backup og meta

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။ မဖြစ်နိုင်ပါဘူးလို့ ထင်နေတယ်ဟုတ်။ ဒါဆိုရင် ဆောင်းပါးလေးထဲမှာ သေသေချာချာ သိရှိနိုင်ဖိုပ ဖတ်ကြည့်လိုက်နော်။

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။

အူကျတယ် ဆိုတဲ့ ပြဿနာကို လူတိုင်းကြားဖူးကြမှာပါ။ အသက်ကြီးတဲ့သူတွေနဲ့ အမျိုးသားတွေမှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုလေ။ ဒီလို အူကျတဲ့ ပြဿနာက မွေးကင်းစအရွယ် ငယ်ငယ် သမီးမိန်းကလေးတွေမှာရော ဖြစ်နိုင်တယ်ဆိုရင် အံ့သြသွားမလား။ တကယ်တော့ အရွယ်ရောက်တဲ့သူတွေထက်စာရင် မွေးကင်းစ ကလေးငယ်ငယ်လေးတွေက ပိုပြီး အူကျတာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီတော့ ဒီအူကျတဲ့ပြဿနာဟာ အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်နိုင်တဲ့ အရာတစ်ခုပါ။

အူကျတယ် ဆိုတာ

အူကျတယ် ဆိုတာ ကိုယ်တွင်းက အားအနည်းဆုံး ကြွက်သားနေရာမှာကို တိုးပြီး အပေါ်ပိုင်းက ကလီစာတွေ အောက်ဘက်ကို ဆင်းလာတာလို့ အလွယ်ဆုံးမှတ်လို့ရပါတယ်။ ကလေးတွေမှာ အူကျတာ ၂ မျိုးရှိပါတယ်။

  • Inguinal Hernia – ပေါင်ခြံတစ်ဝိုက် အူကျခြင်း
  • Umbilical Hernia – ချက်တစ်ဝိုက် အူကျခြင်း ဆိုတဲ့၂ ခုပါ။

Inguinal Hernia – ပေါင်ခြံတစ်ဝိုက် အူကျခြင်း။

ပေါင်ခြံတစ်ဝိုက် အူကျတယ် ဆိုတာ ဗိုက်ထဲက အူအစိတ်အပိုင်းတစ်ခု (မိန်းကလေးတွေမှာဆို သားဥပြွန်နဲ့ သားဥအိမ်က အစိတ်အပိုင်းတွေကပါ) ဗိုက်နဲ့ပေါင်ခြံကြားက အပေါက်လေးကိုဖြတ်ပြီး ပေါင်နားကို ရောက်သွားကာ ချောင်းဆိုးတဲ့အခါ၊ ငိုတဲ့အခါ နဲ့ မတ်တပ်ရပ်လိုက်တဲ့အခါ ပေါင်နားမှာ ဖောင်းဖောင်းလာတာကို ပြောတာဖြစ်ပါတယ်။ ဒီနေရာမှာ အပြစ်အရှိဆုံးဆိုရင်တော့ peritoneal membrane လို့ခေါ်တဲ့ ဗိုက်အမြှေးပါးက ခေါက်နေပြီး အိတ်လိုဖြစ်နေတာကိုပြောရမှာပါ။ အိတ်လိုဖြစ်နေတဲ့အပြင် အပေါက်လေးကလည်းဖြစ်နေတော့ အပေါ်က ကလီစာတွေကျလာချင်စရာပဲပေါ့။

  • သားသားလေးတွေမှာဆို အူကျတာက ပေါင်ခြံနေရာတင်မဟုတ် ကပ္ပာယ်အိတ်တွေထဲထိတောင် ရောက်တတ်ပြီး
  • မီးမီးလေးတွေမှာဆိုရင်တော့ ပေါင်ခြံနေရာရော၊ မိန်းမကိုယ်အပြင်နှုတ်ခမ်းသားဝမှာရော အူကျပြီး ဖောင်းနေတာ ရှိနေတတ်ပါတယ်။
  • ညာဘက်မှာဖြစ်တာပိုများပြီး ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ နေ့မစေ့ လမစေ့ဘဲ မွေးတဲ့ကလေးတွေ၊ ဝှေးစေ့တစ်လုံးတည်းပါတဲ့ ကလေးတွေနဲ့ cystic fibrosis ပြဿနာရှိတဲ့ ကလေးတွေ ပိုအဖြစ်များပါတယ်။

Umbilical Hernias – ချက်တစ်ဝိုက် အူကျွံခြင်း ။

တချို့ကလေးတွေရဲ့ ဝမ်းဗိုက်ပတ်လည်က ကြွက်သားတွေ အားနည်းတဲ့အတွက်ကြောင့် အတွင်းက အူတွေ ချက်ပတ်လည်ကို ထွက်လာတဲ့ ပြဿနာကို Umbilical Hernias – ချက်တစ်ဝိုက် အူကျွံခြင်းလို့ ခေါ်ကြပါတယ်။ ကလေးငိုတဲ့အချိန် ၊ ချောင်းဆိုးတဲ့အချိန်တွေမှာ ဖောင်းဖောင်းတတ်လာပြီး ပေါင်မပြည့်ဘဲ မွေးလာတဲ့ မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အရွယ်အစားအနေနဲ့က ၂ စင်တီမီတာကနေ ၅ စင်တီမီတာလောက်အထိရှိနိုင်ပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့ Umbilical Hernias ရဲ့ ထူးခြားချက်ကတော့

  • လူကြီးမှာဖြစ်တဲ့ Umbilical Hernias လို အူပုပ်တာ၊ အူညက်နေတာမျိုးတွေ ဖြစ်ခဲပါတယ်။
  • အရွယ်အစားကြီးရင်တောင် ကလေးအသက် ၂ နှစ်လောက်ဆို သူ့ဘာသာ ပြန်ပျောက်သွားတာများပါတယ်။ ဒါ့ကြောင် တချို့ကလေးတွေမှာ ခွဲစိတ်မှု ချက်ချင်းမလုပ်သေးဘဲ သူ့ဘာသာ ပြန်ပျောက်သွားမလားဆိုတာကို ကလေးအသက်၂ နှစ်လောက်အထိ စောင့်ကြည့်နေတတ်ကြပါတယ်။

ဘယ်လိုအချိန်မှာ အဖြစ်မနေခွဲစိတ်ဖို့လိုမှာလဲ။

ဖြစ်နေတဲ့ အူကျတာက အရမ်းကြီးတယ်။ အသက် ၁ နှစ် ၂ နှစ်လောက်ထိ မပျောက်သွားဘဲ ပိုပိုကြီးလာတယ်။ အသက် ၅ နှစ်လောက်အထိ မပျောက်ဘဲ ဆက်ရှိနေတယ်။ အူပိတ် အူညက်နေတဲ့ လက္ခဏာတွေဖြစ်တဲ့ ဗိုက်ကြီးဖောင်းလာပြီး အထိမခံနိုင်အောင် နာနေတာတွေအပြင် ကလေးက ဖျားမယ်၊ အန်မယ်၊ ဗိုက်အောင့်မယ် စတဲ့ ပြဿနာရှိရင် ဆရာဝန်ဆီချက်ချင်းသွားပြဖို့လိုအပ်ပြီး ခွဲစိတ်ဖို့ လိုမှာ ဖြစ်ပါတယ်။

သမီးမိန်းကလေးတွေမှာဆို အူမဟုတ်လဲ သားဥပြွန်ကျနေတာမျိုးလည်း ရှိနိုင်ပြီး သားဥပြွန်လိမ်သွားတာ၊ သားဥအိမ်ထိခိုက်သွားတာမျိုးတွေ ရှိနိုင်ပြီး သားဥအိမ်ထုတ်လိုက်ရတဲ့အထိ ပြင်းထန်ထိခိုက်သွားနိုင်တာကြောင့် ဒီလို အခြေအနေမျိုးဆို ခွဲစိတ်မှုချက်ချင်းလုပ်ဖို့ လိုအပ်ပါတယ်။

ကုသနည်း

Inguinal hernia ပေါင်ခြံတစ်ဝိုက် အူကျတာ ကို သိပြီဆိုတာနဲ့ နောက်ပိုင်း အူပုတ်တာ၊ အူညက်တာတွေကို ကာကွယ်ဖို့ ခွဲစိတ်မှုလုပ်ဖို့ လိုအပ်ပါတယ်။ ဆေးထိုးဆေးသောက်လုပ်လို့တော့ မရပါဘူး။

  • မေ့ဆေး၊ ထုံဆေးတစ်ခုခုအောက်မှာ ပေါင်ခြံနေရာကို ခွဲစိတ်ပြီး ကျနေတဲ့ အူတွေ၊ ကိုယ်တွင်းကလီစာတွေကို သူ့နေရာသူ ရောက်အောင် ပြန်ထားမယ်၊ ကြွက်သားအားနည်းလို့ ပွင့်သလိုဖြစ်နေတဲ့ အပေါက်ကလေးကိုပိတ်မယ်၊ ပြင်မယ်၊ ပြီးရင် အရေပြားကို ပြန်ပိတ်မယ် စတာပဲ ဖြစ်ပါတယ်။
  • တချို့ကလေးတွေကို ခွဲစိတ်မှု မလုပ်သေးဘဲ စောင့်ကြည့်နေပေမယ့် တချို့ကလေးတွေအတွက်တော့ ချက်ချင်းခွဲစိတ်မှုလုပ်ကြပါတယ်။ ဒါကတော့ ကလေးအခြေအနေ ရောဂါအတိမ်အနက်နဲ့ ဆရာဝန်နဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတဲ့ အရာပါ။

ခွဲစိတ်ပြီးနောက်ပိုင်း ကလေးကို ဘယ်လိုပြုစုရမှာလဲ ။

  • ကလေးကိုပုံမှန်အတိုင်း ရေချိုးပေးလို့ရပါတယ်။ ပထမ ၃ ရက်လောက်ကိုတော့ အနာနဲ့ ရေပေးမထိပါနဲ့ဦး။
  • ပြီးရင်ခွဲစိတ်ထားတဲ့နေရာမှာ ကပ်ထားတဲ့ ပလာစတာဖြစ်ဖြစ် အနာထည့်ဆေးဖြစ်ဖြစ် အားလုံးကို ဘယ်လိုကိုင်တွယ်ရမလဲ အသုံးပြုရမလဲဆိုတာ ဆေးရုံက တာဝန်ရှိသူတွေကို တစ်ခါတည်းမေးခဲ့ပါ။
  • ချုပ်ရိုးက တော်တော်နဲ့မကျက်တာ၊ ပိုးဝင်ပြီး ရဲနေတာနဲ့ အရည်တွေထွက်နေတာမျိုးရှိခဲ့ရင် ဆရာဝန်ဆီချက်ချင်းပြန်သွားပါ။
  • ဆေးရုံက ညွန်ကြားတဲ့အတိုင်း ဆေးတွေ ပုံမှန်တိုက်ပေးပါ။
  • အစားအသောက်အနေနဲ့ကတော့ နို့စို့ကလေးဆို နို့ပဲတိုက်ပါ။ ဖြည့်စွက်စာစားနေတဲ့ကလေးဆိုရင် ဆရာဝန်ဆီက သီးသန့်ညွှန်ကြားထားတာ မရှိရင် ပုံမှန်စားနေကျတွေ အားလုံးစားလို့ရပါတယ်။

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။ ဆိုတာကို အဖြေထွက်လောက်ပြီ ထင်ပါတယ်။

ရေးသားသူ- Dr Thin Yadanar@ Frances

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://kidshealth.org/en/parents/hernia.html

Accessed Date 14.8.2019

https://www.stanfordchildrens.org/en/topic/default?id=inguinal-hernia-in-children-90-P03092

Accessed Date 14.8.2019

http://www.uhs.nhs.uk/OurServices/Childhealth/Neonatalsurgery/Conditionswetreat/Inguinalherniaingirls.aspx

Accessed Date 14.8.2019

ယခုပုံစံ

27/06/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Umbilical Hernia Repair For Children (ကလေး ချက်ကနေအူကျွံခြင်း ပြုပြင်ကုသမှု)

ပေါင်ခြံနေရာတဝိုက် အူကျွံခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ