backup og meta

ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် လို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် လို့ရလား

    လူကြီးတွေအတွက်တော့ ခေါင်းအုံးဆိုတာ အိစက်ညက်ညောပြီး ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်အောင် အထောက်အကူပေးနိုင်ပါတယ်။ ဒါပေမဲ့ ငယ်သေးတဲ့ ကလေးတွေအတွက်တော့ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် တာက အိပ်နေရင်း မတော်တဆ ဖိမိပြီး မွန်းသလို ခံစားရတာ၊ အသက်ရှူကျပ်တာ၊ အသက်ရှူမဝတာတွေ ဖြစ်နိုင်ပါတယ်။

    ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် လို့ရလား

    အနည်းဆုံး ကလေးအသက် တစ်နှစ်အရွယ်မှသာ ခေါင်းအုံးနဲ့ သိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ အဲဒီထက်ငယ်တဲ့ ကလေးတွေ၊ အထူးသဖြင့် အသက် တစ်နှစ်အောက် ကလေးတွေဆိုရင်တော့ ခေါင်းအုံးနဲ့ ပေးအိပ်သင့်ပါဘူး။

    အသက် တစ်နှစ်အောက် ကလေးတွေမှာ ရုတ်တရက်သေဆုံးခြင်းလက္ခဏာ (SIDS) ကို ဖြစ်စေတဲ့ တရားခံအကြောင်းရင်းတွေထဲမှာ ကလေးကို ခေါင်းအုံးနဲ့ ပေးအိပ်တဲ့အချက်လည်း ပါဝင်နေပါတယ်။ အသက် တစ်နှစ်နောက်ပိုင်းမှာတော့ သေဆုံးနှုန်း လျော့ကျသွားတယ်ဆိုပေမယ့် အသက် တစ်နှစ်ခွဲကိုတော့ အစောဆုံး ကလေးကို ခေါင်းအုံးနဲ့ ပေးအိပ်သင့်တဲ့ စံအသက်အရွယ်ဖြစ်သာ သတ်မှတ်လို့ ရပါတယ်။

    ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှုပုံစံချင်း မတူညီတဲ့အတွက် တချို့ကလေးတွေမှာ အဲဒီထက် အသက်ပိုကြီးတော့မှ ခေါင်းအုံးနဲ့ အိပ်လို့ရတာမျိုးတွေလည်း ရှိပါတယ်။

    ဒါဆို ကလေးတွေကို ဘယ်လိုသိပ်မလဲ။

    အဓိက အသက် တစ်နှစ်အောက် ကလေးငယ်တွေ အိပ်ဖို့ သီးသန့် ကုတင် သို့မဟုတ် ပုခက်မှာ သိပ်တာ အကောင်းဆုံးပါပဲ။ အောက်မှာ အခင်းထူထူလေးခင်းပြီး ကလေးကို လုံလုံခြုံခြုံဝတ်ထားပေးရင် လုံလောက်ပါပြီ။

    ဒါ့ပြင် ကလေးကို လူကြီးတွေနဲ့ အတူပေးအိပ်တာမျိုး၊ လူကြီးကုတင်မှာ အိပ်ခိုင်းတာမျိုးလည်း မလုပ်သင့်ပါဘူး။ မတော်တဆ ဖိမိတတ်လို့ပါ။ တစ်ခန်းတည်းတော့ အိပ်သင့်ပါတယ်။ နောက်ထပ်သိထားသင့်တဲ့ အချက်တွေကတော့

    • ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် တာ မလုပ်ရပါဘူး
    • ကလေးတွေကို စောင်ခြုံပြီး သိပ်တာမျိုး လုပ်ပေးလို့ မရပါဘူး
    • ကလေးအိပ်တဲ့နေရာနားမှာ လက်နဲ့ဆွဲလို့မှီလောက်တဲ့ ချည်မျှင်၊ ဓာတ်ကြိုး၊ လိုက်ကာ စတာတွေ မရှိနေသင့်ပါဘူး
    • ကလေးအိပ်ကုတင်ကို မိမိကုတင်နားမှာ ထားထားပြီး မကြာခဏဆိုသလို ကလေးရဲ့ အိပ်နေတဲ့အခြေအနေကို စောင့်ကြည့်ပေးပါ
    • အမွေးပွအရုပ်အပြင် ဘယ်လိုအရုပ်မျိုးကိုမဆို ကလေးအိပ်တဲ့နေရာနားမှာ မထားပါနဲ့

    အသက် တစ်နှစ်ပြည့်ပြီးတဲ့အခါ ကလေးအတွက် ခေါင်းအုံးနဲ့ ပေးအိပ် ဖို့ အဆင်သင့်ဖြစ်မဖြစ်ကို ပုံမှန်ပြနေကျ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုအပ်ပါတယ်။ အစောပိုင်းကာလမှာတော့ ဆရာဝန်အနေနဲ့ ခေါင်းအုံးနဲ့ သိပ်ခိုင်းပြီး ကလေးက ဒီပြောင်းလဲမှုကို ဘယ်လိုတုံ့ပြန်လဲပေါ် မူတည်ပြီး ဆက်လုပ်သင့်၊ မလုပ်သင့်ကို အကြံပေးပါလိမ့်မယ်။

    • ကလေးအတွက် ခေါင်းအုံးရွေးတဲ့အခါ ဦးခေါင်းနဲ့ သိပ်ပြီး မကွာတဲ့ ခေါင်းအုံးအသေးကိုသာ ရွေးပါ
    • ခေါင်းအုံးအသားကို ချည်သားနဲ့ လုပ်ထားတာမျိုးကိုသာ ရွေးဝယ်ပါ
    • တစ်ခါတရံ ခေါင်းအုံးအသားနဲ့ ကလေးအရေပြား ဓာတ်မတည့်တာမျိုး ဖြစ်တတ်တဲ့အတွက် သတိတော့ထားပါ
    • ကလေးက ခေါင်းအုံးအောက်ထဲ ဝင်နေတာ ဒါမှမဟုတ် မျက်နှာကို ခေါင်းအုံးနဲ့ ဖိထားတာမျိုး တွေ့ရင် အမြန်ဖယ်ပြီး နေရာတကျဖြစ်အောင် ပြင်ပေးပါ
    • စောင်ကိုလည်း ချည်သားအပါးလေးသာ ဝယ်ပေးပါ၊ များသောအားဖြင့် ရာသီဥတုမအေးရင်၊ အိမ်မှာ ပိုးကောင်တွေ မရှိရင်တော့ စောင်ခြုံပေးစရာမလိုပါဘူး။

    မေမေတို့လည်း ခုပြောတဲ့အချက်တွေကို သေချာမှတ်ထားပြီး ကိုယ့်ရဲ့ အသစ်စက်စက်ရင်သွေးလေးကို သေချာဂရုစိုက်ရင်း ပြုစုပျိုးထောင်ကြရအောင်နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement