backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်

မွေးကင်းစကလေးငယ်တွေနဲ့ ကလေးတွေမှာလည်း လူကြီးတွေမှာဖြစ်သလို အရေပြားခြောက်တာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးတွေရဲ့ အရေပြားက နူးညံ့ပြီး ထိခိုက်လွယ်သလို ပိုပြီးတော့လည်း ခြောက်သွေ့လွယ်ပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ ပြဿနာတွေကလည်း ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့ အရေပြားကို မခြောက်သွေ့အာင် ထိန်းသိမ်းပေးဖို့က မိဘတွေအနေနဲ့ မေ့မထားသင့်တဲ့ အချက်တစ်ခုပါ။ ဒီတစ်ခါတော့ ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးမယ်နော်။

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်

ကလေးငယ်တွေရဲ့ အရေပြားဟာ အရမ်းပူလွန်း၊ အေးလွန်းတဲ့ ရာသီဥတုအခြေအနေနဲ့ ပြင်ပလေတွေကြောင့် ခြောက်သွေ့နိုင်သလို အခန်းတွင်းအပူချိန်ပြင်းလွန်းရင်လည်း ခြောက်သွေ့တတ်ပါတယ်။ ကလေးက ခြောက်သွေ့လွယ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားရင်တော့ ဖေဖေမေမေတွေအနေနဲ့ ပိုပြီးဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။

အရေပြားမခြောက်သွေ့အောင် ဘာလို့ကာကွယ်သင့်တာလဲ

ကလေးငယ်မှာ အရေပြားခြောက်သွေ့တဲ့အခါ နောက်ဆက်တွဲအရေပြားပြဿနာတွေဖြစ်တဲ့ ယားယံတာ၊ အရေပြားအဖတ်ကွာတာ၊ Eczema (နှင်းခူ) နဲ့Ichthyosis လို့ခေါ်တဲ့ မျိုးရိုးလိုက်တဲ့ အရေပြားပြဿနာကို ခံစားရနိုင်ပါတယ်။ အရေပြားခြောက်သွေ့တဲ့အခါ ယားယံပြီး ကလေးက လက်သည်းနဲ့ ကုတ်ခြစ်မိမယ်ဆိုရင်လည်း အရေပြားမှာ အနာတရဖြစ်တာနဲ့ မပျောက်တော့တဲ့ အမာရွတ်တွေထင်ကျန်တာမျိုးဖြစ်နိုင်ပါတယ်။

အရေပြားခြောက်သွေ့နေတယ်ဆိုတာကို သိနိုင်တဲ့လက္ခဏာများ

  • ထိလိုက်ရင် ခက်ကြမ်းကြမ်းဖြစ်နေတာ
  • အရေပြား အပေါ်ယံလွှာတွေကွာတာ
  • အရေပြားပေါ်မှာ အဖတ်လေးတွေဖြစ်နေတာ
  • အရေပြား ယားယံတာ
  • အရေပြားမှာ အက်ကြောင်းရာလိုမျိုး ဖြစ်နေတာ
  • လက်သည်းနဲ့ ကုတ်တဲ့အခါမျိုးမှာ အဖြူရောင်အစင်းဖြစ်ပြီး ကျန်နေတာ

ဘာတွေက အရေပြားခြောက်သွေ့တာကို ဖြစ်စေနိုင်တာလဲ

အချို့ကလေးငယ်တွေကတော့ မွေးကင်းစကတည်းက အရေပြား ခြောက်သွေ့လာတာပါ။ ကလေးတွေကို အရေပြား ခြောက်သွေ့စေနိုင်တဲ့ အကြောင်းအရာတွေကတော့ –

  • ရာသီဥတုခြောက်သွေ့လွန်းတာ
  • အေးလွန်းတာ
  • အပူချိန်ပြင်းလွန်းတာ
  • ရေအကြာကြီးချိုးပေးတာ
  • အပြင်းစားဆပ်ပြာတွေ သုံးတာ
  • ပြင်ပလေနဲ့ အချိန်ကြာမြင့်စွာထိတွေ့စေတာ
  • ပင်လယ်ရေလိုမျိုး ဆားပါတဲ့ရေနဲ့ ထိတွေ့စေတာ
  • ကလိုရင်းသုံးထားတဲ့ ရေနဲ့ ထိတွေ့စေတာ

အရေပြားမခြောက်သွေ့အောင် ထိန်းသိမ်းပေးရင် ဘာအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး တွေကတော့

(၁) Ichthyosis ကို သက်သာစေနိုင်ခြင်း

အရေပြား အပေါ်ယံအဖတ်လေးတွေ ကွာကျတာပါ။ မျိုးရိုးရှိတဲ့ကလေးတွေမှာ အဖြစ်များပါတယ်။ အရေပြားက ယေားယံခြောက်သွေ့ပြီး အဖတ်လေးတွေ ကွာကျတာမျိုးပါ။ အရေပြားကို မခြောက်သွေ့အောင် ထိန်းသိမ်းပေးမယ်ဆိုရင် ကလေးရဲ့ ichthyosis ရောဂါလက္ခဏာကို သက်သာစေမှာလည်း ဖြစ်ပါတယ်။

(၂) Eczema (နှင်းခူ) သက်သာစေနိုင်ခြင်း

အရေပြား ခြောက်သွေ့တဲ့အခါ Eczema (နှင်းခူ) လိုမျိုး အရေပြားပြဿနာကို ခံစားရနိုင်ပါတယ်။ နှင်းခူဖြစ်တဲ့အခါ ကလေးရဲ့အရေပြားက နီရဲပြီး ယားယံတဲ့အကွက်တွေ ဖြစ်နေတတ်ပြီး မိတ်နဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။

(၃) အရေပြားကွာတာကို ကင်းဝေးစေနိုင်ခြင်း

အရေပြားကို မခြောက်သွေ့အောင် အစိုဓာတ်ထိန်းထားတဲ့အခါ အရေပြားခြောက်သွေ့တာကြောင့်ဖြစ်တဲ့ အပေါ်ယံအရေပြားကွာကျတာမျိုးကို မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာဖြစ်ပါတယ်။ မျက်နှာအပြင် ကလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာဖြစ်တဲ့ အရေပြားကွာကျတာမျိုးကို ကင်းဝေးစေမှာလည်း ဖြစ်ပါတယ်။

(၄) အရေပြားယားယံမှုကို မဖြစ်စေနိုင်ခြင်း

ကလေးတော်တော်များများက အရေပြား ခြောက်သွေ့တဲ့အခါ ယားယံတာမျိုး ခံစားကြရပါတယ်။ အရေပြားခြောက်သွေ့မှုက ယားယံမှုကို ပိုဖြစ်စေနိုင်ပါတယ်။ အရေပြားယားယံတဲ့အခါ ကလေးက ကုတ်ဖဲ့မိရာကနေ အနာတွေဖြစ်တာနဲ့ အရေပြားပေါ်မှာ အမာရွတ်တွေ ထင်ကျန်ခဲ့တာလိုမျိုး နောက်ဆက်တွဲအရေပြားပြဿနာတွေ ခံစားရနိုင်ပါတယ်။ အရေပြားကို မခြောက်သွေ့အောင် ဂရုစိုက်ပေးခြင်းက ဒီပြဿနာတွေကနေ ကင်းဝေစေနိုင်မှာပါ။

(၅) အရေပြားအနာဖြစ်ခြင်း ကင်းစေနိုင်ခြင်း

အရေပြားမှာ အနာတွေဖြစ်ရတဲ့ အကြောင်းအရင်းက အရေပြားခြောက်သွေ့ကြမ်းတမ်းတာကြောင့်ပါ။ အရေပြား ခြောက်သွေ့ကြမ်းတမ်းတာရဲ့ နောက်မှာ အရေပြား ကွဲအက်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ ပိုးဝင်ကူးစက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြားမှာ လိုအပ်တဲ့ရေဓာတ်နဲ့ အဆီပြည့်ဝနေမယ်ဆိုရင်တော့ ဒီလိုမျိုးအရေပြားပြဿနာတွေကို ခေါက်ထားနိုင်မှာ အသေအချာပါပဲ။

(၆) အသားအရေ ချောမွေ့စေနိုင်ခြင်း

အရေပြားကို ငယ်စဉ်ကတည်းက သေချာထိန်းသိမ်းပေးမှာ အရွယ်ရောက်လာတဲ့အခါ ကလေးရဲ့ အသားအရေက ချောမွေ့နေမှာပါ။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးရဲ့ အရေပြားကို ခြောက်သွေ့မှုကင်းပြီး နူးညံ့စိုပြေနေစေဖို့ သေသေချာချာထိန်းသိမ်းထားဖို့ လိုပါမယ်။ ဒါကြောင့် ကလေးကို ချောမွေ့တဲ့ အသားအရေပိုင်ရှင်ဖြစ်စေဖို့ ငယ်စဉ်ကတည်းက ခြောက်သွေ့မှုကင်းအောင် စောင့်ရှောက်ပေးဖို့လိုပါတယ်။

အသားအရေခြောက်သွေ့တဲ့ ကလေးငယ်ကို ဘယ်လိုစောင့်ရှောက်မှု ပေးမလဲ

  • ရေချိုးရင် ဆပ်ပြာမသုံးပေးပါနဲ့
  • အပျော့စားဆပ်ပြာမျိုးကိုပဲ ရွေးသုံးပေးပါ
  • ရနံ့တွေပါတဲ့ ပေါင်ဒါတွေ မသုံးပေးပါနဲ့
  • ကလေးအဝတ်တွေကို အပြင်းစားဆပ်ပြာမှုန့်တွေသုံးပြီး မလျှော်ပါနဲ့
  • ရေအကြာကြီးချိုးပေးတာကို ရှောင်ပါ
  • ရေချိုးပြီးတိုင်း moisturiser သုံးပေးပါ
  • ကလေးကို ရေဓာတ်လုံလောက်အောင် ထားပါ
  • မိခင်နို့ လုံလောက်အောင် တိုက်ကျွေးပါ
  • နေပူရှိန်ပြင်းပြင်းနဲ့ ပေးမထိပါနဲ့
  • ခြောက်သွေ့တဲ့ ပြင်ပလေထုကနေ ကာကွယ်ပေးပါ
  • ကလေးအခန်းထဲမှာ စိုထိုင်းမှုထိန်းစက် ဖွင့်ပေးထားပါ

အခုပြောပြခဲ့တဲ့အချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်ပြီး ဖေဖေမေမေတို့လည်း ကိုယ့်ရင်သွေးတွေကို အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကနေ ကင်းဝေးအောင် စောင့်ရှောက်နိုင်ကြပါစေကြောင်း။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement