backup og meta

သင့်ကလေးဟာ ကိုယ်ပူကြီးလာရင် တက်တတ်သလား

သင့်ကလေးဟာ ကိုယ်ပူကြီးလာရင် တက်တတ်သလား

ကိုယ်ပူကြီးရင် တက်တတ်တဲ့ သင့်ကလေးအတွက် သင်စိတ်ပူမိတာမဆန်းပါဘူး။ ကလေးငယ်တွေမှာ ကိုယ်ပူကြီးလာတဲ့အခါ တက်တဲ့အခြေအနေတစ်ခုရှိပါတယ်။ မိမိကလေးမှာဖြစ်စေ၊ အခြား အိမ်နီးချင်း ကလေးတွေမှာဖြစ်စေ ကိုယ်ပူကြီးပြီး တက်သွားတယ်ဆိုတဲ့ အတွေ့အကြုံမျိုး ရှိတတ်ကြမှာပါ။  ကြားလည်း ကြားဖူးကြလိမ့်လို့ထင်ပါတယ်။

အရင်မူလက အာရုံကြောစနစ်နဲ့ ပတ်သက်ပြီး ဘာပြဿနာ မှလည်း  မရှိဖူးဘဲ ပုံမှန်အတိုင်း ကျန်းကျန်းမာမာနဲ့ကြီးပြင်းနေတဲ့ ကလေးတွေမှာ ဒီလိုပြဿနာနဲ့ ကြုံတွေ့ရတဲ့အခါ မိဘတွေအနေနဲ့ အတော်လေး အံဩပြီး စိတ်ပူပင်ရမှာပါ။ ကိုယ်ပူကြီး ပြီးတက်တဲ့အချိန်ဟာ မိနစ်အနည်းငယ်သာကြာပေမဲ့ မိဘတွေအနေနဲ့တော့ တစ်ကမ္ဘာလောက်ကြာ တယ်လို့ခံစားရမှာပါ။ ကံကောင်း ထောက်မစွာနဲ့ပဲ ထိုအခြေအနေဟာ အန္တရာယ်မကြီးလှပါဘူး။ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခု လည်း မဟုတ်ပါဘူး။

ကိုယ်ပူကြီးပြီး တက်တဲ့လက္ခဏာတွေကို အသေးစိတ်ပြောပြ ချင်ပါတယ်။

ကိုယ်အပူချိန်တက်လာပြီဆိုတာနဲ့ ကလေးဟာ ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီလာပြီး သတိလစ်သွားနိုင်ပါတယ်။ တစ်ခါတရံတော့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုကသာလျှင် တောင့်တင်းမာကြောသွားတဲ့ အခြေအနေလည်း ရှိနိုင်ပါတယ်။ လက္ခဏာတွေကတော့ ကလေးဟာ ကိုယ်ပူကြီးပါမယ်။ အဖျားဟာ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) ၃၈ ဒီဂရီစင်တီဂရိတ်နဲ့အထက်ရှိပါမယ်။ သတိလစ်ခြင်း၊ ခြေလက်တွေ တောင့်တင်းခြင်း (သို့မဟုတ်) တုန်ရီနေခြင်းတွေ ခံစားရမှာပါ။

ကိုယ်ပူကြီးတက်ခြင်းကို သာမာန်အားဖြင့် နှစ်မျိုးခွဲနိုင်ပါတယ်။

Simple febrile seizures (ပုံမှန်ကိုယ်ပူကြီးတက်ခြင်းနဲ့) Complex febrile seizures ဆိုတဲ့ တစ်ဆင့်မြင့် ကိုယ်ပူကြီးတက်ခြင်းဆိုပြီး ခွဲထားပါတယ်။

Simple febrile seizures: ဒီအမျိုးအစားဟာ စက္ကန့်အနည်းငယ်ကနေ အများဆုံး ၁၅ မိနစ်ထိ ကြာနိုင်ပါတယ်။ ပြီးတော့ ၂၄ နာရီအတွင်းမှာလည်း နောက်တစ်ကြိမ် ပြန်မတက်တတ်ပါဘူး။ တက်တဲ့ ပုံစံဟာလည်း တစ်နေရာထဲရှိမနေဘဲ တစ်ကိုယ်လုံးအနှံ့အပြား တက်တတ်ပါတယ်။

Complex febrile seizures: ဒီအမျိုးအစားကတော့ ၁၅ မိနစ်ထက်ပိုပြီး အချိန်ကြာတတ်ပါတယ်။ ၂၄ နာရီတစ်ရက်အတွင်းမှာ တစ်ကြိမ်ထက်မက ပြန်ဖြစ်တတ်သလို ခန္ဓာကိုယ် အကုန်လုံး မဟုတ်ဘဲ တစ်ဖက်တည်းကပဲ တက်တာမျိုးဖြစ်နိုင်ပါတယ်။

ကိုယ်ပူကြီးတက်ခြင်းဟာ ကိုယ်အပူချိန်တက်ပြီး (၂၄) နာရီအတွင်းမှာဖြစ်တတ်သလို ကလေးအရမ်းဖျားနေပြီဆိုတာကို ညွှန်ပြတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

ကိုယ်ပူကြီးရတဲ့အကြောင်းအရင်းတွေကဘာတွေလဲ

ပုံမှန်အားဖြင့်တော့ ကိုယ်အပူချိန်ဟာ သာမာန်ထက်ပိုတက်တဲ့အချိန်မှာ တက်ခြင်းဟာ ဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ ကိုယ်အပူမကြီးဘဲနဲ့ တက်တာမျိုးလည်း ရှိနိုင်ပါတယ်။

ပိုးဝင်ခြင်း။ ။ဗိုင်းရပ်စ်တစ်မျိုးမျိုးကြောင့် ဖျားနာရတဲ့အချိန်မှာ တက်တတ်တဲ့ အခြေအနေမျိုးဖြစ်တာ ပိုများပါတယ်။ ဘတ်တီးရီးယားရောဂါပိုး ကူးစက်ဝင်ရောက်တဲ့အချိန်မှာတော့ ဒီလိုမျိုးဖြစ်တာနည်းပါတယ်။ တုပ်ကွေးဗိုင်းရပ်တွေ ကူးစက်တဲ့အခါ အဖျားကြီးတတ်တာကြောင့် တက်တဲ့အအခြေအနေမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးရာသီမှာ ပိုသတိထားသင့်ပါတယ်။

ကာကွယ်ဆေးထိုးအပြီး။        ။ကာကွယ်ဆေးထိုးနှံပေးခြင်းဟာ မိဘတိုင်းလုပ်ပေးသင့်တဲ့အရာပါ။ အချို့သောကာကွယ်ဆေးတွေ (ဥပမာ မေးခိုင်၊ ဆုံဆို့ကြက်ညှာ၊ ဝက်သက်၊ ဂျိုက်သိုးစတဲ့)ကို ထိုးပြီးချိန်မှာ ဖျားပြီး ကိုယ်အပူချိန်တက်လာတတ်ပါတယ်။ ဒီအခါ ကိုယ်ပူကြီးတက်ခြင်း ဖြစ်တတ်ပါတယ်။ သတိချပ်ရမှာကတော့ ကာကွယ်ဆေးကြောင့် ဖြစ်တာမျိုးမဟုတ်ပါဘူး။ ကိုယ်ပူကြီးခြင်းကြောင့် ဖြစ်ရခြင်းပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးပေးဖို့ကိုတော့ မမေ့သင့်ပါဘူးနော်။

ဘယ်လိုကလေးတွေမှာဖြစ်တတ်သလဲ။

ကလေးငယ်တွေအသက် ၆ လမှ ၅ နှစ်ထိ အသက်အရွယ်အပိုင်းအခြားမှာ အဖြစ်များပါတယ်။ တစ်နှစ် ကနေ တစ်နှစ်ခွဲအတွင်း ဖြစ်ပွားမှုဟာ အများဆုံးလို့ ပြောလို့ရပါတယ်။။

မိသားစုမျိုးရိုး။           ။ မျိုးရိုးထဲမှာ ဒီလိုကိုယ်ပူကြီးတက်တဲ့ အခြေအနေရှိခဲ့ဖူးတဲ့ ကလေးရှိခဲ့ရင် နောက် ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

ကိုယ်ပူကြီးတက်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုး ကြီးကြီးမားမားတော့ မဖြစ်တတ်ပါဘူး။ ဦးနှောက်ပျက်စီးခြင်း၊ သင်ကြားမှုဆိုင်ရာမှာ နှောင့်နှေးခြင်း၊ ပျက်စီးခြင်းတွေ လုံးဝမဖြစ်တတ်ပါဘူး။ ကိုယ်ပူကြီးတက်ခြင်းနဲ့ ဝက်ရူးပြန်ရောဂါဟာလည်း လုံးဝမတူပါဘူးနော်။

နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ ရှိနိုင်ပါတယ်။ ဒါဟာ ခဏခဏထပ်ဖြစ်ခြင်းပါပဲ။ နောက်တစ်ခေါက်ကိုယ်ပူလာချိန်မှာ တက်ခြင်းဟာ ထပ်ဖြစ်နိုင်ပါတယ်။

  • ကိုယ်အပူချိန်အရမ်းမတက်ပါဘဲ တက်ခြင်းဖြစ်တာမျိုး
  • ကိုယ်ပူလာချိန်နဲ့ တက်တဲ့အချိန်ဟာ သိပ်မကွာဟတာမျိုး
  • မွေးချင်းမောင်နှမတွေထဲမှာ ထိုကဲ့သို့သော ရာဇဝင်ရှိတာမျိုး၊ မိသားစုထဲမှာ ဝက်ရူးပြန်ရောဂါ ရှိတာမျိုး
  • ပထမဦးဆုံးတက်ခြင်းဖြစ်ခဲ့တဲ့အချိန်မှာ ကလေးဟာ (၁၈) လအောက်ငယ်ရွယ်နေတာမျိုး

အထက်ပါအခြေအနေတွေမှာ ထပ်မံပြီး ဖြစ်နိုင်ပါတယ်။

ကိုယ်ပူကြီးတက်ခြင်းဖြစ်လာရင် ဘာလုပ်မလဲ။

သက်သောင့်သက်သာအနေအထားမှာပဲ ထားပါ။ အင်္ကျီအကြပ်မျိုးဝတ်ပေးထားမိရင် ကြယ်သီးတွေကို ဖြုတ်ပေးပါ။ ကလေးအနားမှာနေပေးပါ။ အချိန်မှတ်ထားပါ (စချိန်နှင့်ဆုံးချိန်)။ ကလေးပါးစပ်ထဲကို ဘာမှမထည့်ပါနဲ့။

ကိုယ်ပူကြီးတက်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် မိဘတစ်ယောက်အနေနဲ့ အလွန်အမင်း မစိုးရိမ်ပါနဲ့။ ဒါပေမဲ့ အောက်ပါအခြေအနေမျိုးတွေမှာတော့ ချက်ချင်းဆိုသလို နီးစပ်ရာဆေးရုံ/ဆေးခန်း သွားပါ။

  • ပထမဦးဆုံးအကြိမ်ကိုယ်ပူကြီးတက်ခြင်း
  • (၅) မိနစ်ထက်ပိုတက်ခြင်း
  • အခြားသော ရောဂါလက္ခဏာတွေနဲ့ ပေါင်းနေခြင်း (ဥပမာ ဦးနှောက်အမြှေးရောင်ရောဂါကြောင့် တက်ခြင်း)
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲဖြစ်လာခြင်း (အသက်ရှူမဝတာမျိုး၊ ပြာနှမ်းသွားတာ မျိုး)

ဘယ်လိုကြိုတင်ကာကွယ်နိုင်မလဲ

ကိုယ်ပူကြီးတက်ခြင်းဆိုတဲ့အတိုင်း ကိုယ်အပူချိန်အရမ်းတက်တဲ့ အချိန်မှာ ဖြစ်တတ်တာမို့

  • ကလေးဖျားနာလာပါက ကိုယ်ပူအရမ်းမတက်အောင် သတိထားဂရုစိုက်ပေးပါ။
  • ကလေးကိုယ်ပူကြီးခြင်း စရှိလာတာနဲ့ ပါရာစီတမောဆေးရည် တိုက်ပေးခြင်း ပြုလုပ်နိုင်ပါတယ်။
  • ရေပတ်တိုက်ခြင်းကိုလည်း မဖြစ်မနေပြုလုပ်ပေးပါ။ ပေါင်ကြား၊ ချိုင်းကြားတွေကို အလေးထားတိုက်ပေးခြင်းဖြင့် အပူချိန်လျော့ကျ စေနိုင်ပါတယ်။
  • Aspirin လိုမျိုး သွေးကျဲဆေးတွေ လုံးဝ(လုံးဝ)မတိုက်သင့်သလို အတက်ကျဆေးတွေလည်း မိမိသဘောနဲ့ မိမိမတိုက်သင့်ပါဘူး။
  • အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်အပူချိန်လွန်ကဲစွာမတက်လာအောင် ထိန်းပေးပြီး စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားကာ နီးစပ်ရာ ဆရာဝန်ဆီသာ သွားရောက်ပြသ တိုင်ပင်သင့်ပါတယ်နော်။

ကိုယ်အပူကြီးတက်ခြင်းဟာပြင်းထန်ဆိုးရွားတဲ့အခြအနေကိုဦးတည်နိုင်မှုနည်းပါးတာကြောင့် စိတ်တည်ငြိမ်စွာထားပြီး စိုးရိမ်မှုမလွန်ကဲကြဖို့ ထပ်မံသတိပေး ပြောကြားလိုက်ပါရစေ။

ရေးသားသူ-ဒေါက်တာမှူးခင်

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/febrile-seizure/symptoms-causes/syc-20372522

https://www.healthline.com/health/febrile-seizure

ယခုပုံစံ

15/08/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အတက်ရောဂါ (Seizure) ရှိသူကို စောင့်ရှောက်နည်းလမ်းညွှန်

ရုတ်တရက် အတက်လူနာ နဲ့ကြုံခဲ့ရင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement