သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ပူနွေးစွတ်စိုတဲ့အရပ်မှာ ကလေးကို သေးခံမလောင်အောင်ကာကွယ်နိုင်မယ့် နည်းလမ်း ၅ ခု

ပူနွေးစွတ်စိုတဲ့အရပ်မှာ ကလေးကို သေးခံမလောင်အောင်ကာကွယ်နိုင်မယ့် နည်းလမ်း ၅ ခု

သေးခံလောင်တယ်ဆိုတာ ကလေးမှာ သေးခံဒိုင်ပါဝတ်ပေးတဲ့ နေရာတဝိုက် အရေပြားနီရဲနာကျင်လာတဲ့ လက္ခဏာဖြစ်ပါတယ်။ တစ်ခါတလေ သေးခံလောင်တဲ့နေရာမှာ ပူတဲ့ခံစားချက်နဲ့ အနည်းငယ်ရောင်ရမ်းလာနိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အဖြစ်များဆုံးအကြောင်းရင်းတစ်ခုကတော့ စိုစွတ်မှုပဲဖြစ်ပါတယ်။

သင်က ပူနွေးစွတ်စိုတဲ့မြို့မှာ နေထိုင်သူဖြစ်ရင် စုပ်ယူမှုအားအကောင်းဆုံးဒိုင်ပါတွေနဲ့တောင် စိုစွတ်မှုနဲ့ ကင်းနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ လွယ်ကူတဲ့နည်းလမ်း ၅ ခုနဲ့ သင့်ကလေးကိုသေးခံလောင်ခြင်းဝေဒနာကနေကာကွယ်နိုင်ပါတယ် –

(၁) ကလေးရဲ့အောက်ပိုင်းကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ

ကလေးမှာ သေးခံလောင်ခြင်းဖြစ်နေပြီဆိုရင် အရေးကြီးတာက ကလေးရဲ့ဒိုင်ပါကို လဲလှယ်ချိန်အပိုင်းအခြားကို ပိုဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ ကလေးရဲ့ဒိုင်ပါက ညစ်ပေစွန်းထင်းနေတာ သတိထားမိရင် တတ်နိုင်သလောက် အမြန်ဆုံးနောက်တစ်ခုလဲပါ။ ခြောက်သွေ့၊ သန့်ရှင်းအောင်ထားမှ ဒီဧရိယာတစ်ဝိုက်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ လွယ်တဲ့နေရာတစ်ခု ဖြစ်မလာတော့ဘဲ ကလေးရဲ့အရေပြားကို မထိခိုက်စေမှာဖြစ်ပါတယ်။ ညဘက်မှာလည်း ကလေးကို ဒိုင်ပါထလဲပေးဖို့ လိုအပ်နိုင်ပါတယ်။

(၂) ဒိုင်ပါလဲတဲ့အခါတိုင်း ကလေးကို သေချာဆေးကြောသန့်စင်ပေးပါ

မိဘတော်တော်များများက ဝတ်ရလွယ်ကူ၊ ချွတ်ရလွယ်ကူတဲ့ဒိုင်ပါတွေကို ဝယ်တတ်ပါတယ်။ ဒါပေမယ့် အယ်ကိုဟောပါတဲ့ ထုတ်ကုန်တွေက အရေပြားကိုပြဿနာဖြစ်စေနိုင်လို့ ရှောင်ရှားသင့်ပါတယ်။ ရေနွေးနွေး၊ နူးညံ့တဲ့တဘက်လေးနဲ့ ကလေးအောက်ပိုင်းကို ညင်သာစွာသန့်စင်ပါ။ ဆပ်ပြာသုံးချင်တယ်ဆိုရင် အန္တရာယ်များတဲ့ phthalates သို့မဟုတ် parabens မပါဝင်တဲ့ အပျော့စားဆပ်ပြာကိုသုံးပါ။ လူကြီးတွေမှာ ဒီဓာတ်တွေနဲ့ ဘာပြဿနာမှမရှိလည်း ကလေးအရေပြားမှာ နီရဲရောင်ရမ်းမှု ပိုဖြစ်လွယ်တာကြောင့် ရှောင်တာကောင်းပါတယ်။

(၃) ကလေးရဲ့အောက်ပိုင်းကို ခြောက်အောင်သုတ်ပါ။

ကလေးရဲ့အောက်ပိုင်းကို သန့်ရှင်းတဲ့တဘက်စနဲ့ ညင်ညင်သာသာ တို့ပုတ်ပြီး ရေသုတ်ပေးပါ။ ကလေးရဲ့အရေပြားကို ပွတ်မသုတ်ရပါဘူး။ ပြီးတော့မှ အစိုဓာတ်ကိုစုပ်ယူနိုင်ဖို့ ကလေးပေါင်ဒါသုံးပေးပါ။ ကလေးပေါင်ဒါဝယ်တဲ့အခါ နူးညံ့စေပြီး အသားအရေအားလုံးနဲ့ ကိုက်ညီတဲ့ကုန်ပစ္စည်းဖြစ်ကြောင်း အာမခံနိုင်တဲ့ပစ္စည်းကိုရွေးပါ။ label ကိုသေချာဖတ်ပါ။

(၄) လေဝင်လေထွက်ကောင်းပါစေ

တချို့မိဘတွေက ကလေးရဲ့ ဆီးတွေ၊ ဝမ်းတွေ အပြင်ကိုပေမှာစိုးတာကြောင့် ဒိုင်ပါကို တင်းကျပ်အောင်ဝတ်ပေးတတ်ပါတယ်။ ဒါဟာ ကလေးအတွက် အရမ်းကိုဆိုးပါတယ်။ ဒိုင်ပါကျပ်လွန်းပြီး လေဝင်လေထွက်နည်းရင် ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးနေရာဖြစ်လာစေတတ်ပါတယ်။ ကလေးရဲ့ဒိုင်ပါကို လေဝင်လေထွက်ကောင်းအောင် အမြဲခပ်လျော့လျော့ ဝတ်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် တစ်ခါတစ်လေ ကလေးကို အောက်ပိုင်းမဝတ်ပေးဘဲ ခဏထားပေးပါ။ ဥပမာ- စောင်အခင်းသန့်သန့်တစ်ထည်ပေါ်မှာ ကလေးကိုချပြီး ခဏကစားပေးပါ။

(၅) သင့်လက်ကို သေချာဆေးကြောပါ

ဒီစကားကို ခဏခဏပြောကြပေမယ့် လက်ဆေးဖို့ကိုတော်တော်များများက လျစ်လျူရှုမိကြပါတယ်။ ကလေးကို ဒိုင်ပါလဲပေးပြီးတဲ့အခါ သင့်လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောမှ သင်ကိုယ်တိုင်အတွက်ရော၊ ကလေးအတွက်ပါ ဘက်တီးရီးယားနဲ့ မှိုပိုးအန္တရာယ် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကလေးကို ကလေးထိန်းကျောင်းပို့မယ်ဆိုရင်လည်း ကျန်းမာရေးသန့်ရှင်းမှုစံနှုန်းမီပြီး ဒီအချက်တွေကို နားလည်၊ လိုက်နာမယ့်ကလေးစောင့်ရှောက်မယ့်သူတွေရှိတဲ့ ကျောင်းကို ရွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 09/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။