backup og meta

ဖိုးဖိုးဖွားဖွားတွေနဲ့ မိသားစုဆုံတဲ့အခါ ပျော်စရာလေးတွေ ဘယ်လိုဖန်တီးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖိုးဖိုးဖွားဖွားတွေနဲ့ မိသားစုဆုံတဲ့အခါ ပျော်စရာလေးတွေ ဘယ်လိုဖန်တီးမလဲ

    သားသမီးတွေ ပိုင်ဆိုင်လာတာနဲ့ ကိုယ်တွေမှာမိသားစုရှိလာပြီလို့တွေးကြပါတယ်။ ဒါပေမယ့် မိသားစုဆိုတဲ့စကားလုံးက ဒီထက်ပိုပြီးကျယ်ပြန့်ပါတယ်နော်။ ကိုယ်တွေဟာလည်း ကိုယ့်မိဘတွေရဲ့မိသားစုဝင်တွေဖြစ်နေတာမို့ နှစ်ဖက်ဖိုးဖိုးဖွားဖွားတွေနဲ့ အတူစုပေါင်းလိုက်မှ မိသားစုအဓိပ္ပါယ်ပြည့်စုံနိုင်မှာပါ။ အဖိုးအဖွားတွေကလည်း မြေးတွေနဲ့ အတူပျော်ပျော်ရွှင်ရွှင်တွေ့ဆုံချင်မှာလည်းသေချာပါတယ်။

    ဒါဆို အတူနေမဟုတ်တဲ့ မိသားစုတွေမှာ ကလေးတွေကို အဖိုးအဖွားနဲ့ဘယ်လိုတွေ့ဆုံပေးမလဲ။ အခါကြီးရက်ကြီးတွေမှာ လက်ဆောင်တွေနဲ့ သွားကန်တော့ကြတဲ့အခါမျိုးပဲ သွားလည်မိတာမျိုးလား။ တကယ်တော့ မိသားစုတွေ့ဆုံပွဲကပေါ့ပေါ့ပါးပါးနဲ့ အမျိုးမျိုးစီစဉ်လို့ရပါတယ်။ အားလပ်ရက်မှာ ကလေးတွေကို ကစားကွင်းပို့ရင်း အဖိုးအဖွားအိမ်ကို ဝင်လည်လို့ရတယ်၊ လမ်းကြုံဝင်လို့လည်းရတယ်၊ ဘယ်လိုသွားသွား ရတယ်ဆိုပေမယ့် တစ်ခါတလေတွေ့ရတဲ့မြေးလေးတွေရဲ့မျက်နှာကို အချိန်ခဏလေးတွေ့ရတာ ဘယ်ပျော်နိုင်ပါ့မလဲ။ ဒါ့ကြောင့် ဆုံကြမယ့်ရက်ကိုသေချာစီစဉ်ပြီး အချိန်များများပေးလိုက်မယ်ဆိုရင်ပျော်စရာအချိန်တွေ ပိုင်ဆိုင်ရမှာပါပဲ။

    ဘယ်နေ့ဆုံကြမလဲ

    အလုပ်တွေအားမယ့်ရက်၊ အဖိုးအဖွားတွေအဆင်ပြေမယ့်ရက်ကို တိုင်ပင်ရွေးရမယ်လေ။ ဘာမှမစီစဉ်ဘဲ ချက်ချင်းကြီးထလုပ်ရင် ကိုယ်တွေကဘာမှမဖြစ်ပေမယ့် လူကြီးတွေအတွက်ကတော့ ဝရုန်းသုန်းကားဖြစ်သွားနိုင်ပါတယ်။

    ဘယ်နေရာကို ရွေးမလဲ

    ဒါဆို ဘယ်မှာဆုံကြမလဲ။ ဖိုးဖိုးဖွားဖွားတို့အိမ်မှာလား၊ ဘုရားသွားကြမလား၊ တစ်နေရာရာကို ပျော်ပွဲစားထွက်ကြမလား၊ ခရီးသွားကြမလား အရင်စဉ်းစားနော်။ခေါင်းစဉ်တစ်ခုရွေးချယ်ပြီးရင်တော့ ကျန်တဲ့လိုအပ်တာတွေစီစဉ်လို့ရပြီပေါ့။ အိမ်မှာပဲဆုံကြမယ်ဆိုရင် သန့်ရှင်းရေးလုပ်ရမယ်၊ စားဖို့သောက်ဖို့စီစဉ်ရမယ်၊ ခရီးသွားမယ်ဆို ကားစီစဉ်ရမယ်၊အထုပ်အပိုးစီစဉ်ရမယ်၊ တည်းဖို့နေရာကြိုမှာရမယ်။ ဘာပဲဖြစ်ဖြစ် အဓိကက မိသားစုပျော်ရွှင်ရဖို့ဆိုတာ ဦးစားပေးတွေးပါ။

    အစားအသောက်ကြိုစီစဉ်ပါ

    အိမ်မှာတွေ့ကြမှာပဲဖြစ်ဖြစ်၊ပျော်ပွဲစားထွက်မှာပဲဖြစ်ဖြစ် ကိုယ့်ကလေးတွေအတွက်ရော၊ မိဘတွေအတွက်ပါ အဆင်ပြေစေမယ့် အစားအသောက်တွေကြိုစီစဉ်ရမှာပါ။ အထူးစီစဉ်တဲ့ စားစရာတွေကပျော်စရာအမှတ်တရတွေထဲမှာ ပါဝင်တတ်ပါတယ်။

    ကလေးအတွက် လိုအပ်တာတွေပြင်ဆင်ပါ

    အိမ်မှာမဟုတ်ဘဲ အဖိုးအဖွားအိမ်ကိုသွားမှာ ဒါမှမဟုတ် အပြင်တစ်နေရာမှာဆုံကြမှာဆို ကလေးတွေအတွက် အသုံးအဆောင်တွေ( diaper ၊ တစ်ရှူး စတာတွေ)၊ အဝတ်အစားအပိုတွေ၊ စားစရာတွေ( ကလေးအတွက်ကျွေးနေကျထမင်းနဲ့ဟင်း သို့မဟုတ် အာဟာရနို့မှုန့်၊ သရေစာမုန့်)တွေနဲ့ သူတို့နှစ်သက်တဲ့ ကစားစရာတွေအပါယူသွားဖို့လိုပါတယ်။ အိမ်မှာက ဆည်းလည်းလေးတွေဆိုတာ ဘုရင်ပဲလေ။

    အတူလုပ်လို့ရတဲ့ အရာတွေ ဖန်တီးပေးပါ

    ကလေးတွေနဲ့ အဖိုးအဖွားတို့ကြားမှာ ရင်းနှီးမှုပိုရစေမယ့် အပျော်ကစားနည်းေလးတွေစီစဉ်ပေးပါ။ ဒါမှမဟုတ် ပုံပြောပြတာ၊ ရုပ်ရှင်အတူကြည့်တာ၊ ရှုခင်းအတူကြည့်ရင်း ကလေးတွေမေးသမျှရှင်းပြတာမျိုးလေးတွေ လုပ်ခိုင်းပါ။ ထမင်းဝိုင်းလက်ဆုံစားတာကလည်း မိသားစုပေါင်းစည်းတဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

    အမှတ်တရပုံတွေ ဖန်တီးမယ်

    မိသားစုဓါတ်ပုံဆိုတာ ဆိုင်မှာ သွားရိုက်မှမဟုတ်ပါဘူး။ အမှတ်တမဲ့ရိုက်ထားတဲ့ လျှပ်တပြက်ပုံလေးတွေကလည်း ချစ်စရာကောင်းတဲ့အမှတ်တရတွေအဖြစ် ကျန်ရစ်နိုင်ပါတယ်။ အတူတူဓါတ်ပုံရိုက်ကြမယ်၊ အဖိုးအဖွားနဲ့မြေးတွေရဲ့အပြုံးလေးတွေကို သိမ်းထားကြမယ်၊ ဗီဒီယိုမှတ်တမ်းတောင် တင်ထားလို့ရသေးတယ်။

    ကဲ ဒီလောက်ပြည့်စုံပြီဆို ဘယ်လောက်ပျော်စရာကောင်းတဲ့ မိသားစုတွေ့ဆုံပွဲလဲ။

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement