backup og meta

ဘေဘီ တို့ကို အဝတ်အစားဝတ်ပေးတဲ့အခါ မမေ့သင့်တဲ့ (၆) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီ တို့ကို အဝတ်အစားဝတ်ပေးတဲ့အခါ မမေ့သင့်တဲ့ (၆) ချက်

    ကိုယ့်မှာ ဘေဘီ လေး ရှိနေပြီလား။ အမိဝမ်းက ကျွတ်ခါစ နုနယ်လွန်းတဲ့လူသေးသေးလေးအတွက် ဝေယျာဝစ္စပေါင်းသောင်းခြောက်ထောင်ထဲမှာ အသေးအဖွဲကအစ အရေးကြီးပါတယ်။ အထူးသဖြင့် သူတို့လေးတွေရဲ့ကျန်းမာရေးအတွက်ပေါ့။ အသစ်စက်စက် ဖေဖေမေမေတို့ဆိုရင် ကလေးရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်လား၊ အစာအာဟာရအတွက်လား အရာရာကို အတွေ့အကြုံရှိသူတွေဆီမေးမြန်းရ၊လေ့လာရနဲ့။

    အတွေ့အကြုံသစ်တစ်ခုဖြစ်တာကြောင့် အဘိုးအဘွားတွေအကူအညီကို အားကိုးရပါတယ်။ ဒါပေမယ့် အမြဲတော့ဘယ်ဖြစ်နိုင်ပါ့မလဲ။ အမြဲအနီးကပ်ထိန်းကျောင်းမွေးမြူရမှာက ဖေဖေမေမေရဲ့တာဝန်ပဲလေ။ ကလေးလေးတစ်ယောက်၊ ကိုယ်နှစ်ယောက် တကယ်တမ်းတွေ့ကြပြီဆိုတော့ မွေးကင်းစကလေးသေးသေးလေးကို ချီတောင်မချီတတ်၊ မချီရဲတဲ့ သူတွေဆိုပြဿနာတက်ကြပါလေရော။

    ကလေးကို အကိုင်အတွယ်ညင်သာဖို့ အရေးကြီးတယ်ဆိုပေမယ့် ချီတာ၊မတာ၊ နေရာရွှေ့တာ၊ဘာပဲလုပ်လုပ် မိမိရရလက်မြဲဖို့လိုပါတယ်။ ဒါမှ လွတ်မကျမှာလေ။ အရိပ်တကြည့်ကြည့်နဲ့ လုပ်ပေးနေရတဲ့ ကလေးဝေယျာဝစ္စတွေထဲမှာ မကြာခဏလုပ်ပေးဖို့လိုတဲ့ အဝတ်လဲတဲ့ကိစ္စက အရေးကြီးပါတယ်။ နို့စို့လိုက်၊ ရှူးပေါက်လိုက်၊အင်အင်းပါလိုက် ပဲလုပ်နေတဲ့ အရွယ်မဟုတ်လား။

    အခု ကလေးကို အဝတ်ဝတ်ပေး၊ ချွတ်ပေးတဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေ မေမေတို့ကို ပြောပြချင်လို့ပါ။

    (၁) ကလေးကို ဂရုတစိုက်၊ညင်သာစွာ ကိုင်တွယ်ပါ။

    အဝတ်လဲ၊ အနှီးလဲပေးနေတဲ့အချိန်မှာ အလောတကြီးမလုပ်ပါနဲ့။ဖြည်းဖြည်းမှန်မှန်လုက်ရင်း ကလေးကိုမြှူရင်း အလေ့အကျင့်ရသွားတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်။ စိတ်လောနေခြင်းက ကလေးကို အကိုင်အတွယ် ကြမ်းသွားစေနိုင်လို့ သတိထားသင့်ပါတယ်။

    (၂) အဝတ်လဲတဲ့အခါ တစ်ဆင့်ချင်းလုပ်ပါ။

    အင်္ကျီလက်ပေါက်ကနေ ကလေးရဲ့လက်ကို အသာလေးဆွဲပြီးဝတ်ပေးရတာပါ။ လူကြီးတွေဝတ်သလို လက်ထိုးပြီးစွပ်ခိုင်းလို့မရပါဘူးနော်။ အင်္ကျီလက်တစ်ဖက်ကိုဝတ်ပေးပြီးရင် ကလေးရဲ့ခေါင်းနဲ့လည်ပင်းကို အသာလေးမထားပြီးမှ အင်္ကျီကိုကျောအောက်ကလျှိုပြီးနောက်တစ်ဖက်ဝတ်ပါ။ ဘောင်းဘီဝတ်တဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ တစ်ဖက်ချင်း တစ်ဆင့်ချင်းဝတ်ပေးပါ။ခြေထောက်နှစ်ဖက်ကို စွပ်ပေးပြီးမှခြေနှစ်ချောင်းကို အသာလေးမပြီး အပေါ်ကိုဆွဲဝတ်ပေးပါ။

    ကလေးဘောင်းဘီကိုပြန်ချွတ်တဲ့အခါလည်း ဝတ်ခဲ့တဲ့အဆင့်အတိုင်း ပြောင်းပြန်လုပ်ပေးလို့ရပါတယ်။ အင်္ကျီကိုတော့ လက်နှစ်ဖက်အရင်ချွတ်ပြီးမှ ချွတ်ပါ။

    (၃) ချွတ်တဲ့အခါ သတိထားပါ။

    အဝတ်အစားပြန်ချွတ်တဲ့အခါ ကလေးရဲ့ လက်နဲ့ခြေထောက်လေးတွေကို လိမ်ချိုးသလို မဖြစ်စေဖို့၊ အတင်းမဆွဲမိစေဖို့ သတိထားပါ။ ခြေအိတ်လက်အိတ်လေးတွေချွတ်တဲ့အခါ ဒီအတိုင်း ဆွဲချွတ်လိုက်တာထက် လက်နှစ်ဖက်နဲ့ ကိုင်ပြီးဖြည်းဖြည်းချင်း လှန်ချွတ်ပါ။

    (၄) ကလေးကို ဟန်ချက်ထိန်းထားပေးပါ။

    ခေါင်းစွပ်အင်္ကျီဖြစ်နေတယ်ဆိုရင် ကလေးကိုထောင်လျက်လေး ပိုက်ချီထားပြီး ဟန်ချက်မပျက်အောင် ထိန်းပေးထားပါ။ ကလေးရဲ့ဦးခေါင်းနဲ့လည်ပင်းကို ထိန်းထားပေးပြီးမှ အင်္ကျီလည်ပင်းကိုအရင်ဝတ်ပေးပြီးမှ လက်ကလေးတွေကို စွပ်ပါ။

    (၅) တော်တဲ့အဝတ်ပဲ ဝတ်ပေးပါ။

    ကလေးနဲ့ ကွက်တိ အဝတ်အစားဆိုပေမယ့် သိပ်ကျပ်နေတာ၊ တိုနေတာတွေမဝတ်ပေးပါနဲ့။ နည်းနည်းတော့ချောင်ချောင်ချိချိ သက်တောင့်သက်သာဖြစ်စေရပါမယ်။ ဝတ်ရချွတ်ရခက်တာတွေ မဆင်ဘဲ ချည်သား ရှေ့ကွဲအင်္ကျီနဲ့ဆို ပိုအဆင်ပြေပါလိမ့်မယ်။ ကြယ်သီးတွေနဲ့ဆို နာကျင်နိုင်တဲ့အတွက် ကြိုးလေးနဲ့ ချည်ရတဲ့ အင်္ကျီမျိုးက ပိုကောင်းပါတယ်။ ဘောင်းဘီက ကျပ်နေရင်လည်း လေဝင်လေထွက်မရှိတော့ ဆီး၊ဝမ်းကြောင့် အရေပြားလောင်တာပေါင်မှာပွန်းတာဖြစ်လာနိုင်ပါတယ်။ သေးခံ diaper ဝတ်ပေးထားတဲ့ကလေးဆိုရင် အပေါ်ကဘောင်းဘီထပ်ဝတ်တဲ့အခါ လှောင်ပိတ်မနေစေဖို့ ပိုသတိထားရပါလိမ့်မယ်။

    (၆) လိုအပ်ရင် ထပ်ဝတ်ပေးပါ။

    ကလေးကိုနွေးနွေးထွေးထွေးဝတ်ပေးချင်ရင် အထူကြီးဝတ်ပေးတာထက် တော်ရုံအင်္ကျီနှစ်ထပ်ဝတ်ပေးပြီး ပူလာမှ တစ်ထပ်ချင်းချွတ်လို့ရပါတယ်။ ကလေးကိုလည်း သက်သောင့်သက်သာရှိစေပါတယ်။

    ကလေးပြုစုစောင့်ရှောက်ရေးအတွက် လုံးပန်းနေရတဲ့ မေမေတို့အတွက် ဒီအချက်လေးတွေက အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement