသင်ပေးရပါမယ်။ ကဲဒီတစ်ခေါက်တော့ဘေဘီလေးတွေကို စားရေးဝါးရေးအက်ပ်ကို ဘယ်လို install ပေးရမလဲပြောပြမယ်နော်။

    ဘေဘီလေး စားတတ်ဝါးတတ်ဖို့

    ကလေးရဲ့ စားဖို့သောက်ဖို့ကြွက်သားတွေက ဘယ်ချိန်မှာ ဖွံ့ဖြိုးတာလဲ

    ဘေဘီလေးအနေနဲ့ စားတတ်ဖို့နဲ့ စကားပြောတတ်ဖို့အတွက် ၆ လကျော်ကနေ ၈ လဝန်းကျင်မှာ စတင်ဖွံ့ဖြိုးပါပြီ။ သူ့ရဲ့ ပထမဆုံး စကားလေးတစ်ခွန်းကို စပြောဖို့အပြင်းအထန်ကြိုးပမ်းနေပါပြီ။ မေမေဖေဖေတွေအနေနဲ့လည်း ကလေးက ဘယ်သူ့ကို စခေါ်မလဲဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားရတဲ့အချိန်ပေါ့။ ဒီလိုအချိန်မှာ လုပ်ပေးရမှာက မျက်နှာက ကြွက်သားတွေကိုအသုံးပြုရတဲ့ ကစားနည်းလေးတွေပေါ့။ ဒါမှ ကလေးရဲ့ မျက်နှာကကြွက်သားတွေက လှုပ်ရှားမှုတွေရပြီး မေးရိုးကြွက်သားတွေလည်း စတင်လှုပ်ရှားလာမှာပါ။ စားရေးဝါးရေးအက်ပ်ရဲ့ အခြေခံအဆင့်လေးတွေစလာပြီလေ။

    ဒါဆိုရင်တော့ ဒီအဆင့်လေးတွေဆီကို ဆက်သွားရပါတော့မယ်နော်။

    ပါးစပ်နဲ့ စမ်းသပ်မှုကို နားလည်ပေးပါ

    ကလေးက အရွယ်လေးရလာလေလေ သဘာဝကပေးတဲ့အသိနဲ့နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်က သင်ကြားပေးမှုတွေကိုပေါင်းစပ်ပြီး စားဖို့သောက်ဖို့ စ စူးစမ်းပါလိမ့်မယ်။ ဘယ်လိုပုံစံနဲ့စူးစမ်းမလဲဆိုတော့ ပစ္စည်းတွေကို ပါးစပ်ထဲထည့်ဖို့ကြိုးစားမယ်၊ လျှာ၊နှုတ်ခမ်း၊သွားဖုံးတွေကို အပြည့်အဝအသုံးချလို့တွေ့ကရာကိုဝါးကြည့်မှာပါ။ သိလို့ ဝါးတာမဟုတ်ဘူးနော်။ စိတ်ထင်ရာကိုစူးစမ်းတာပါ။ ဒီလိုအချိန်မှာ သတိထားရမှာက ကလေးပတ်ဝန်းကျင်မှာ ပါးစပ်ထဲမထည့်သင့်တဲ့အရာတွေမထားမိဖို့ပါ။

    ကလေးကို ဝါးစားရလွယ်မယ့်အစားအစာလေးတွေကနေစပါ

    သွားပေါက်စ ဘေဘီလေးတစ်ယောက်က လူကြီးတစ်ယောက်လိုဝါးနိုင်ဖို့က မဖြစ်နိုင်သေးပါဘူး။ ဒီတော့ ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပျော်ဝင်လွယ်တဲ့ စားစရာလေးတွေကိုကျွေးပေးပါ။ တံထွေးလေးနဲ့ မြှုံ့လို့စားပါလိမ့်မယ်။ မေမေတို့က သူ့မျက်စိရှေ့မှာ ဝါးစားတဲ့ပုံစံမျိုးလေးလုပ်ပြပေးပါ။ ဘေဘီက အတုမြင်အတတ်သင်မှာပါ။ အစားစားပြီးတိုင်း ကလေးကို ရေတိုက်ေပးဖို့မမေ့ပါနဲ့။

    စားစရာတွေကို နည်းနည်းလောက်တော့ ဝါးလို့ရအောင်လုပ်ပေးပါ

    ၄ လခွဲကနေ ၆ လအတွင်းက စားစရာတွေကို ကြိတ်ခြေပြီးကျွေးခဲ့တာဆိုပေမယ့် ၈ လလောက်အရွယ်မှာတော့ ငှက်ပျောသီးမီးဖုတ်လေးကို ဇွန်းနဲ့ခြစ်ကျွေးတာမျိုး၊ မုန်လာဥနီကန်ဇွန်းဥလိုမျိုး အစားစာတွေကို နူးနူးနေအောင်ပြုတ်ပေမယ့် မချေဘဲ ကလေးကို ဝါးစားစေတာမျိုးလေးတွေလုပ်ပေးပါ။ ဝါးစားဖို့လည်း ဟန်လုပ်ပြရင်းသင်ပေးပါနော်။ ကလေးကို သူရဲ့ လျှာ၊သွားဖုံးနဲ့နှုတ်ခမ်းကို ဟန်ချက်ညီညီလှုပ်ရှားတတ်စေဖို့ မေမေတို့က သေချာလေးဂရုစိုက်ပေးပါနော်။

    သစ်သီးတွေကို ဝါးစားခွင့်ပေးလိုက်ပါ

    ဒီလိုကနေမှာ ကလေးက တော်တော်လေးစားတတ်လာပြီဆိုတဲ့အခါကျရင် ပန်းသီးလိုမျိုး သစ်သီးလေးတွေကို ကလေးကို မထူမပါးအရွယ်တော်လေးလှီးပေးပြီး ကိုယ်တိုင်စားသုံးခွင့်ပေးပါ။ ဒီလိုလုပ်တာက ကလေးရဲ့ ပါးစပ်ကြွက်သားတွေကို စားသုံးဖို့အတွက်ရော စကားပြောဖို့အတွက်ပါ အကောင်းဆုံးဖွံ့ဖြိုးစေမှာပါ။

    ဒီအဆင့်တွေအားလုံးပြီးသွားပြီဆိုရင်တော့ ဘေဘီလေးကို အကောင်းဆုံးစားသုံးသူလေးဖြစ်ဖို့ ဇွန်းနဲ့ ပါးစပ်ထဲ တည့်မတ်အောင်ထည့်တတ်ဖို့အတွက် သင်ပေးပါ။ မုန့်လေးတွေကို ရေ ဒါမှမဟုတ် ကလေးတွေအတွက်သင့်တော်တဲ့ အာဟာရဖြည့်နို့လိုမျိုးအရာတွေနဲ့ တို့ပြီးစားတတ်ဖို့လည်း သင်ပေးရပါမယ်။

    သတိထားရမယ့်တစ်ချက်ရှိပါတယ်။ ဒါကတော့ ဘေဘီလေးက အတော်ဆုံးစားသုံးသူဖြစ်ဖို့ အကောင်းဆုံးသော စောင့်ကြည့်ကွပ်ကဲမှုကိုလိုအပ်မှာပါ။ သူတို့လေးတွေစားနေတဲ့အခါ နင်တာ၊ သီးတာမျိုးမဖြစ်စေဖို့၊ အရမ်းပူနေတာမျိုးမဖြစ်စေဖို့ မေမေဖေဖေတို့က အမြဲမပြတ်စောင့်ကြည့်ပေးပါ။ အစားစစားတာက ဘေဘီလေးတို့အတွက် စွန့်စားခန်းတစ်ခုပါ။ ဒီစွန့်စားခန်းကို ကိုယ့်ရဲ့ ဘေဘီလေးအကောင်းဆုံးကျော်ဖြတ်နိုင်စေဖို့ စိတ်ရှည်ရှည်နဲ့ အားပေးလိုက်ပါနော်။ ဒီလိုအဆင့်ဆင့်ကို စိတ်ရှည်လက်ရှည်နဲ့ သင်ပေးလို့ ဘေဘီလေးတို့ကို စားရေးဝါးရေး အက်ပ်လေး Install ပေးလိုက်ပါနော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement